Tuesday 31 May 2016

ကြက်စာဥကြော်


တစ်ခါတစ်လေ နေ့လည်နေ့ခင်းမှာ အစာပြေ ဘာစားရရင် ကောင်းမလဲ စဉ်းစားရင်းက စားလို့ကောင်းတဲ့ ကြက်စာဥကြော်လေး ကြော်ဖြစ်လို့မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ ကြော်နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကြက်ပေါင်သား - 250 g
  2. တန်ပူရာမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး 
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  4. ချင်း - လက်တစ်ဆစ်
  5. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. အရသာမှုန့်- လက်ဖက်ရည်ဇွန်း တစ်ဝက်
  8. ကြက်ဥ - တစ်လုံး
  9. ဆီ - လိုသလောက် သုံးပေးပါ
  10. ရေ - ထမင်းပေါင်းအိုးဆန်ချင်ဗူး တစ်ဗူး

ပြင်ဆင်ပုံ
  • ကြက်သားကို အရိုးထွင်ပြီး လက်သည်းခွံသာသာ အတုံးလေးများ တုံးပေးပါ
  • ကြက်သွန်ဖြူနှင့် ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းပေးပါ
  • ငရုတ်ကောင်းကို ညက်နေအောင် ထောင်းပေးပါ
  • ကြက်ဥကိုအနှစ်ဖယ်ပြီး အကာကို ဖွားဖွားပါအောင် ခေါက်ထားပေးပါ
  • ကြက်သားကို ဆား အရသာမှုန့် ချင်း ငရုတ်ကောင်းမှုန့် ကြက်သွန်ဖြူတို့နဲ့နယ်ပေးထားပါ
  • နှစ်သက်ရာ တန်ပူရာမှုန့်ကို ရေနဲ့ခပ်ပြစ်ပြစ် ဖျော်ထားပါ
  • အရသာနယ်ထားသော ကြက်သားတုံးလေးများကို ခလောက်ထားသော ကြက်ဥအကာထဲမှာ လူးပေးပါ
  • ဖျော်ထားသော မုန့်နှစ်ထဲသို့ ကြက်ဥနှင့် အရသာ နယ်ထားသော ကြက်သားကို ထဲ့ဖျော်ပေးပါ မုန့်နှစ် အရမ်းပြစ်နေရင် ရေနည်းနည်း ထပ်ရောပေးပါ
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကိုအနေတော် လျှော့ပေးပြီးမှ  ကြက်သားကို တစ်တုံးခြင်း မုန့်နှစ်ပါအောင် ဇွန်းနှင့် ခပ်ပြီးကြော်ပေးပါ
  • ကြော်နေစဉ် အကျက်ညီစေရန် ကြက်ကြော်များကို လှန်လှန်ပေးပြီး အတုံးလေးများ ရွှေဝါရောင် သန်းလာပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားပါက အရသာရှိသော ကြက်စာဥကြော်ကို ရေနွေးကြမ်းလေးနှင့် တွဲဖက်ပြီး စားသုံးနိုင်ပါပြီ။

Monday 30 May 2016

ဆိတ်သားလုံး ဟင်းအနှစ်ဆမ်း Pasta






ဒီတခါတော့ စားလိုက်ရင် ငါးဖယ်လုံးလို စေးထန်းထန်းလေးနဲ့ စားကောင်းလွန်းတဲ့ ဆိတ်သားလုံးဟင်း အနှစ်ဆမ်းတဲ့ Pasta ချက်နည်းလေး မျှဝေလိုက်ပါတယ် ပုံတွေတင်ရတာ များလွန်းနေတဲ့အတွက် ချက်နည်းတူ ပြင်ဆင်ပုံ တူတာတွေအတွက် ပုံတချို့ကိုတော့ မတင်ဘဲ ထားလိုက်ပါတယ်။

မွေးလာထဲက မြန်မာအစာတွေနဲ့ ကြီးပြင်းလာသူ တယောက်အဖို့ လျှာအရသာ မတူတာတွေ စားရတဲ့အခါမှာ မာမာကိုယ်တိုင် အဆင်မပြေတာတွေက များပါတယ် စားနေကျမဟုတ်တဲ့ ထောပတ်တွေ ချိစ်တွေဟာ တခါတလေ ကောင်းမယ်လို့ ထင်ရပေမဲ့ များသောအားဖြင့် အီလည်လည် အရသာတွေဘဲ ရတာမို့လို့ ကိုယ့်ဘာသာကို စားနိုင်အောင် ဆန်းသစ်ပြီး ချက်ကြည့်လိုက်ပါ အဆင်ပြေတဲ့အခါ ပြန်လည်မျှဝေပေးပါ။

ဟာ ဒါဆို ချက်နည်းလွဲနေတယ် ဒီဟင်းမဖြစ်နိုင်ဘူးဆိုပြီး ပြောချင်ပြောကြပါလိမ့်မယ် အဲဒီအခါမျိုးကျတော့လဲ ဟင်းချက်နည်းဆိုတာ ပုံသေနည်း တွက်သလို မတွက်နိုင်တဲ့ အရာမို့လို့ လိုတိုးပိုလျှော့ ချက်ရတာမျိုး ဆိုတာကို နားလည်ပေးရမှာပါ။

ဆိတ်သားလုံး လုံးရန်အတွက်
ပါဝင်ပစ္စည်းများ

  • ဆိတ်သား - 500g
  • ငရုတ်ကောင်းစေ့ - အစေ့၂၀ခန့်
  • သကြား - ထမင်းစားဇွန်း တဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • ငံပြာရည် - ထမင်းစားဇွန်း တဇွန်း
  • ဆီ - 2cups
  • Corn Starch - ထမင်းစားဇွန်း ၂ဇွန်း
  • Baking Powder - လက်ဖက်ရည်ဇွန်း တ၀က်
  • ဆီ - ထမင်းစားဇွန်း တဇွန်း
  • ရေ - 1/2 cup
ပြင်ဆင်ပုံ
  1. ဆိတ်သားကို ရေဆေးပြီး ရေစင်အောင် သုတ်ထားပါ
  2. ရေသုတ်ထားသော ဆိတ်သားကို ခပ်သေးသေး အတုံးလေးတွေရအောင် ပေါက်ထားပါ
  3. ဆား သကြား ဆီ ရေ ငံပြာရည် ငရုတ်ကောင်းစေ့ corn starch, baking powderတို့ကို ရောပြီး မွှေထားပါ
  4. ခပ်သေးသေး အတုံးလေးတွေ ပေါက်ထားသော ဆိတ်သားကို ဘလင်ဒါထဲထည့်ကြိတ်ပါ
  5. တမိနစ် တခါကြိတ်ပြီး တကြိမ်နားကာ ၉ခါလောက် ကြိတ်ပေးပါ
  6. ကြိတ်နေစဉ် အရသာမွှေထားသော အရည်ကို လောင်းထည့်ပေးပါ
  7. အားလုံးသမသွားပြီဆိုတာနဲ့ အသားများကို ဇလုံတလုံးထဲ ပြောင်းထည့်ပြီး အပေါ်မှ cling wrap ဖြင့် လေလုံအောင် ပိတ်ပြီး နာရီဝက်လောက် အခန်းအပူချိန်အတိုင်း ထားပေးပါ
  8. အချိန်ပြည့်တာနဲ့ လက်ကိုရေစွတ်ပြီး အသားများကို အနေတော် အလုံးလေးတွေ လုံးပေးပါ
  9. အားလုံး လုံးပြီးတာနဲ့ ဇောက်နက်သောအိုး ခပ်သေးသေးတလုံးမှာ ရေထည့်ပြီး ဆူအောင်တည်ပါ
  10. ရေပွက်ပွက် ဆူလာပါက လုံးထားသော အသားလုံးများကို ရေနွေးဆူဆူထဲ ထည့်ပြုပ်ပေးပါ
  11. ရေအေးကို ဇလုံတလုံးထဲ ထည့်ပြီးပြင်ထားပါ
  12. အသားများ ကျက်လာပါက ရေပေါ်ပေါ်လာပါလိမ့်မယ်
  13. ပေါ်လာသော အသားလုံးများကို နှစ်မိနစ်လောက် ဆက်တည်ပေးထားပါ
  14. ပြီးတာနဲ့ အဆင်သင့်ပြင်ထားသော ရေအေးပန်းကန်လုံးထဲသို့ ဆယ်ပြီးထည့်ပေးပါ
  15. ရေအေးထဲမှာ နှစ်မိနစ်လောက် စိမ်ပြီးတာနဲ့ ရေစစ်ပေးပါ
ဆိတ်သားလုံးဟင်းချက်ရန်
ပါဝင်ပစ္စည်းများ

