Monday, 17 May 2021

ကြက်သွန်ဖြူ ငရုတ်သီးကြော်




ဒီနေ့တော့ ချဉ်ရည်ဟင်းနဲ့ လိုက်ဖက်လွန်းတဲ့ ငရုတ်သီးကြော်လေး ကြော်ပါတယ် ကြော်ရတာ လွယ်သလောက် စားလို့ကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ

  1. ကြက်သွန်ဖြူ - အမွှာခပ်ကြီးကြီး နှစ်ဆယ်ခန့်
  2. ငရုတ်သီး လုံးခြမ်းကွဲ -  ထမင်းစားဇွန်း ငါးဇွန်းမောက်မောက်
  3. ဆီ - ထမင်းစားဇွန်း ဆယ့်ငါးဇွန်း
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ပြင်ဆင်ပုံ

  • ကြက်သွန်ဖြူ အခွံခွာပြီး ရေဆေးကာ မညက်တစ်ညက် ထောင်းထားပါ။
  • ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်ပါက ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ။
  • ဆီပူလာပါက မီးကိုအနည်းငယ် လျှော့ပေးပြီးမှ နနွင်းမှုန့်ထည့်ကာ ထောင်းထားသော ကြက်သွန်ဖြူကို ထည့်ကြော်ပေးပါ။
  • ကြက်သွန်များ ရွှေဝါရောင်လေး သန်းလာတာနဲ့ ငရုတ်သီး လုံးကြမ်းခွဲကို ထည့်ပြီး ၂မိနစ်လောက် ကြော်လိုက်ပါ။
  • ငရုတ်သီးနံ့လေး မွှေးလာပါက ဆားနှင့် အရသာမှုန့်တို့ထည့်ပြီး မွှေပေးပါ။ 
  • ကြက်သွန်ဖြူနှင့် ငရုတ်သီးကြော်များ ကြွတ်ရွလာတာနဲ့ မီးပိတ်ပြီး အကြော်များကို ပန်းကန်ထဲ ပြောင်းထည့်ပေးပါ
  • ကြက်သွန်ဖြူ ငရုတ်သီးကြော် မွှေးမွှေးလေး ရလာတာနဲ့ နှစ်သက်ရာ ချဉ်ရည်ဟင်း တို့စရာတို့ဖြင့် တွဲဖက်ပြီး စားသုံးနိုင်ပါပြီ။

Saturday, 15 May 2021

ကြက်ပေါင်ကြော်

 

ဒီနေ့တော့ ကြက်ပေါင်သားလေးတွေကို မွှေးပြီးကြွတ်နေအောင် ကြော်ထားပါတယ် ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ကြက်ပေါင် - ခပ်ကြီးကြီး သုံးခု
  2. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  3. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  4. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. ကြက်သွန်ဖြူ - အမွှာကြီးကြီး ဆယ့်ငါးမွှာခန့်
  6. ဆီ - လိုသလောက် သုံးပေးပါ
ပြင်ဆင်ပုံ
  • ကြက်ပေါင်သားကို အတုံးလိုက် ရေဆေးပြီး ရေစစ်ထားပါ
  • ရေစသ်သွားတာနဲ့ ကြက်ပေါင်ကို အရှည်လိုက် လှီးချပြီး အရိုးကို ထုတ်ပေးပါ
  • အရိုးထုတ်ပြီးတာနဲ့ ပြန့်ပြန့်လေး ဖြန့်လိုက်ပြီး ဓါးပြားနဲ့ သုံးလေးချက်လောက် ထုပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ငရုတ်ဆုံထဲမှာ မညက်တစ်ညက်လေး ထောင်းထားပါ
  • ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • ပြီးတာနဲ့ ဇောက်နက်သော အနေတော် အိုးထဲကို ဆီတစ်ဝက်နီးပါးလောက် ထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကိုအနေတော် လျှော့ပေးပြီးမှ ကြက်သားကို အပြားလိုက် ထည့်ကြော်ပါ
  • ကြက်သားထည့်ပြီးတာနဲ့ ငါးငံပြာရည် အရသာမှုန့် နှင့် ငရုတ်ကောင်းမှုန့်တို့ ထည့်ကြော်ပေးပါ
  • ကြော်နေစဉ် အကျက်ညီစေရန် အထက်အောက် မကြာမကြာ လှန်ပေးပါ
  • ကြက်သားကြော် ကြွတ်လာပြီ ဆိုတာနဲ့ ထောင်းထားသော ကြက်သွန်ဖြူကို ထည့်ကြော်ပေးပါ
  • ကြက်သွန်ဖြူ ထည့်ပြီးတာနဲ့ အဆက်မပြတ် မွှေမွှေပေးပါ
  • ကြက်သွန်ကြော်မျာ ဝါရောင်ရောင်လေး သန်းလာတာနဲ့ ကြက်သားနှင့် ကြက်သွန်ကြော်များကို ဆယ်ပြီး ဆီစစ်ပေးပါ
  • ကြက်သွန်ဖြူကြော်က အကျက်လွန်ပြီး ညိုရောင်သန်းသွားပါက ခါးသွားတတ်တဲ့အတွက် သတိထားပြီး ကြော်ပေးပါ
  • ဆီစစ်သွားတာနဲ့ ကြက်သားကြော် မွှေးမွှေးကြွတ်ကြွတ်လေးကို ထမင်းပူပူလေးနဲ့ စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Friday, 14 May 2021

