Saturday 14 May 2016

မုန့်တီ စပ်စပ်လေး


မုန့်တီပူပူစပ်စပ်လေး ချက်သောက်ဖြစ်လို့ မာမာချက်တဲ့ နည်းကိုဘဲ မျှဝေလိုက်ပါတယ် တိုင်းရင်းသား ရိုးရာအစာတွေချက်ရတာ နေရာဒေသ တနေရာနဲ့ တနေရာ ချက်နည်းတွေ မတူကြတဲ့အတွက် တခါတရံ ချက်နည်းမှားတယ် ဘာညာ လာပြောရင် တော်တော်လေးတော့ သည်းခံရပါတယ်။

ဘယ်အစာကိုဘဲဖြစ်ဖြစ် အစာတခုမှာ ပါဝင်တာတွေကို ရိုးရာအစာ အရသာကို မပျောက်ပျက်စေဘဲ ပါဝင်ပစ္စည်းတွေကို အခြေခံကာ ကိုကိုယ်တိုင် ဆန်းသစ်ပြီး ချက်ကြည့်စေချင်သလို တယောက်နဲ့ တယောက်လဲ အကြိုက်တွေ မတူကြတာမို့လို့ ကိုယ်နှစ်သက်သလို ပြင်ဆင်ပြီး ချက်ပြုပ်တတ်အောင် ကျိုးစားကြည့်စေချင်ပါတယ်။

အခုလဲ မာမာ့အကြိုက် ပုံစံတမျိုးနဲ့ ချက်ထားတဲ့ မုန့်တီချက်နည်းတူပေမဲ့ သုံးထားတဲ့ ငါးမတူတဲ့အတွက် ငါးရွှေနဲ့ချက်မှ မုန့်တီလို့တော့ ပြောကြအုံးမယ် ထင်ပါတယ် ငါးရွှေမရှိတဲ့ အရပ်ဒေသမှာ အနီးစပ်ဆုံးတူအောင် စားချင်စိတ်ကို အာသီသဖြေဖို့အတွက် ချက်ထားခြင်းသာ ဖြစ်ပါတယ်။

အရင်တခါ ဘာဆာငါးနဲ့ချက်ပြီး အခုတခါတော့ ငါးခူနဲ့ချက်ထားပါတယ် ငါးခူက ဟင်းရည်အရသာကို ပိုပြီးချိုစေပြီး ဘာဆာငါးကတော့ အချိုပေါ့ပါတယ် ချက်နည်း ပါဝင်ပစ္စည်းကတော့ အတူတူပါဘဲရှင်။

ပါဝင်ပစ္စည်းများ
ငါးပြုပ်ရန်

  1. ငါးခူ - နှစ်ဆယ်သား
  2. ငံပြာရည် - လက်ဖက်ရည်ပန်းကန်လုံး တဝက်သာသာ
  3. ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း တို့ကိုရေမြုပ်ရုံ  ရောပြုပ်ပေးပြီး နူးသွားပါက အသားဖတ်လေးမျးကို ထွင်ထားပါ
  4. ငါးအရိုးများကို ငရုတ်ဆုံထဲမှာ ညက်အောင်ထောင်းပြီး ရေ အနည်းငယ်နှင့် အရည်ငင်ထားပါ။