  • PASTA အခြောက် - 400g
  • ဆိတ်သားလုံး - 500g
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • ကြက်သွန်နီ - အလုံးကြီးကြီး ၂လုံး
  • ဆီ - စားပွဲတင်ဇွန်းကြီး တဇွန်း
  • ခရမ်းချဉ်သီးအနှစ် - 400g တဗူး
  • ခရမ်းချဉ်သီး - အလုံးကြီးကြီး ၂လုံး
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်း
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
ပြင်ဆင်ပုံ
  1. PASTA ကို ရေနွေးဆူဆူ မြုပ်အောင်ထည့်ပြီး နူးလာအောင် ပြုပ်ပေးပါ
  2. နူးလာတာနဲ့ ရေနွေးကိုသွန်ပြီး ရေအေးနှင့် ဆေးပြီး ရေစစ်ထားပါ
  3. ဆိတ်သားလုံးကို အဆင်သင့် ပြင်ထားပါ
  4. ခရမ်းချဉ်သီး အနှစ်ဗူးကို ဖောက်ထားပါ
  5. ကြက်သွန်နီ ကြက်သွန်ဖြူ ခရမ်းချဉ်သီးတို့ကို ခပ်နုတ်နုတ် လှီးပေးထားပါ
  6. ဆီကိုအပူပေးပြီး ကြက်သွန်ဖြူ နီတို့ကို အရင်ဆီသတ်ပေးပါ
  7. နည်းနည်းနွမ်းလာတာနဲ့ လှီးထားသော ခရမ်းချဉ်သီးကို ထည့်ပြီး တမိနစ်လောက် ချက်ပေးထားပါ
  8. ပြီးတာနဲ့ ခရမ်းချဉ်သီးအနှစ်ကိုထည့်ပြီး  တမိနစ်လောက် ထည့်မွှေပါ
  9. ဆိတ်သားလုံးများကို ထည့်မွှေပြီး ခရမ်းချဉ်သီးအနှစ် အရည်များ ဆူအောင် တည်ပေးပါ
  10. အရည်အရမ်းမခမ်းခင် အရသာမြည်း၍ လိုသလိုပြင်ကာ မီးပိတ်ပေးပါ
  11. စားပွဲပြင်ရန် Pasta ဖတ်များကို ပန်းကန်တခုထဲ ထည့်ပေးပါ
  12. Pastaဖတ်ကို ပွဲပြင်မည့် ပန်းကန်ထဲထည့်ပြီး ဆိတ်သားလုံးဟင်းကို အသားအရည် မျှအောင်ဆမ်း၍ စားသုံးနိုင်ပါပြီ။

Sunday 29 May 2016

Sweet Potato Pancakes







ဒီနေ့မနက်တော့ ကော်ဖီပူပူလေးနဲ့သောက်ရအောင် ကန်စွန်းဥပန်ကိတ်လေး လုပ်ဖြစ်သွားပါတယ် လုပ်နည်းလေးလွယ်သလောက် အင်မတန်မှ စားလို့ကောင်းတဲ့ ပန်ကိတ်လေးမို့လို့ လုပ်စားနိုင်အောင် မာမာလုပ်တဲ့ နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကန်စွန်းဥ - အခွံခွာပြီးသား 200g
  • White flour - 50g
  • ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • သကြား - ထမင်းစားဇွန်း ၂ဇွန်း (အချိုကြိုက်ပါက ပိုထည့်ပါ)
  • ဆီ - ထမင်းစားဇွန်း ၄ဇွန်း
  • baking powder - လက်ဖက်ရည်ဇွန်း တ၀က်
ပြင်ဆင်ပုံ
  1. ကန်စွန်းဥကို အခွံခွာပြီး ရေဆေးကာ ပုံပါအတိုင်း လှီးပေးကာ ကြွေပန်းကန်တခုထဲ ထည့်ထားပါ
  2. သကြား ဆား baking powder, ဆီ ဂျုံမှုန့် တို့ကို ပြင်ထားပါ
  3. ဇောက်နက်သော အိုးတလုံးမှာ ရေကို ပွက်ပွက်ဆူအောင် တည်လိုက်ပါ
  4. ရေဆူတာနဲ့ ပေါင်းဇကာထဲမှာ လှီးထားသော ကန်စွန်းဥပန်းကန်ကို ထည့်ပြီး အဖုံးအုပ်ကာ ၁၅မိနစ်ခန့် ပေါင်းပေးပါပါ
  5. ကန်စွန်းဥအပေါ် မူတည်ပြီး ပြုပ်ချိန် ၁၀မိနစ်မှ ၁၅မိနစ်အတွင်း ရှိနိုင်ပါတယ်
  6. ပြုပ်နေစဉ် ကန်စွန်းဥကို ခရင်းနှင့်ထိုးကြည့်ပါ
  7. ပျော့လာပြီဆိုရင်တော့ ပေါင်းအိုးထဲမှ ထုတ်ပြီး ပန်းကန်တခုထဲ ပြောင်းထည့်ပါ
  8. ကန်စွန်းဥကို ဇွန်းဖင်ဖက်နှင့် ဖိဖိပြီး ချေပေးပါ
  9. ချေနေရင်း ကန်စွန်းဥများ အေးလာပြီး အသားများ ကျေလာတာနဲ့ ဆားနှင့် ဂျုံမှုန့်တ၀က်ကို ထည့်ပြီး ခရင်းနှင့် မွှေပါ
  10. အားလုံး သမသွားတာနဲ့ သကြားနှင့် ကျန်နေသော ဂျုံမှုန့်ကို ထည့်မွှေပါ
  11. ဂျုံမှုန့်နှင့် ကန်စွန်းဥမုန့်သားရတာနဲ့ ထိုမုန့်သားကို စေးပိုင်လာအောင် လက်နဲ့ ၅မိနစ်လောက် နယ်ပေးပါ
  12. နယ်နေစဉ် မုန့်သားပျော့နေပါက ဂျုံမှုန့် နည်းနည်းထပ်ထည့်ပြီး မုန့်သားကိုင်လို့ရအောင် နယ်ပေးပါ
မုန့်သားကြော်ရန် ပြင်ဆင်ပုံ
  1. ပန်းကန်ပြား တချပ်ပေါ်မှာ ဂျုံမှုန့် အနည်းငယ်ကို ဖြန့်ခင်းထားပါ
  2. မုန့်လုံးစဉ် လက်ကိုမကပ်စေရန် ဂျုံမှုန့်အနည်းငယ်နှင့် လက်ဝါးနှစ်ဖက်ကို ပွတ်ပေးပါ
  3. မုန့်ကြော်ပြီး တင်ရန် paper towel ကို ၃ထပ်ခေါက်ပြီး ပြင်ထားပါ
  4. မုန့်သားကို ထမင်းစားဇွန်း တဇွန်းသာသာယူပြီး လက်ဝါးထဲမှာထည့်ပြီး အရင်ဆုံး ပွတ်ပြီးလုံးပေးပါ
  5. ပြီးမှ မုန့်သားအချောင်း ရှည်ရှည်လေးရအောင် လက်ဝါးနှစ်ဖက်ကြားမှာ ပွတ်ပေးပါ
  6. မုန့်သား အလုံးလေး ရတာနဲ့ ဂျုံမှုန့်ဖြူးထားသော ပန်းကန်ပြားပေါ်တင်ထားပေးပါ
  7. ဂျုံမှုန့်ဖြူးထားသော နောက်ပန်းပြား တချပ်ပေါ်သို့ လုံးထားသော မုန့်လုံးလေးများကို လက်နှစ်ဖက်ကို ဂျုံမှုန့်ပွတ်ပြီး လက်ဝါးနှစ်ဖက်ကြားမှာ ဖိပြီးပြားပေးပါ
  8. မုန့်သားကုန်တဲ့ထိ လက်ကိုဂျုံမှုန့်သုပ်လိုက် မုန့်ပုံစံဝင်အောင် မုန့်သားကုန်တဲ့ထိ လုပ်ပေးပါ
  9. ဆီကိုမကပ်သော ဒယ်အိုးတလုံးထဲထည့်ပြီး အပူပေးပါ
  10. ဆီပူလာတာနဲ့ မီးကိုအလယ်လောက်ထိလျှော့ပြီးမှ မုန့်သားများကို တခုခြင်းထည့်ကြော်ပါ
  11. တဖက်အရောင်ပြောင်းလာလျှင် နောက်တဖက်ကို လှန်ပေးပါ
  12. မုန့်သားများ အထဲထိကျက်စေရန် မကြာမကြာ လှန်ပေးပြီး မုန့်သားအားလုံး ရွှေအိုရောင် ပြောင်းလာပြီဆိုရင် ဆယ်ပြီး ဆီစစ်စက္ကူပေါ်တင်ပြီး စစ်ပေးထားပါ
  13. ဆီစစ်ပြီဆိုတာနဲ့ ကော်ဖီနှင့်အလွန်ထက်သော Sweet Potato Pancakes လေးတွေကို သုံးဆောင်နိုင်ပါပြီ။