မုံလာဥနီ မျှစ်ချဉ်ရည်ဟင်း


အခုရက်ထဲ ဆောင်းရာသီကြီးမှာ မိုးကနှစ်ပါတ်ဆက်တိုက် ရွာနေတော့ အပြင်မထွက်တော့ဘဲ အရင်တစ်ပါတ်က ဝယ်ထားတဲ့ မုန့်ညှင်းစိမ်းလေးတွေရယ် မျှစ်လေးတွေရယ်ကို ရောကာ ချဉ်ရည်ဟင်းလေး တစ်မယ် ချက်ပါတယ်။


မျှစ်ဆိုရင် ဘာမျှစ်ဘဲ ဖြစ့်ဖြစ် အရမ်းကြိုက်လွန်းလို့ ဒီနေ့တော့ ထမင်းစားလို့ မြိန်အုံးမှာပါ ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ လွယ်ကူမြန်ဆန် ချဉ်ရည်ဟင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. မုန်လာဥနီ - အပင်နှစ်ဆယ်ခန့်
  2. ပုဇွန်ငဆုတ် - ကြော်ပြီးသား ဆယ်ခု
  3. ခရမ်းချဉ်သီး - အလုံးကြီးပြီး သုံးလုံး
  4. ဝါးဘိုးမျှစ်နုပြုပ်ပြီးသား - ငါးပင်ခန့်
  5. ရှမ်းနံနံရွက် - ၇ ရွက်ခန့်
  6. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  7. ကြက်သွန်ဖြူ  - အမွှာကြီးကြီး နှစ်မွှာ
  8. ချင်း - လက်တဆစ်ခန့်
  9. ငရုတ်သီးမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  11. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  12. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  13. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  14. မန်ကျည်းသီးမှည့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  15. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ပြင်ဆင်ပုံ
  • မုန်လာပင်များကို တစ်ပင်ချင်း ထက်ဝက်ပိုင်းဖြတ်ပြီး ရေစင်အောင် ဆေးပေးပါ
  • မုံလာဥလေးများကို ရေစင်အောင် ဆေးပေးပြီး ထက်ခြမ်းလေးတွေ ခြမ်းထားပါ
  • ဝါးဘိုးမျှစ်နု ပြုပ်ပြီးသားကို ရေဆေးပြီး  အရှည်လိုက်လေးတွေ လှီးထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  • ရှမ်းနံနံကို ရေဆေးပြီး ရေစစ်ထားပါ
  • ကြက်သွန်ဖြူ  ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီးမှုန့်ထည့်ပြီး ညက်နေအောင် ထောင်းထားပါ
  • ကြော်ပြီးသား ပုဇွန်ငဆုတ်ကို အဆင်သင့် ပြင်ထားပါ
  • မန်ကျည်းသီးမှည့်ကို ရေတစ်ထပ်ဆေးပြီး ရေနွေးနှင့် စိမ်ထားပါ 
  • ဇောက်နက်သော အိုးထဲမွာ မုံလာရွက် မုံလာဥ  မျှစ်များ ခရမ်းချဉ်သီး နနွင်းမှုန့် ဆား ငါးငံပြာရည် အရသာမှုန့် ဆီနှင့် ငရုတ်သီးမှုန့် ကြက်သွန်ဖြူ  ကြက်သွန်နီနှင့် ချင်းထောင်းတို့ကိုထည့်ပြီး နယ်ပေးပါ
  • အရသာ နယ်ပြီးပါက ရေအနည်းငယ်ထည့်ပြီး အိုးအဖုံးအုပ်ကာ တည်ပေးပါ
  • အရင်ဆုံး လုံးထားသော အရည်ကို ရေဆူအောင် တည်ပေးပါ
  • ရေဆူလာတာနဲ့ အထက်အောက် သမအောင်မွှေပေးပြီး အဖုံးအုပ်ကာ ပြန်တည်ထားပါ
  • အရွက်များ တော်တော်လေး နွမ်းလာတာနဲ့ အဆင်သင့် ပြင်ထားသော ပုဇွန်ငဆုတ်ကြော်ကိုထည့်ကာ  ရေလိုသလောက်ထည့်ပြီး ပွက်ပွက်ဆူအောင် ပြန်တည်ပေးပါ
  • ရေပွက်ပွက်ဆူကာ အရွက်များ နူးလာပါက မန်ကျည်းသီးမှည့် အနှစ်ထည့်ပြီး ရေကို တစ်မိနစ်လောက် ထပ်ဆူအောင်ထားလိုက်ပါ
  • ပြီးတာနဲ့အရသာမြည်းပြီး လိုသလို ပြင်ပေးကာ ရှမ်းနံနံရွက် အုပ်ပေးပြီး မီးပိတ်ပေးပါ
  •  ထမင်း​မြိန်စေတဲ့ မုံလာဥနီ မျှစ် တို့နဲ့ အရသာ မွှေးလွန်းတဲ့ ချဉ်ရည်ဟင်း ပူပူလေးကို ငါးပိရည် တို့စရာတို့နဲ့ တွဲဖက်ပြီး  စားသုံးနိူင်ပါပြီ။

