Friday 6 May 2016

ကြက်ဟင်းခါးသီး အစပ်ကြော်



ဒီနေ့တော့ ကြက်ဟင်းခါးသီးကို အချိုကြော် အစပ်ကြော် ပြုပ်ပြီးတို့ မီးအုံးပြီးတို့ ဆားရည်စိမ်ပြီး တို့စရာလို အမျိုးမျိုး လုပ်စားကြတဲ့ အထဲက ဒီတစ်ခါတော့ အစပ်ကြော်လေး ကြော်စားဖြစ်လို့ မာမာကြော်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါ၀င်ပစ္စည်းများ
  1. ကြက်ဟင်းခါးသီး - ခပ်ကြီးကြီး သုံးလုံး
  2. ပုဇွန်ခြောက် - ထောင်းပြီးသား လက်ဖက်ရည် ပန်းကန်လုံး တစ်လုံး
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
  6. ငရုတ်သီး အစိမ်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. ပါးပါးရိတ်ရိတ် လှီးထားသော ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  8. ခပ်နုတ်နုတ် စဉ်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  9. ဆီ - ထမင်းစားဇွန်း ငါးဇွန်း
ပြင်ဆင်ချက်ပြုပ်ပုံ
  • ကြက်ဟင်းခါးသီးကို အလယ်မှ အစေ့များဖယ်ကာ အလုံးလိုက် ခပ်ထူထူလှီးပေးပါ
  • အားလုံးလှီးပြီးပါက ရေစင်အောင်ဆေးပြီ ရေစစ်ထားပါ
  • ကြိတ်ထားသော ပုဇွန်ခြောက်မှုန့်ကို ပြင်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ပါးပါးရိတ်ရိတ်လှီးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး နုတ်နုတ်စဉ်းထားပါ
  • အားလုံး အဆင်သင့်ဖြစ်ပါက ဆီကိုအပူပေးပြီး ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ပါ
  • ပြီးတာနဲ့ကြက်သွန်ဖြူ ကြက်သွန်နီကို နွမ်းသွားအောင် ကြော်ပေးပါ
  • နွမ်းပြီဆိုတာနဲ့ ပုဇွန်ခြောက်ကို တစ်မိနစ်လောက်ထည့်ကြော်၍ ကြက်ဟင်းခါးသီး ထည့်ကြော်ပါ
  • ဆား အရသာမှုန့်တို့ ထည့်မွှေပြီး တစ်မိနစ်လောက်ပြည့်တာနဲ့ ရေ ထမင်းစားဇွန် သုံး ဇွန်းလောက်ထည့်ပြီး အားလုံးကို သမအောင်မွှေကာ အိုးအဖုံးမအုပ်ဘဲ ကြော်ပေးပါ
  • ဟင်းအိုးမကပ်စေရန် အိုးကိုမမွှေဘဲ လှုပ်လှုပ်ပေးပါ
  • ဆီသံကြားပြီး ရေခမ်းလာတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ ကြက်ဟင်းခါးသီးကြော် စပ်စပ်လေးကို စားဖို့ပြင်ဆင်နိုင်ပါပြီ။

No comments:

Post a Comment