Saturday 28 May 2016

ထောပါတ် ပုဇွန်ကြော်











မာမာ့ ဟင်းချက်တဲ့ blog လေးကို မိတ်ဆွေတွေ လာလည်ကြတာ ဒီနေ့ လူ၉သိန်းကျော်သွားလို့ ပျော်နေမိပါတယ် ပီတိတွေနဲ့အတူ ချက်နည်းအတိုင်း လိုက်ချက်လို့ အဆင်ပြေ မပြေဆိုတဲ့ အကြံဥာဏ်လေးတွေလဲ လိုချင်မိပါတယ်။

အလုပ်မအားတဲ့ကြားက ဒီ blog လေးကို စေတနာအပြည့်နဲ့ ရေးနေရင်း ဒီနေ့တော့ ထောပါတ်နံ့ သင်းသင်းမွှေးနေတဲ့ ပုဇွန်ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ပုဇွန်ထုတ် - အရွယ်တူ ၁၄ကောင်
  2. အုန်းသီးမှုန့် - အခြောက်မှုန့် 30 g
  3. ထောပတ် 30 g
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. Soy Sauce - ထမင်းစားဇွန်း တစ်ဇွန်း
  6. Cornflour - ထမင်းစားဇွန်း ၄ဇွန်း
  7. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  8. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  9. ကြက်သွန်နီ - အနေတော် တစ်လုံး
  10. ငရုတ်သီးစိမ်း - လေးတောင့်
  11. ပျဉ်းတော်သိမ်းရွက် - အခက်ကြီးကြီး ၃ခက်
  12. ဆီ - ထမင်းစားဇွန်း ၁၀ဇွန်း

ပြင်ဆင်ပုံ
  1. ပုဇွန်ထုတ်ကို ရေဆေးပြီး ခေါင်းဖြုတ်၍ ကြောဘက်မှ ကပ်ကြေးဖြင့်ခွဲကာ အမည်းကြောင်းထုတ်ပြီး ရေစစ်ထားပါ
  2. ကြက်သွန်ဖြူ ကြက်သွန်နီတို့ကို အခွံခွာပြီး ခပ်နုတ်နုတ်လှီးထားပါ
  3. ငရုတ်သီးစိမ်းကို အနေတော် လှီးထားပါ
  4. ပျဉ်းတော်သိမ်းရွက်ကို အရွက်ခြွေထားပါ
  5. Cornflour အမှုန့်ထဲမှာ ရေစစ်ထားသော ပုဇွန်ကိုထည့်ပြီး လူးပေးထားပါ
  6. ဆီ ထောပါတ် အုန်းသီးမှုန့် Soy sauce, သကြား ဆားတို့ကို ပြင်ထားပါ
ပုဇွန်ကြော်ရန်
  1. ဒယ်အိုးတလုံးကို အပူပေးပြီး အိုးပူလာပါက မီးကို အနေတော် လျှော့ပြီး ဆီ ထမင်းစားဇွန်း ၃ဇွန်းထည့်ပြီး အုန်းသီးမှုန့်ကို ထည့်ကြော်ပါ
  2. ကြော်နေစဉ် အဆက်မပြတ် မွှေပေးပြီး ရွှေအိုရောင် သန်းလာတာနဲ့ ဆယ်ပြီးဆားပါ
  3. ထိုဆီအိုးထဲကိုဘဲ ဆီထမင်းစားဇွန်း ၇ဇွန်းလောက် ထပ်ထည့်ပြီး အပူပေးပါ
  4. ဆီပူလာတာနဲ့ corn flour အမှုန့်နယ်ထားသော ပုဇွန်ကို ထည့်ကြော်ပါ
  5. ပုဇွန်များ အကျက်ညီစေရန် မကြာမကြာ မွှေပေးပြီး ပုဇွန်များ အရောင်ရဲလာတာနဲ့ ဆယ်ပြီး ဆီစစ်ထားပါ
  6. နောက်ထပ် ဒယ်အိုးတစ်လုံးကို အပူပေးပါ 
  7. ဆီပူလာတာနဲ့ ထောပတ်ကိုထည့်ပြီး မွှေပေးပါ
  8. ထောပတ်ပျော်လာတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီ ငရုတ်သီးစိမ်း ပျဉ်းတော်သိမ်းရွက်တို့ကို ထည့်ပြီး ကြော်ပါ
  9. ကြက်သွန်များ ကြွတ်လာတာနဲ့ ဆီစစ်ထားသော ပုဇွန်များနှင့် ဆား သကြား soy salt တို့ကို ထည့်မွှေပါ
  10. တမိနစ်လောက် မွှေပြီးတာနဲ့ မီးပိတ်ကာ ကြော်ထားသော အုန်းသီးမှုန့်ကို ထည့်မွှေပြီး စားပွဲကို ပြင်ပေးပါ
  11. မွှေးပြီးစိမ့်နေတဲ့ အုန်းသီးထောပါတ် ပုဇွန်ကြော် ကြွတ်ကြွတ်လေး ရပါပြီ။