Wednesday, 5 May 2021

Air Fryer နဲ့ကင်တဲ့ မဲသားကင်


 







ဒီနေ့တော့ အသီးအရွက်တွေနဲ့ ရောပြီး salad လုပ်ရလေအောင် အမဲသား ကင်ပါတယ် အရင်တုန်းကလို အကင်အိုးနဲ့ မကင်ဘဲ air fryer အိုးနဲ့ ကင်ဖြစ်တဲ့အတွက် အိမ်ထဲမှာ ဆီညှော်နံ့တွေလဲ ကင်းသလို မီးဖိုခန်းလေးလဲ သန့်သန့်ပျံ့ပျံ့ သုံးလို့ရသွားပါတယ် နောက်တစ်ခုက အသားထဲက အဆီတွေ အကုန်နီးပါး ထွက်ကုန်တဲ့အတွက် ကျန်းမာရေးနဲ့လဲ ပိုပြီးတော့ ညီလိမ့်မယ်လို့ ထင်ပါတယ်။

ဒါကြောင့်မို့လို့ air fryer အိုးနဲ့ မာမာကင်ထားတဲ့ နည်းလေးကို မျှဝေလိုက်ပါတယ် မိမိအသုံးပြုမဲ့ အသားတုံး အထူအပါး အပေါ်မူတည်ပြီး အသားကို ကင်တဲ့အချိန် မိနစ်အနည်းအများကို လိုတိုးပိုလျှော့ လုပ်ပေးဖို့တော့ သတိလေး ပြုစေချင်ပါတယ်ရှင်။


ပါ၀င်ပစ္စည်းများ

  1. အမဲသား - နှစ်တုံး (500 g)
  2. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  3. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း  ငါးပုံတစ်ပုံ
  4. ချင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. ကြက်သွန်ဖြူမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ

ပြင်ဆင်ပုံ

  • အမဲသားကို ရေဆေးပြီး ရေစစ်ထားပါ
  • ရေစစ်ထားသော အမဲသားကို ချင်းမှုန့် ကြက်သွန်ဖြူမှုန့် နနွင်းမှုန့် ဆား အရသာမှုန့်နှင့် ငရုတ်ကောင်းမှုန့်တို့ဖြင့် ခပ်ဖွဖွ နယ်ပေးပါ
  • အမဲသား ကင်အရန်သားအတွက် အမဲသားကို air fryer အိုးထဲကို ထည့်ပေးပါ
  • ပြီးတာနဲ့ 160*c နှင့် ပထမတစ်ကြိမ် ၁၅မိနစ် ထည့်ပေးပါ
  • ၁၅မိနစ်ပြည့်တာနဲ့ အမဲသားကို နောက်တစ်ဖက်ကို လှန်ပေးကာ ၁၅မိနစ် ထပ်ထည့်ပေးပါ
  • ကင်ချိန် ပြည့်တာနဲ့ အိုးထဲမှ ထုတ်ပေးကာ မိမိနှစ်သက်သလို စားသုံးရန် အမဲသားကင် မွှေးမွှေးလေး ရပါပြီ။

Monday, 3 May 2021

ငရုတ်သီးစိမ်း ငါးပိရည်ဖျော်




မာမာတို့နေတဲ့ NSW ပြည်နယ်ထဲက တောင်ပေါ်မြို့လေးမှာ ကျန်ခဲ့တဲ့ လေးငါးပါတ်လောက်ကစပြီး ဆောင်းရာသီ ဝင်ပြီသွားပါပြီ အစထဲက ယဉ်သကိုး ဆိုသလိုပါဘဲ ဆောင်းစပြီး ဝင်တာနဲ့ အေးချက်က 8ဒီဂရီတွေဘာတွေ ဖြစ်နေတော့ ရာသီဥတု အေးစိမ့်စိမ့်လေးကို စပြီးရင်ဆိုင်ရပါတော့မယ်။

ဒါကြောင့်မို့လို့ ဒီနေ့တော့ စပ်ပေ့ဆိုတဲ့ ငရုတ်သီး အစိမ်းရောင်လေး တွေကိုသုံးပြီး ငါးပိရည် စပ်စပ်မွှေးမွှေးလေး ဖျော်ထားပါတယ်။

 ငါးပိရည် တစ်ခါကျိုတိုင်း အိမ်ထဲမှာ ကျန်နေတတ်တဲ့ အနံ့တွေက လေလုံတဲ့ အိမ်တွေမှာ တော်တော်နဲ့ မပျောက်တတ်တဲ့အတွက် မာမာကတော့ တစ်ခါကျိုရင် ခပ်များများလေးကျိုပြီး လေလုံဗူးလေးတွေထဲ ထည့်ထားကာ ရေခဲသေတ္တာ ခဲတဲ့အကန့်ထဲမှာ ထည့်ထားပြီး သိမ်းထားတတ်ပါတယ်။

ဒါကြောင့်မို့လို့ ဒီတစ်ခါလဲ ငါးပိရည် မွှေးမွှေးလေးနဲ့ ငါးပိရည်ဖျော် မွှေးမွှေးစပ်စပ်လေးရဲ့ ဖျော်စပ်ပုံ ဖျော်စပ်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
ငါးပိရည်ကျိုရန်
  1. ငါးပိရည်ကျိုရန် ငါးငပိ - နှစ်ဆယ်သား (ငါးရံ့ငါးပိကို သုံးထားပါတယ်)
  2. ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်မရှိတစ်ရှိ
  4. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၄ဗူးခွဲသာသာတို့ကို ဇောက်နက်သော အိုးတစ်လုံးထဲ ငါးပိနှင့် အတူတူထည့်ပေးပြီး ဆယ်မိနစ်လောက် ပွက်ပွက်ဆူအောင် တည်ပေးပါ
  5. ငါးပိရည် ရပါက အရိုးများစစ်ကာ ငါးပိရည်ကို ပန်းကန်လုံး တစ်လုံးထဲသို့  ပြောင်းထည့်ထားပါ။