ဟင်းရည်ချက်ရန်
  • ရေ - 11 cups
  • အရိုးငင်ထားသော ငါးရိုး -အရည် အနည်းငယ်
  • ကြက်သွန်ဖြူ - ဆယ်မွှာ (ထောင်းပေးပါ)
  • ကြက်သွန်နီ - နှစ်လုံး (အဖတ်လေးများလှီးပေးပါ)
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  • ပုဇွန်ငပိ - ထမင်းစားဇွန်းနှစ်ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်းတစ်ဇွန်း
  • ငံပြာရည် - ထမင်းစားဇွန်းနှစ်ဇွန်း
  • ဟင်းချိုမှုန့် - ထမင်းစားဇွန်းတစ်ဇွန်း
  • ပဒဲကော - တစ်လက်မ (ထောင်းပေးပါ)
  • ငါးဖယ်ခြစ် သို့မဟုတ် ဘာဆာငါးခြစ် အနည်းငယ်ကို အရသာနယ်ပြီး အချက်၂၀၀လောက် ပေါက်ကာ အလုံးလေးတွေ လုပ်ထားပါ
  • အရိုးထွင်ထားသောငါး အသားများနှင့် ပါဝင်ပစ္စည်း အားလုံးရောပြီး ရေပွက်ပွက်ဆူကာ ကြက်သွန်ဖတ်များ နူးအောင်တည်ပေးပါ
  • ရေပွက်ပွက်ဆူလာပါက ငါးခြစ်လုံးလေးများ ဟင်းရည်ထဲထည့်ပေးပါ ငါးလုံးများ ရေပေါ်ပေါ်လာပါက ဟင်းရည်အိုးကို အရသာမြည်းပြီး လိုသလိုပြင်ပေးပါ
မုန့်တီထဲ ထည့်သောက်ရန်
  • ငရုတ်သီးစိမ်း အစပ်တောင့် - စားနိုင်သလောက် (လှော်ပြီးထောင်းပေးပါ)
  • Ready made မုန့်ဖတ်အခြောက် - 400 g (ပြုပ်ပေးထားပါ)
  • မကျည်းမှည့်ရည် - လက်ဖက်ရည်ပန်းကန် တစ်လုံး
  • သံပုရာသီး - တစ်လုံး( ကြိုက်လျှင်ထည့်သောက်ပါ )
  • ငံပြာရည် - လက်ဖက်ရည်ပန်းကန် တစ်လုံး
  • ပဲကြော် - ဆယ်ချပ် (ချေထားပေးပါ)
  • နံနံပင် - ဆယ်ပင်ခန့် (လှီးပေးထားပါ)
  • ငါးဖယ်ကြော် - အချပ်သုံးဆယ် (အနေတော် ညှပ်ထားပေးပါ)
  • ကြက်သွန်ဖြူဆီချက် - တရုတ်ဟင်းပြင်ပန်းကန် အသေးတလုံးစာ ချက်ထားပါ
တစ်ပွဲစာပြင်ရန်
  • မုန့်ဖတ် - လက်တစ်ဆုတ်စာ
  • ပဲကြော် - ထမင်းစားဇွန်းတစ်ဇွန်း
  • ငါးငံပြာရည် - လက်ဖက်ရည်ဇွန်းတစ်ဝက်
  • မကျည်းမှည့်ရေ - လက်ဖက်ရည်ဇွန်းတစ်ဇွန်း
  • ငရုတ်သီးစိမ်းထောင်း - လက်ဖက်ရည်ဇွန်းတစ်ဝက်
  • ငါးဖယ် - တစ်ချပ်
  • ကြက်သွန်ဖြူဆီချက်အဖတ် - အနည်းငယ်
  • နံနံပင် - နှစ်သက်သလောက်
အိမ်မှာရှိတာလေးတွေနဲ့ စားကောင်းအောင် ချက်ထားတဲ့အတွက် ပုံမှာ တချို့ပစ္စည်းများ မပါပါ ။

2 comments:

  1. ရခိုင်မှာလည်းရှိတဲ့ငါးနဲ့ချက်ကြပါတယ် တီမာ တခါတခါကြက်သားနဲ့လည်းချက်တယ် ပုဇွန်ခြောက်နဲ့လည်းချက်တယ်.. အဓိကကတော့ စားကောင်းဖို့ပဲမဟုတ်ဘူးလား
    ဝေဖန်တဲ့သူ ပြောတဲ့သူကတော့ ဆိုင်ကဝယ်စားရင်တောင် ပြောကြဦးမှာမို့ ဂရုမစိုက်ပါနဲ့တီမာရယ်...ငါးရွှေတွေဘာတွေက အမြဲပေါတာမဟုတ်ဘူး။ အထူးသဖြင့်နိုင်ငံခြားမှာဆိုပိုဆိုးတယ်လေ...။ ရှိတာလေးနဲ့မြိန်ဖို့အဓိကပါပဲ..။

    ချစ်ခင်လျက်
    ဆုမြတ်

    ReplyDelete
  2. အခုလို ကွန်မန့်ဝင်ရေးပေးလို့ ကျေးဇူးအများကြီး တင်ပါတယ်
    နိုင်ငံရပ်ခြားမှာ ရောက်နေတဲ့ သူတွေက ကိုယ့်မြန်မာအစာကို နှစ်သက်ကြလွန်းလို့ မဖြစ်ဖြစ်တဲ့နည်းနဲ့
    ချက်စားနေကြရတာကို နားလည်ပေးလို့လဲ ကျေးဇူးတင်ပါတယ် ဆုမြတ်ရေ

    ReplyDelete