Friday 27 May 2016

ဆိတ်သားလုံးကြော်










အသားတွေကို ဆီပြန်ချက်လိုက် ကြော်လိုက် ပြုပ်လိုက်နဲ့ သံသရာ လည်နေတဲ့ ဟင်းပွဲတွေထဲက မထွက်နိုင်သေးလေတော့ ဒီတစ်ခါ အသားကိုကြိတ်ပြီး ပြင်ဆင်ကြော်ထားတဲ့ ဆိတ်သားလုံးကြော်နဲ့ မိတ်ဆက်ပေးပါမယ်။

ကိုက်လိုက်တာနဲ့ ငါးဖယ်ကြော်လို စေးထန်းထန်း မာထုတ်ထုတ်ကလေးနဲ့ အရသာ အင်မတန်ကောင်းတဲ့ ဆိတ်သားလုံးကြော်ကို ကိုယ်တိုင်လုပ်ကြည့်စေချင်ပါတယ် အပြင်မှာ ၀ယ်စားရင် ဈေးကြီးတဲ့အတွက် အိမ်မှာလုပ်စားနိုင်အောင် မာမာကြော်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ဆိတ်သား - 500 g
  2. ငရုတ်ကောင်းစေ့ - အစေ့၂၀ခန့်
  3. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  6. ဆီ - လိုသလောက် သုံးပေးပါ
  7. Corn Starch - ထမင်းစားဇွန်း နှစ်ဇွန်း
  8. Baking Powder - လက်ဖက်ရည်ဇွန်း တစ်ဝက်
  9. ဆီ - ထမင်းစားဇွန်း တစ်ဇွန်း (အရသာစပ်ရန်)
  10. ရေ - 1/2 cup

ပြင်ဆင်ပုံ
  1. ဆိတ်သားကို ရေဆေးပြီး ရေစင်အောင် သုတ်ထားပါ
  2. ရေသုတ်ထားသော ဆိတ်သားကို ခပ်သေးသေး အတုံးလေးတွေရအောင် စင်းထားပါ
  3. ဇလုံတစ်လုံးထဲမှ ဆား သကြား ဆီ ရေ ငံပြာရည် ငရုတ်ကောင်းစေ့ corn starch ,baking powderတို့ကို ရောပြီး မွှေထားပါ
  4. ခပ်သေးသေး အတုံးလေးတွေ တုံးထားသော ဆိတ်သားကို ဘလင်ဒါထဲ ထည့်ကြိတ်ပါ
  5. တစ်မိနစ် တစ်ခါကြိတ်ပြီး တစ်ကြိမ်နားကာ ၉ခါလောက် ကြိတ်ပေးပါ
  6. ကြိတ်နေစဉ် အရသာ မွှေထားသော အရည်ကို လောင်းထည့်ပေးပါ
  7. အားလုံးသမသွားပြီ ဆိုတာနဲ့ အသားများကို ဇလုံတစ်လုံးထဲ ပြောင်းထည့်ပြီး အပေါ်မှ cling warp နှင့် အသားဇလုံကို လေလုံအောင်ပိတ်ပြီး ၁၅မိနစ်လောက် အခန်းအပူချိန်အတိုင်း ထားပေးပါ
  8. အချိန်ပြည့်တာနဲ့ လက်ကိုရေစွတ်ပြီး အသားများကို အနေတော် အလုံးလေးတွေ လုံးပေးပါ
  9. အားလုံးလုံးပြီးတာနဲ့ ဇောက်နက်သောအိုး ခပ်သေးသေးတစ်လုံးမှာ ရေထည့်ပြီး ဆူအောင်တည်ပါ
  10. ရေပွက်ပွက် ဆူလာပါက လုံးထားသော အသားလုံးများကို ရေနွေးဆူဆူထဲ ထည့်ပြုပ်ပေးပါ
  11. ရေအေးကို ဇလုံတစ်လုံးထဲ ထည့်ပြီးပြင်ထားပါ
  12. အသားများ ကျက်လာပါက ရေပေါ်ပေါ်လာပါလိမ့်မယ်
  13. ပေါ်လာသော အသားလုံးများကို နှစ်မိနစ်လောက် ဆက်တည်ပေးထားပါ
  14. ပြီးတာနဲ့ အဆင်သင့် ပြင်ထားသော ရေအေးပန်းကန်လုံးထဲသို့ ဆယ်ပြီးထည့်ပေးပါ
  15. ရေအေးထဲမှာ နှစ်မိနစ်လောက် စိမ်ပြီးတာနဲ့ ရေစစ်ပေးပါ
အသားလုံးကြော်ရန်
  • ဒယ်အိုးတစ်လုံးကို အပူပေးပါ
  • အိုးပူလာတာနဲ့ ဆီကိုထည့်ကာ အပူပေးပါ
  • ဆီပူလာတာနဲ့ အသားလုံးများကို အိုးဆန့်သလောက် ထည့်ကြော်ပေးပါ
  • တစ်ဖက်ကျက်လျှင် တစ်ဖက်ကို လှန်ပေးပြီး နှစ်ဖက်လုံးကျက်ပါက ဆယ်ပြီး ဆီစစ်ပေးပါ
  • ဆီစစ်သွားတာနဲ့ နှစ်သက်သော အချဉ်တို့နှင့် တွဲဖက်ပြီး စားနိုင်ပါပြီ
  • ပိုနေသော အသားလုံးများကို ရေခဲသေတ္တာ ခဲတဲ့အကန့်ထဲမှာ ထည့်ပြီးသိမ်းကာ လိုသလို ထုတ်သုံးနိုင်ပါတယ်။
 ဆိတ်သားအစား အမဲသား ၀က်သား ကြက်သား သိုးသားများ အစားထိုးပြီး ပြုလုပ်နိုင်ပါတယ်။

Thursday 26 May 2016

Sweet Potato Donuts












ဒီနေ့တော့ မုန့်ပဲသရည်စာ လုပ်လိုက်အုံးမယ်ဆိုပြီး စဉ်းစားနေရင်းက ကန်စွန်းဥတွေ ၀ယ်ထားတာ သတိရတာနဲ့ ကန်စွန်းဥဒိုးနတ်လေး လုပ်ဖြစ်သွားပါတယ်။

