Saturday 7 May 2016

ရွှေရင်အေး







သင်္ကြန်တွင်း လုပ်စားဖြစ်တဲ့ ရွှေရင်အေးပါ ကျောက်ကျောလေးထည့်ရင်တော့ ပိုပြီးကောင်းပါတယ် အမြန်စားချင်တာနဲ့ ကျောက်ကျောမကျိုတော့ဘဲ အိမ်မှာအသင့်ရှိနေတဲ့ ပစ္စည်းလေးတွေနဲ့ဘဲ အမြန်လုပ်လိုက်တဲ့ ရွှေရင်အေးဆိုလဲ မမှားပါဘူး။

ဒါကြောင့်မို့လို့ သာကူကျိုနည်းက တင်ပြီးသားဖြစ်သလို အိမ်လုပ်အလွယ် ရွှေရင်အေး ပြင်နည်းလေးဘဲ မျှဝေလိုက်ပါတယ်။

ပါ၀င်ပစ္စည်းများ
  1. သာကူပြင် - ၁၀ခု
  2. ကောက်ညှင်းပေါင်း - ဟင်းပြင်ပန်းကန်အသေး တလုံးစာ
  3. ပေါင်မုန့် - ၅ချပ်
  4. အုန်းနို့ - 200 ml
  5. ရေသန့်-  600 ml
  6. သကြား - ထမင်းစားဇွန်း မောက်မောက် ၄ဇွန်း (အချိုကြိုက်လျှင် ပိုထည့်ပေးပါ)
  7. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  8. ရေခဲ - နှစ်သက်သလောက်

ပြင်ဆင်ပုံ
  • အသင့်လုပ်ပြီးသား သာကူပြင်ကို အနေတော် အတုံးလေးတွေ ရအောင်လှီးထားပါ
  • ပေါင်မုန့်ကို အနားသားများ ဖယ်ပေးကာ ပုံပါအတိုင်း အချပ်လေးတွေလှီးပြီး အဆင်သင့် ပြင်ထားပါ
  • ကောက်ညှင်းပေါင်းကိုလဲ အသင့်ပြင်ထားပါ
အုန်းနို့ဖျော်ရန်
  • အိုးတလုံးထဲမှာ အုန်းနို့  ရေ သကြားနှင့် ဆားတို့ကိုထည့်ပြီး ဆားနှင့် သကြားပျော်အောင် ကျိုပေးပါ
  • အုန်းနိုးအိုး ပွက်ပွက်ဆူလာတာနဲ့ မီးဖိုပေါ်မှ ဖယ်ပြီး အအေးခံထားပါ
မုန့်ပွဲပြင်ရန်
  • ပန်းကန်တခုထဲမှာ သာကူပြင် ပေါင်မုန့် ကောက်ညှင်းပေါင်းတို့ကို ထည့်ပေးပြီး ပြင်ပေးပါ
  • မုန့်ပွဲပြင်ထားသော ပန်းကန်ထဲသို့ အုန်းနို့ကို လိုသလောက်ဆမ်းပြီး ရေခဲထည့်ကာ ပြင်ပေးပါပြီးတာနဲ့ အားလုံးသမအောင် မွှေပေးပြီး ရွှေရင်အေး ချိုချိုမွှေးမွှေးလေးကို သုံးဆောင်နိူင်ပါပြီ။

No comments:

Post a Comment