ဖျော်စရာထောင်းရန် ပါ၀င်ပစ္စည်းများ
  1. ပုဇွန်ထုတ် - အကောင်ကြီးကြီး ကိုးကောင်
  2. ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက်
  3. ကြက်သွန်ဖြူ  - အမွှာကြီးကြီး ၁၁မွှာ
  4. ကြက်သွန်နီ - အနေတော် သုံးလုံး
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
ပြင်ဆင်ပုံ
  • ကြက်သွန်ဖြူကို အမွှာလေးတွေထွင်ပြီး ရေဆေးကာ အသားထူသော ဒယ်အိုးထဲမှာ အပေါ်ယံ အခွံများ ကျွမ်းယောင်သန်းလာထိ  ထည့်လှော်ပေးပါ
  • ကြက်သွန်နီကိုလဲ အသားထူသော ဒယ်အိုးထဲမှာ အပေါ်ယံအခွံများ ကျွမ်းယောင်သန်းလာထိ  ထည့်လှော်ပေးပါ
  • ပြီးတာနဲ့ ကြက်သွန်နီနှင့် ကြက်သွန်ဖြူတို့ကို ရေဆေးပြီး အခွံများ ခွာပေးထားပါ
  • ပုဇွန်ထုတ်များကိုလဲ ရေဆေးကာ ဒယ်အိုးထဲမှာ ရေမြုပ်ရုံလေး ထည့်ပေးပြီး ပြုပ်ပေးပါ
  • ပြုပ်ထားသော ရေခမ်းတာနဲ့ အခွံများ ခွာထားပါ
  • ငရုတ်သီးစိမ်းကိုလဲ ရေဆေးကာ အသားထူသော ဒယ်အိုးထဲမှာ အပေါ်ယံ ကျွမ်းယောင်သန်းလာထိ  ထည့်လှော်ပေးပါ
  • ပြီးတာနဲ့ ငရုတ်ဆုံ ခပ်ကြီးကြီးထဲမှာ ကြက်သွန်ဖြူ ကြက်သွန်နီ ပုဇွန်ထုတ်နှင့် ငရုတ်သီးစိမ်းတို့ကို မညက်တစ်ညက် ထောင်းပေးထားပါ
  • ပြီးတာနဲ့ ကျိုပြီးအရိုးစစ်ထားသော ငါးပိရည် ပန်းကန်ထဲသို့ အရသာမှုန့် လက်ဖက်ရည်ဇွန်း နှစ်ဇွန်းနှင့် ထောင်းထာသော ပုဇွန်ထုတ် ငါးပိရည်ဖျော်ကို ထည့်ဖျော်ပေးပါ
  • ငါးပိရည်အဖျော် ရတာနဲ့ တစ်ခါစားစာ ချန်ထားပြီး ပိုနေသော ငါးပိရည်ဖျော်များကို လေလုံဗူးများနှင့်ထည့်ကာ ရေခဲသေတ္တာ ခဲတဲ့အကန့်ထဲမှာ ထည့်ပြီးသိမ်းထားပါ
  • ငါးပိရည် အဖျော်မွှေးမွှေး စပ်စပ်လေးနဲ့ အရသာရှိလှတဲ့ ငါးပိရည်ဖျော်လေးကို တို့စရာအစုံနှင့် မြိန်ယှက်စွာ စားသုံးနိုင်ပါပြီ။

Sunday, 2 May 2021

ပြည်ကြီးငါးကြော်


 ပြည်ကြီးငါးကြော်လေး ကြော်စားမိတော့ အန်တီရယ် သမီးတို့ကို လုပ်နည်းလေး ပြောပါလားဆိုပြီး လာလာပြောကြတယ် ဒီတော့လဲ မနေနိူင်ပြန်ပါဘူး မအားတဲ့ကြားကနေ ရေးပေးရပြန်ပါတယ်။

အကောင်လိုက်မို့ ကိုင်ရဆေးရတာ နဲနဲလေးတော့ လက်၀င်ပါတယ် အကိုင်အတွယ်မတတ်လို့ ဗိုက်ထဲက မဲနယ်အိတ်လေးပေါက်သွားရင် ဆေးလို့ကို မပြီးနိုင်တော့ပါဘူး ဒါကြောင့်မို့ မဲနယ်အိတ်ကို အရင်ထုတ်ပြီးမှ ကျန်တဲ့မလိုတာတွေကို ဖယ်တာအကောင်းဆုံးပါ။