ဟင်းချက် မုန့်လုပ်နေရရင် ပျော်နေတတ်တဲ့ မာမာတယောက် ကန်ဇွန်းဥဒိုးနတ် ကဗျာတပုဒ် စပ်မိသွားလေတော့ စားကောင်းလွန်းတဲ့အတွက် ပြင်တင်ပုံလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကန်စွန်းဥ - အခွံခွာပြီးသား 200g
  • White flour - 80g
  • ရေ - ထမင်းစားဇွန်း ၆ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • သကြား - 200g
  • ဆီ - လက်ဖက်ရည်အကြမ်းပန်းကန် ၄လုံး
ပြင်ဆင်ပုံ
  1. ကန်စွန်းဥကို အခွံခွာပြီး ရေဆေးကာ ပုံပါအတိုင်း လှီးပေးပါ
  2. သကြား ဆား ဆီ ဂျုံမှုန့် တို့ကို ပြင်ထားပါ
  3. ဇောက်နက်သော အိုးအသေးတလုံးမှာ ရေကို ပွက်ပွက်ဆူအောင် တည်လိုက်ပါ
  4. ရေဆူတာနဲ့ လှီးထားသော ကန်စွန်းဥကို ထည့်ပြီးပြုပ်ပေးပါ
  5. ကန်စွန်းဥအပေါ် မူတည်ပြီး ပြုပ်ချိန် ၁၀မိနစ်မှ ၁၅မိနစ်အတွင်း ရှိနိုင်ပါတယ်
  6. ပြုပ်နေစဉ် ကန်စွန်းဥကို ခရင်းနှင့်ထိုးကြည့်ပါ
  7. ပျော့လာပြီဆိုရင်တော့ ရေသွန်ပြီး ပန်းကန်တခုထဲ ပြောင်းထည့်ပါ
  8. ကန်စွန်းဥကို ခရင်းဖင်ဖက်နှင့် ဖိဖိပြီး ချေပေးပါ
  9. ချေနေရင်း ကန်စွန်းဥများ အေးလာပြီး အသားများ ကျေလာတာနဲ့ ဆားနှင့် ဂျုံမှုန့်တ၀က်ကို ထည့်ပြီး ခရင်းနှင့် မွှေပါ
  10. အားလုံး သမသွားတာနဲ့ ကျန်နေသော ဂျုံမှုန့်ကို ထည့်မွှေပါ
  11. ဂျုံမှုန့်နှင့် ကန်စွန်းဥမုန့်သားရတာနဲ့ ထိုမုန့်သားကို စေးပိုင်လာအောင် လက်နဲ့ ၅မိနစ်လောက် နယ်ပေးပါ
  12. နယ်နေစဉ် မုန့်သားပျော့နေပါက ဂျုံမှုန့် နည်းနည်းထပ်ထည့်ပြီး မုန့်သားကိုင်လို့ရအောင် နယ်ပေးပါ
မုန့်သားကြော်ရန် ပြင်ဆင်ပုံ
  1. မျက်နှာပြင်ညီသော စားပွဲ သို့မဟုတ် သစ်သားပြားတခုပေါ်မှာ ဂျုံမှုန့် အနည်းငယ်ကို ဖြန့်ခင်းထားပါ
  2. မုန့်လုပ်ပြီး တင်ရန် ပန်းကန် သို့မဟုတ် သစ်သားပြား တခုကိုလဲ ဂျုံမှုန့်အနည်းငယ် ဖြူးထားပါ
  3. မုန့်ကြော်ပြီး တင်ရန် paper towel ကို ၃ထပ်ခေါက်ပြီး ပြင်ထားပါ
  4. မုန့်သားကို ထမင်းစားဇွန်း တဇွန်းသာသာယူပြီး လက်ဝါးထဲမှာထည့်ပြီး အရင်ဆုံး ဖိပေးပါ
  5. ပြီးမှ မုန့်သားအချောင်း ရှည်ရှည်လေးရအောင် လက်ဝါးနှစ်ဖက်ကြားမှာ ပွတ်ပေးပါ
  6. မုန့်သားရှည်ရှည်လေး ရတာနဲ့ ဂျုံမှုန့်ဖြူးထားသော သစ်သားပြားပေါ်တင်ကာ ၄ချက်လောက် လှိမ့်ပေးပါ
  7. ဂျုံမှုန့်ဖြူးထားသော အပေါ်မှာဘဲ ထိပ်နှစ်ဖက်ကို တေ့ပြီး ဖိ၍ဆက်ပေးပါ
  8. အ၀ိုင်းလေးရပြီဆိုတာနဲ့ နောက်ထပ်သစ်သားပြား တခုပေါ်ပြောင်းပြီး တင်ပေးထားပါ
  9. မုန့်သားကုန်တဲ့ထိ လက်ကိုဂျုံမှုန့်သုပ်လိုက် မုန့်ပုံစံဝင်အောင် မုန့်သားကုန်တဲ့ထိ လုပ်ပေးပါ
  10. ဆီကို ဒယ်အိုးတလုံးထဲထည့်ပြီး အပူပေးပါ
  11. ဆီပူလာတာနဲ့ မီးကိုအလယ်လောက်ထိလျှော့ပြီးမှ မုန့်သားများကို တခုခြင်းထည့်ကြော်ပါ
  12. တဖက်အရောင်ပြောင်းလာလျှင် နောက်တဖက်ကို လှန်ပေးပါ
  13. မုန့်သားများ အထဲထိကျက်စေရန် မကြာမကြာ လှန်ပေးပြီး မုန့်သားအားလုံး ရွှေအိုရောင် ပြောင်းလာပြီဆိုရင် ဆယ်ပြီး ဆီစစ်စက္ကူပေါ်တင်ပြီး စစ်ပေးထားပါ
သကြားရည်ကျိုရန်
  1. ဒယ်အိုးတလုံးထဲမှာ သကြားနှင့်ရေကိုထည့်ပြီး အပူပေးပါ
  2. သကြားများ အရည်ပျော်လာပါက အောက်ကိုမကပ်စေရန် အဆက်မပြတ်မွှေပေးပါ
  3. မွှေနေရင်း သကြားရည် ပျစ်လာပါက မီးကိုအလယ်လောက်သို့ လျှော့ပေးကာ ယောင်းမနှင့်သကြားရည်ကို ကလော်ပြီး အပေါ်ကိုမြှောက်ကာ အစက်ချကြည့်ပါ
  4. သကြားရည်များ ဖြေးလေးစွာ ကျလာပြီဆိုတာနဲ့ ကြော်ထားသော ဒိုးနတ်များကို ထည့်မွှေလိုက်ပါ
  5. မွှေနေစဉ် ဒိုးနတ်မှာ သကြားများခဲပြီး ကပ်လာပြီဆိုတာနဲ့ မီးပိတ်ပြီး ပန်းကန်ထဲပြောင်းထည့်ပါ
  6. ချိုပြီးစိမ့်မွှေးနေတဲ့ ကန်စွန်းဥဒိုးနတ်မွှေးမွှေးလေးကို စားသုံးနိုင်ပါပြီ။


Wednesday 25 May 2016

ပုဇွန် တာလပေါ့ဟင်း (တာတပေါ့)






နေ့စဉ်စားနေကျ အစာတွေ ပုံမှန်ချက်နေပေမဲ့ တနေ့တနေ့ ဘာချက်ရမလဲဆိုတဲ့ အိပ်ယာက နိုးလာထဲက အတွေးတွေက အိမ်ရှင်မတွေအတွက် ပုံမှန် အလုပ်တခုလို ဖြစ်နေတတ်ပါတယ်။

အဲဒီလို အတွေးတွေကို ဒီနေ့တော့ Thuzar ပြောတဲ့ တာလပေါ့ဟင်းလေး တမယ် ချက်နိုင်ခဲ့လို့ Thuzar ကို ကျေးဇူးတင်ပါတယ်။

တာလပေါ့လို့ ဆိုလိုက်တာနဲ့ ကရင်ပြည်နယ်ကို အရင်ဆုံး လွမ်းမိပါတယ် ဖားအံ ကော့ကရိတ် ကော့ဘိန်းဆေးရုံတွေမှာ နေခဲ့စဉ်က စားခဲ့ဖူးတဲ့ တာလပေါ့ဟင်းတွေကိုလဲ တမ်းတမိတာ အမှန်ပါ ကော့ကရိတ်နဲ့ဒေါနတောင် ဖားအံနဲ့ဇွဲကပင်တောင် ကော့ဘိန်းနဲ့ကော့ဘောက်ဆိုတာတွေက ရင်ထဲမှာ အမြဲတမ်း သတိရနေမိတဲ့ နေရာဒေသဖြစ်သလို ဒေသအစာတွေကလည်း စိတ်အစဉ်ကို အမြဲလွှမ်းမိုးစေတဲ့ အစာတွေပါ။

တချို့က တာလပေါ့လို့ခေါ်ကြသလို တချို့တော့ တာတပေါ့လို့ ခေါ်ကြပါတယ် အဆင်ပြေတဲ့အခါ မွန်တာလပေါ့ နာဂတာလပေါ့ ချက်နည်းလေးတွေပါ မျှဝေပေးပါမယ်။

တာလပေါ့ဟင်းက ကရင်လူမျိုးတို့ရဲ့ အလေးထားပြီး စားကြတဲ့ အစားအစာတမျိုးပါ ဒါပေမဲ့ ဒေသတခုနှင့်တခု တနေရာနဲ့တနေရာ ချက်နည်းလေးတွေတော့ အနည်းအများ ကွဲပြားတတ်ကြပါတယ်။

ချက်တဲ့ပစ္စည်း ထည့်တဲ့အသီးအရွက် အသားတွေကို နှစ်သက်သလို ထည့်ချက်ကြသလို တချို့က ဆန်ကိုလှော်ပြီးမှ ထောင်းထည့်ကြသလို တချို့က ဆန်စိမ်းကိုထောင်းပြီး ထည့်တတ်ကြပါတယ်။

သို့ပါသော်လည်း ချက်ပုံချက်နည်း အခြေခံတာတွေကတော့ ဆင်တူကြပါတယ် တာလပေါ့ဆိုတာနဲ့ အသီးအရွက်များများ ဟင်းရည်ခပ်ပျစ်ပျစ်က လူကိုစွဲဆောင်စေတဲ့ ဟင်းတမယ်ဆိုလဲ မမှားပါဘူး။

ဒီနေ့တော့ မာမာ့အိမ်မှာ အလွယ်တကူ ရှိနေတဲ့ အသီးအရွက်တွေနဲ့ ကရင်တာလပေါ့ကို အခြေခံပြီး ချက်ထားတဲ့ တာလပေါ့ဟင်း ချက်နည်းလေး မျှဝေလိုက်ပါတယ် အမှားအယွင်း တစုံတရာ ပါခဲ့ရင်တော့ အကြံဥာဏ်များ ပေးခဲ့စေချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ၀ါးပိုးမျှစ်စိမ်း - တရုတ်ဟင်းပြင် ပန်းကန်အသေး တစ်လုံးစာ
  2. မျှစ်ပြုပ် - တရုတ်ဟင်းပြင် ပန်းကန်အသေး တစ်လုံးစာ (မထည့်လဲရ)
  3. ခရမ်းသီး - အနေတော် တစ်လုံး
  4. ပဲတောင့်ရှည် - ၃တောင့်
  5. ဆူးပုတ်ရွက် - အနည်းငယ်
  6. ပင်စိမ်းရွက် - အနည်းငယ်
  7. ရွှေဖရုံးသီး - အနေတော် ၂စိတ်
  8. စပါးလင် - ၃ချောင်း
  9. ချင်း - လက်တစ်ဆစ်ခန့်
  10. ခ၀ဲသီး - အနေတော် ၂တောင့်
  11. ငရုတ်သီးစိမ်း - နှစ်သက်သလောက်
  12. ဆန်လှော်မှုန့် - ထမင်းစားဇွန်း ၃ဇွန်း
  13. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  14. ပုဇွန်ငါးပိ - ကွမ်းသီးလုံးလောက်
  15. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  16. ဆီ - ထမင်းစားဇွန်း လေးဇွန်း
  17. ပုဇွန်ထုတ် - ၁၅ကောင်

ပြင်ဆင်ပုံ
  1. ၀ါးပိုးမျှစ်အစိမ်းကို သင့်သလိုလှီးပြီး နာရီဝက်လောက် ရေစိမ်ထားပါ
  2. မျှစ်ပြုပ်ပြီးသားကို အဆင်သင့် ပြင်ထားပါ
  3. ကြက်သွန်နီကို အခွံခွာပြီး လေးစိတ်ကွဲ အဖတ်လေးများ ရအောင်လှီးထားပါ
  4. ကြက်သွန်ဖြူကို အခွံခွာပြီး ဓါးပြားရိုက်ကာ ခပ်နုတ်နုတ်လှီးထားပါ
  5. စပါးလင်၂ချောင်းကို ခပ်ရိတ်ရိတ်လှီးထားပါ
  6. ကျန်တချောင်းကို ထုထားပါ
  7. ချင်းကို ခပ်ရိတ်ရိတ် လှီးထားပါ
  8. ခ၀ဲသီးကို အခွံခွာပြီး အနေတော်လှီးကာ ရေဆေးထားပါ
  9. ရွှေဖရုံသီးကို အခွံခွာပြီး ရေဆေးထားပါ
  10. ပင်စိမ်းရွက်ကို ရေဆေးထားပါ
  11. ငရုတ်သီးစိမ်းကို အနေတော် လှီးပေးထားပါ
  12. ခရမ်းသီးကို လေးစိတ်စိတ်ပြီး ရေ၁၀မိနစ်လောက် စိမ်ထားပါ
  13. ပုဇွန်ငါးပိ ဆား အချိုမှုန့် ဆီတို့ကို ပြင်ထားပါ
  14. ပုဇွန်ငါးပိကို ရေအနည်းငယ်နှင့် အရည်ဖျော်ထားပါ
  15. ဆန်ကို ဒယ်အိုးတလုံးထဲမှာ ညိုရောင်သန်းလာတဲ့အထိ လှော်ပေးပါ
  16. ဆန်လှော်ကို ညက်နေအောင်ထောင်းပြီး ရေ တရုတ်ဟင်းပြင်ပန်းကန်အသေး တလုံးစာနှင့် စိမ်ထားပါ
  17. ပုဇွန်ကို ရေဆေးပြီး အခွံမခွာဘဲ ခေါင်းဖြုတ်ကာ ကြောဖက်မှ အမည်းကြောင်းကို သွားကြားထိုးတုတ် အချွန်ဖြင့် ထိုးကလော်ပြီး ထုတ်ထားပါ
ဟင်းရည်ချက်ရန်
  1. ဇောက်နက်သော အိုးတလုံးမှာ ဆီကို အပူပေးပါ
  2. ဆီပူလာတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီ ချင်း စပါးလင်တို့ကို ထည့်ပြီး ဆီသတ်ပါ
  3. ကြက်သွန်များ နွမ်းတာနဲ့ပုဇွန်ထုတ် ဆူးပုတ်ရွက် ငရုတ်သီးစိမ်း ပင်စိမ်းရွက်တို့ ချန်ကာ ကျန်အသီးအရွက်များ ထည့်ပြီး ဆီသတ်ပါ
  4. အသီးအရွက်များ နွမ်းတာနဲ့ ဆား အချိုမှုန့် ပုဇွန်ငါးပိအရည်ဖျော်တို့ကို ထည့်မွှေကာ ရေမြုပ်အောင်ထည့်ပြီး ဆူပွက်အောင် တည်ပေးပါ
  5. ဟင်းရည်ဆူလာတာနဲ့ ပုဇွန်ထုတ်ကို ထည့်ကာ တမိနစ်လောက် တည်ပေးပါ
  6. ပြီးတာနဲ့ အရည်ဖျော်ထားသော ဆန်မှုန့်ကိုထည့်ကာ သမအောင်မွှေပါ
  7. ဆန်မှုန့်များ ပျစ်လာတာနဲ့ ရေကို လိုသလောက် အနေအထား ရအောင်ပြင်ပြီး ငရုတ်သီးစိမ်း ဆူးပုတ်နှင့် ပင်စိမ်းရွက်တို့အုပ်ကာ အရသာမြည်းပြီး လိုသလိုပြင်ကာ မီးပိတ်ပေးပါ
  8. ပူစပ်ပူလောင် မွှေးပြီးချိုနေတဲ့ တာလပေါ့ဟင်း ရပါပြီ
မှတ်ချက်
  • ပုဇွန်အစား ခရုဖင်ချွန် ခရုမျက်ပြဲ ဂဏန်း အသား ငါးမျိုးစုံတို့နဲ့ အဆက်ပြေစွာ ချက်နိုင်ပါတယ်
  • အသီးအရွက်များကိုလဲ နှစ်သက်ရာ အသီးအရွက်တို့ကို အဆင်ပြေသလို ထည့်နိုင်ပါတယ်
  • တနေရာနှင့်တနေရာ ချက်ပြုပ်ပုံ မတူနိုင်တဲ့အတွက် အခြေခံ ပါဝင်ရမည့် ဆန်မှုန့် မျှစ်စိမ်း ပုဇွန်ငါးပိတို့ကို အခြေခံပြီး အဆင်ပြေသလို ချက်နိုင်ပါတယ်။