အားလုံးသန့်စင်ပြီဆိုရင်တော့ လိုအပ်တာတွေကို ပြင်ဆင်ပြီး ကြော်ဖို့နည်းလေး မျှဝေလိုက်ပါတယ်။

ပါ၀င်ပစ္စည်းများ

  1. ပြည်ကြီးငါး အကောင်ကြီးကြီး - နှစ်ကောင်
  2. BREAD CRUMBS. - ကပ်နိူင်သလောက် ကပ်ပေးပါ
  3. ကြက်ဥ - တစ်လုံး
  4. ဆား - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  5. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
  7. ဆီ  - လိုသလောက် သုံးပေးပါ

ပြင်ဆင်ပုံ

  • ပြည်ကြီးငါးကို ရေစင်အောင်ဆေးပြီး အ၀တ်စသန့်သန့် သို့မဟုတ် paper towel နှင့်သုတ်ကာ အခြောက်ခံပေးပါ
  • ရေခြောက်သွားပါက အနေတော် အကွင်းလိုက်လှီးပေးပါ
  • လှီးထားသော ပြည်ကြီးငါး အကွင်းလေးများကို ဆား ငရုတ်ကောင်း အချိုမှုန့်တို့နဲ့ နယ်ပေးပါ
  • ကြက်ဥကို ပန်းကန်လုံး တစ်လုံးထဲထည့်ပြီး ခလောက်ထားပါ
  • BREAD CRUMBS အမှုန့်ကို ပန်းကန်ပြားထဲ ထည့်ထားပါ
  • ပြည်ကြီးငါးကို ခလောက်ထားသော ကြက်ဥထဲမှာ နှစ်ပေးပြီး တစ်ကွင်းခြင်းမှာ ကပ်အောင်လူးပေးပါ
  • ပြီးတာနဲ့ bread crumbsအမှုန့်မှာ ခပ်ထူထူလေး လူးပေးပါ
  • အားလုံးကို bread crumb အမှုန့်နှင့် ကပ်လူးပြီးပါက ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကိုပူအောင်တည်ပေးပါ
  • ဆီပူလာပါက မီးကိုအနေတော် လျှော့ပေးပြီးမှ ပြည်ကြီးငါး အကွင်းလေးတွေကို တစ်ကွင်းခြင်း အိုးဆန့်သလောက် ထည့်ကြော်ပေးပါ
  • ပြည်ကြီးငါး အကွင်းလေးများ တစ်ဖက်က ရွှေဝါရောင်သန်းလာပါ နောက်တစ်ဖက်ကို လှန်ပေးပါ
  •  နှစ်ဖက်စလုံး ရွှေဝါရောင် သန်းလာပါက ချက်ချင်းဆယ်ပြီး ဆီစစ်ပေးပါ
  • အထက်ပါ နည်းအတိုင်း ကုန်တဲ့အထိ ကြော်ပေးကာ ဆီစစ်တာနဲ့ ပြည်ကြီးငါးကြော် မွှေးမွှေးလေးကို သုံးဆောင်နိုင်ပါပြီ။

Saturday, 1 May 2021

မုံလာဥ ကင်မ်ချီ







မာမာတို့ နေတဲ့မြို့လေးမှာ ရာသီဥတုက အရမ်း အေးလာပါပြီ ရာသီဥတု အေးတဲ့အခါ ဘာစားစား အစာက မကျေသလို ထင်ရပြီး အစားအသောက်လဲ ပျက်ချင်သလို ဖြစ်တတ်ပါတယ်။

ဒါကြောင့်မို့လို့ ဒီနေ့တော့ အရင်ရက်တွေက လုပ်ထားတဲ့ ခံတွင်းလိုက်ပြီး ချိုချဉ်အရသာ ပါဝင်မဲ့ မုံလာဥကင်မ်ချီ လုပ်ထားတာ ရပါပြီ။