Tuesday 24 May 2016

နံနံပင်နံ့မွှေးတဲ့ အာလူးကတ်တလိတ်


ဒီနေ့မနက်တော့ သတ်သတ်လွတ် အာလူးကတ်တလိတ် မွှေးမွှေးလေး ကြော်စားဖြစ်ပြီး နံနံပင်နံ့မွှေးမွှေးလေးနဲ့မို့ အင်မတန်မှ စားလို့ကောင်းလွန်းလို့ မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ
  1. အားလူး - 700 g 
  2. တန်ပူရာအကြော်မှုန့် - 100 g
  3. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် 
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  6. နံနံပင်- ၅ပင်ခန့်
  7. ဆီ - လိုသလောက်
  8. ကြက်ဥ - တစ်လုံး
  9. ဆီ - အနည်းငယ် (လက်ကိုသုတ်ရန်)

ပြင်ဆင်ပုံ
  • မြေနီအာလူး အာလူးအစေးသီးကို ရေစင်အောင်ဆေးပြီး အခွံမခွာဘဲ နူးနေအောင် ပြုပ်ပေးပါ
  • မိုက်ခဝေ့ မီးဖိုနှင့်ပြုပ်ပါက ရေ အနည်းငယ်ထည့်ပြီး ၁၂မိနစ်နစ်ခန့် ပြုပ်ပေးပါ
  • နံနံပင်ကို ရေဆေးပြီး ရေစစ်ထားကာ အနေတော်အရွယ် လှီးထားပေးပါ
  • အာလူးနူးပါက အအေးခံပြီး အခွံခွာပေးပါ
  • အခွံခွာပြီးသား အာလူးကို စတီးဇလုံ တစ်လုံးထဲထည့်ပြီး ဆား အရသာမှုန့် တန်ပူရာမှုန့် နနွင်းမှုန့်တို့ထည့်ပြီး အာလူးကျေအောင်ချေကာ နယ်ပေးပါ
  • အာလူးကျေသွားပါက ငရုတ်ကျီပွေ့နှင့် ငရုတ်ဆုံ မရှိက ဇလုံထဲမှာဘဲ စေးပိုင်လာတဲ့ထိ ထောင်းပေးပါ
  • အာလူးများ စေးပိုင်လာပါက ကြက်ဥအကာနှင့် နံနံပင်တို့ သမသွားအောင် ထည့်နယ်ပေးပါ
  • ပြီးတာနဲ့ ထမင်းစားဇွန်း တစ်ဇွန်းစာယူပြီး လက်နှင့်ဆုတ်လုံးပေးပါ
  • အားလုံးဆုတ်လုံးပေးပြီးပါက လက်ဝါးနှစ်ဖက်ကို ဆီသုတ်ပေးကာ အာလူးလုံး တစ်လုံးချင်းယူကာ လက်ဝါးနှစ်ဖက်ကြားထည့်ပြီး ၀ိုင်းသွားအောင် လုံးပေးပါ
  • အာလူးလုံးလေးများ အဆင်သင့်ဖြစ်ပါက ဆီကို ဒယ်အိုးထဲထည့်ပြီး အပူပေးပါ
  • ဆီပူလာပါက အာလူးလုံးလေးများ မထည့်ခင် မီးကို အလယ်လောက်ထိ လျော့ပေးပါ
  • မီးလျော့ပြီးမှ အာလူးလုံးများကို တစ်လုံးခြင်းထည့်ပြီ ကြော်ပေးပါ
  • တစ်ဖက်ရွှေဝါရောင် သန်းလာပါက နောက်တစ်ဖက်ကို လှန်ပေးပါ
  • အာလူးကတ်တလိတ်ကြော် တစ်လုံးလုံး ရွှေဝါရောင်သန်းလာပါက ဆယ်ပြီး ဆီစစ်ပေးပါ
  • ဆီစစ်သွားပါက နံနံပင်နံ့မွှေးမွှေးလေးနဲ့ သတ်သတ်လွတ်အာလူး ကတ်တလိတ်လေးကို စားသုံးနိုင်ပါပြီ။

Monday 23 May 2016

ရွှေဖရုံသီးကြော် ချိုချိုလေး


ရွှေဖရုံသီးကြော် ချိုချိုလေး ကြော်စားဖြစ်တိုင်း ထမင်းလွတ်လိုလိုကို စားဖြစ်တတ်လို့ အမြဲတမ်း ပိုပိုပြီး ကြော်ရပါတယ် ကြော်နည်းလေးက လွယ်လွန်းပါတယ် စားချင်စိတ်ပေါ်လာရင် ကြော်စားနိုင်အောင်အတွက် မာမာကြော်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ရွှေဖရုံသီး - လက်ငါးလုံးခန့်အထူ တစ်စိတ်
  2. ဆီ - ထမင်းစားဇွန်း ငါးဇွန်း
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ကြက်ဥ - တစ်လုံး

ပြင်ဆင်ပုံ
  1. ရွှေဖရုံသီးကို အစေ့များထုတ်၍ အခွံခွာပြီး လက်နှစ်လုံးလောက် အနေတော်လေးတွေ လှီးပေးပါ
  2. လှီးထားသော ရွှေဖရုံသီးများကို ရေဆေးပြီး ရေစစ်ထားပါ
  3. ဒယ်အိုးတလုံးကို အပူပေးပြီး ဆီနှင့်နနွင်းမှုန့်ကိုထည့်ပြီး အပူပေးပါ
  4. ဆီအငွေ့တက်လာတာနဲ့ ရွှေဖရုံသီး ဆားနှင့် အရသာမှုန့်တို့ကိုထည့်ပြီး မွှေပေးပါ
  5. အရသာများ သမသွားအောင် မွှေပြီးတာနဲ့ ရွှေဖရုံသီးများကို နွမ်းအောင်ခနထားလိုက်ပါ
  6. ရွှေဖရုံသီးများ အိုးမကပ်စေရန် အိုးကိုလှုပ်လှုပ်ပေးပါ
  7. ရွှေဖရုံသီး အားလုံးနွမ်းတာနဲ့ ဘေးကိုခနတွန်းထားပြီး ကြက်ဥကို ဖောက်ထည့်ပါ
  8. ကြက်ဥကို ချေလိုက်ပြီးတာနဲ့ ရွှေဖရုံသီးနှင့် ရောမွှေပေးပါ
  9. ကြက်ဥများကျက်တာနဲ့ ရွှေဖရုံသီးကြော် ချိုချို မွှေးမွှေးလေး ရပါပြီ။

Sunday 22 May 2016

ခရမ်းကြွတ်သီး ငါးပိထောင်း





အစပ်တွေ အရမ်းစားချင်တဲ့ ရာသီဥတုလေး ဖြစ်နေတော့ ဒီနေ့ အရမ်းပူစပ်နေတဲ့ ငရုတ်သီးစိမ်းနဲ့ ခရမ်းကြွတ်သီးကို ပုဇွန်လှော် ပုဇွန်ငါးပိကင်နဲ့ ထောင်းထားတဲ့ ထောင်းနည်းလေးကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ပုဇွန်ငါးပိ - ထမင်းစားဇွန်း ၄ဇွန်းမောက်မောက်
  2. ပုဇွန်ထုတ် - ၄ကောင်
  3. ငရုတ်သီးစိမ်း - စားနိုင်သလောက်
  4. ခရမ်းကြွတ်သီးအနု - ၅လုံး

ပြင်ဆင်ပုံ
  1. ပုဇွန်ငါးပိကို မွှေးသွားအောင် ကင်ပေးပါ
  2. ပုဇွန်ငါးပိ ကင်ရာတွင် ပန်းကန်တခုထဲထည့်ပြီး မိုက်ခရိုဝေ့ထဲမှာ တဖက်ကို စက္ကန့်၃၀စီ ၂ခါကင်ပေးနိုင်သလို အောက်ခြေမကပ်သော ဒယ်အိုးထဲမှာ ထည့်ပြီး အပေါ်ယံမာပြီး မွှေးတယ်ဆိုရုံလေး ကင်ပေးပါ
  3. ပုဇွန်ထုတ်ကို ရေအနည်းငယ်ထည့်ပြီး ၃မိနစ်လောက် လှော်ပေးပြီး အခွံခွာ ခေါင်းဖြုတ် ကြောမှခွဲကာ အမည်းကြောင်း ထုတ်ထားပါ
  4. ငရုတ်သီးစိမ်းကို ရေဆေးပြီး အညှာခြွေကာ မွှေးသွားအောင် လှော်ပေးပါ
  5. ခရမ်းကြွတ်သီးကို အလုံးလိုက် ခရင်းနှင့် လိုက်ပေါက်ပေးကာ မိုက်ကရိုဝေ့ထဲမှာ ၄မိနစ်လောက် ထည့်ပေးပါ
  6. ပြီးတာနဲ့ အညှာဖြုတ် ထက်ခြမ်းခွဲပြီး ရေ၁၀မိနစ်လောက် စိမ်ထားပါ
  7. ရေစိမ်ထားသော ခရမ်းကြွတ်သီးကို ရေစစ်ကာ ခပ်ထူထူလေးတွေ လှီးပေးထားပါ
ငါးပိထောင်းရန်
  1. ငရုတ်ဆုံထဲမှာ အခွံခွာသော ပုဇွန်ကို အရင်ဆုံး ညက်နေအောင် ထောင်းပေးပါ
  2. ပုဇွန်ထောင်းထဲသို့ ငရုတ်သီးစိမ်းကို ညက်နေအောင် ထည့်ထောင်းပါ
  3. ပုဇွန်ငါးပိကို ထည့်ထောင်းပြီး နောက်ဆုံးမှ လှီးထားသော ခရမ်းကြွတ်သီးကို ခပ်ဖွဖွလေး ထည့်ထောင်းပါ
  4. အားလုံး သမသွားပြီဆိုတာနဲ့ စားပွဲပြင်ရန် ပန်းကန်ထဲသို့ ပြောင်းထည့်ပေးပြီး ခရမ်းကြွတ်သီးထောင်း စပ်စပ်လေးကို မိမိနှစ်သက်သလို စားသုံးနိုင်ပါပြီ။

Saturday 21 May 2016

ကြက်သားကင်






ဒီတခါတော့ အပျင်းလဲပြေစေ စားချင်တာလေးလဲ စားလို့ရစေဆိုပြီး မြေပဲဆော့ ဘာဘီကျူးအနှစ်လေးနဲ့ ကြက်သားကင်ပါတယ် အကင်အစာတွေက ကျန်းမာရေးနဲ့ မညီမညွတ်လို့ အမြဲတမ်းတော့ လုပ်မစားဖြစ်ပါဘူး။

တခါတလေမှသာ လုပ်စားဖြစ်တာမို့ မွှေးပြီးအရသာရှိလွန်းတဲ့ ကြက်သားကင်လေးကို တခါတလေတော့ ကင်စားကြည့်စေချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကြက်ရင်ပုံသား  - 350 g
  2. ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း ၂ဇွန်း
  3. အုန်းနို့ - ထမင်းစားဇွန်း ၃ဇွန်း
  4. သံပုရာရည် ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  5. သစ်ရွက်ဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  6. သံလွင်ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း (သံလွင်ဆီမရှိက တစ်ခြားဆီကို သုံးနိုင်ပါတယ်)
  7. ready made မြေပဲဆော့ - ထမင်းစားဇွန်း ၂ဇွန်းမောက်မောက်


ပြင်ဆင်ပုံ
  1. ကြက်ရင်ပုံသားကို ရေဆေးပြီး ပုံပါအတိုင်း တုံးပေးပါ
  2. တုံးထားသော ကြက်သားကို ပဲငံပြာရည် အုန်းနို့ သံပုရာရည် သံလွင်ဆီ အနှစ်တို့နှင့်ရောနယ်ကာ ရေခဲသေတ္တာထဲမှာ အနည်းဆုံး ၅နာရီလောက် နှပ်ထားပေးပါ
  3. မကင်ခင် ရေ၃နာရီလောက် စိမ်ထားသော အကင်ဝါးချောင်းလေးတွေမှာ အသားတုံးလေးတွေကို ထိုးပေးပါ
  4. ဘာဘီကျူး အကင်အိုးကို အပူပေးပြီး ဆီအနည်းငယ်သုပ်ပေးပါ
  5. အကင်အိုးမရှိပါက အောက်ခြေထူပြီး မကပ်သော အိုးတလုံးကို အသုံးပြုပြီး ကင်ပေးပါ
  6. ဆီပူလာတာနဲ့ အရသာနယ်ပြီး နှပ်ထားသော ကြက်သားကို အကင်အိုးထဲထည့်ပြီး ကင်ပေးပါ
  7. ကြက်သားကို ၃မိနစ်လောက် အပူပေးပြီး ကြက်သား အပေါ်ယံကို ဆီအနည်းငယ် သုတ်ပေးကာ တဖက်ကို လှည့်ပေးပြီး ကင်ပါ
  8. နောက်တဖက်ကိုလဲ ၃မိနစ်လောက် ကင်ပေးပြီးရင် ကြက်သားကင် မွှေးမွှေးလေး ရပါပြီ။