ကင်မ်ချီ လုပ်နည်းတွေက ယူကျူ့မှာ အများကြီး ရှိပေမဲ့ ကိုယ့်ပါးစပ်နဲ့ ခံတွင်းတည့်နိုင်မဲ့ လုပ်နည်းလေးကို သူတို့ဆီက အခြေခံယူပြီး လုပ်ထားတဲ့အတွက် မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ လုပ်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. မုန်လာဥဖြူ - 500 g
  2. ကြက်သွန်မိတ် - ငါးပင်
  3. ဆား - ထမင်းစားဇွန်း တစ်ဇွန်း
  4. သကြား - ထမင်းစားဇွန်း နှစ်ဇွန်း
  5. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၇မွှာ
  6. ချင်းတက် - တစ်လက်မခန့်
  7. ငရုတ်သီး အရောင်တင်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်းခွဲ

ပြင်ဆင်ပြုလုပ်ပုံ
  • မုံလာဥကို အခွံခွာပြီး ရေဆေးထားပါ
  • ရေဆေးထားသော မုန်လာဥကို လေးထောင့်အတုံးလေး ရလာအောင် လှီးပေးပါ
  • ချင်းကိုအခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ပြီး ခပ်နုတ်နုတ် လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ကာ ခပ်နတြ်နုတ် လှီးထားပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး တစ်လက်မလောက် အနေလေးတွေ လှီးထားပါ
  • ဇလုံကျယ်ကျယ် တစ်ခုထဲမှာ လှီးထားသော မုန်လာဥ  ကြက်သွန်မိတ် ချင်း ကြက်သွန်ဖြူ ဆား သကြားနှင့် ငရုတ်သီးမှုန့်တို့ထည့်ပြီး သမအောင် နယ်ပေးပါ
  • အရသာ သမသွားပြီ ဆိုတာနဲ့  လေလုံလုံ ဗူးထဲမှာ ဖိသိပ်ပြီး ထည့်ပေးပါ
  • ပြီးတာနဲ့ အဖုံးအုပ်ကာ အခန်းအပူချိန်အတိုင်း နှစ်ရက်မှ သုံးရက်အတွင်း ထားပေးပါ
  • သုံးရက်လောက်ဆိုရင် ကောင်းကောင်း ချဉ်လာပြီဖြစ်လို့ ရေခဲသေတ္တာ မခဲတဲ့ အကန့်ထဲမှာ ထည့်ပြီး ထားပါက လနှင့်ချီပြီး ထားစားလို့ ရပါတယ်
  • ထမင်းကြော် ခေါက်ဆွဲကြော်များ ထမင်းတို့နှင့် နှစ်သက်သလို တွဲဖက်ပြီး စားသုံးလို့ ရသလို ကင်မ်ချီ ဟင်းချိုချက်ရာတွင်လဲ အသုံးပြုလို့ ရပါတယ်။

Friday, 30 April 2021

က ကတစ်ငါး ငါးဆားနယ်ကြော်


ဒီနေ့တော့ ထမင်းစားလို့မြိန်စေမဲ့ က ကတစ်ငါးကို ငါးဆားနယ်လေး လုပ်ထားကာ ကြော်ထားပါတယ် က ကတစ် ငါးဆားနယ်ကို ချက်စားမယ် ဆိုရင်တော့ မန်ကျည်းမှည့်ရည် ပျစ်ပျစ်လေးနဲ့ ချက်တာက အကိထိမ်းပေးတဲ့အတွက် စားလို့ကို အရမ်းကောင်းပါတယ်။

ဒါကြောင့်မို့လို့ ထမင်းမြိန်မြိန်လေး စားနိူင်အောင် က ကတစ် ငါးဆားနယ် လုပ်နည်းနဲ့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ ငါးဆားနယ် ကြော်တဲ့နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. က ကတစ်ငါး တစ်ကောင် - 800 g 
  2. ဆား - ထမင်းစားဇွန်း သုံးဇွန်းမောက်မောက် (ငါးကိုနယ်ရန်)
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး လေးမွှာ
  4. ငရုတ်သီး လုံးခြမ်းခွဲ - ထမင်းစားဇွန်း သုံးဇွန်း
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ (ငရုတ်သီးကြော်ထဲထည့်ရန်)
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် (ငရုတ်သီးကြော်ထဲထည့်ရန်)
  8. ဆီ - လိုသလောက် သုံးပေးပါ
ငါးဆားနယ်လုပ်ရန်
  1. ငါးကို ငါးခေါင်း ဆူးတောင်များ အကျေးခွံများနှင့် ဗိုက်ထဲမှ မလိုတာတွေ ဖယ်ပေးပြီး ရေစင်အောင်ဆေးပေးပါ
  2. ရေဆေးပြီးတာနဲ့ ရေစစ်သွားအောင် ဇကာထဲထဲ့ပြီး ရေစစ်ထားပါ
  3. ရေစစ်သွားတာနဲ့ ငါးနှင့်ဆားတို့ကို ဇလုံကျယ်ကျယ်ထဲမှာထဲ့ပြီး ဆားအရသာ ဝင်သွားအောင် ဆုတ်ဆုတ်ပြီး နယ်ပေးပါ။
  4. ပြီးတာနဲ့ သန့်ပြန့်သော ပလပ်စတစ်အိတ်ထဲကို ဆားနယ်ထားသော ငါးကို ထဲ့ပေးပါ။
  5. ငါးထဲ့ထားသော ပလပ်စတစ်အိတ်ကို လုံနေအောင်ပိတ်ပြီး ဇလုံထဲ ထည့်ပေးကာ အပေါ်မှ အလေးတစ်ခုခုနဲ့ ဖိထားပါ။
  6. ဖိထားသော ငါးထဲမှ ဆားရည်များ အပြင်သို့ ထွက်လာလျှင် သွန်မပြစ်ဘဲ ဒီအတိုင်း ထားပေးပါ
  7. အိမ်တွင်းမှာရှိတဲ့ အခန်းအပူချိန်နဲ့ဘဲ ထားထားပါ။
  8. သုံးရက်မှ လေးရက်အတွင်း ထားလိုက်ရင် မာတင်းနေသော ငါးဆားနယ် ရပါပြီ။
  9. သုံးလေးရက်အတွင်း ကြော်စား ချက်စားပါက အရမ်းမငံသေးတဲ့ ငါးဆားနယ်ကြော်ကို ရမှာဖြစ်ပါတယ်။
  10. ငါးဆားနယ်ကို တပါတ်ထက်ကျော်ပြီး ထားစားမည်ဆိုပါက ငါးပိကောင်လို ဖြစ်သွားမှာမို့လို့ အရမ်းငံသွားတတ်ပါတယ်။
  11. ဒါကြောင့်မို့လို့ တစ်ပါတ်ကျော်မှ ကြော်စားချက်စားမည် ဆိုပါက  ဆန်ဆေးရည်နှင့် နှစ်နာရီလောက် စိမ်ထားပြီးမှ ရေဆေးကာ ကြော်စား ချက်စားပါ
ပြင်ဆင်ပုံ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တစ်ညက် ထောင်းပေးပါ
  • ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • ရေစစ်ထားတဲ့ ငါးဆားနယ်ကို လက်နှစ်လုံးခွဲလောက် အတုံးလေးတွေ တုံးပေးပါ
  • ငါးဆားနယ်ကို ဆားအငံပေါ့စေရန် ရေအနည်းဆုံး ၅ထပ်လောက် ဆေးပေးပါ
  • အငံတော်တော်လေး ပေါ့စေချင်တော့ ဆန်ဆေးရေမှာ ၁၀မိနစ်လောက် စိမ်ပြီးမှ ရေဆေးပေးပါ
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီကို မီးအလယ်အလတ်လောက်နဲ့ အပူပေးပြီး ဆီပူလာပါက နနွင်းမှုန့်  ထဲ့ပေးပါ
  • ပြီးတာနဲ့ ငါးဆားနယ်ကို တစ်တုံးချင်း အိုးဆန့်သလောက် ထဲ့ကြော်ပေးပါ
  • တစ်ဖက်ကျက်ပါက နောက်တစ်ဖက်ကို လှန်ပေးပြီး နှစ်ဖက်လုံးကျက်ရင် ဆယ်ပြီးဆီစစ်ထားပါ
  • ငါးဆားနယ်ကြော်ထားတဲ့ အိုးထဲမှာ ဆီများနေရင် နည်းနည်းဖယ်ပေးပါ
  • ပြီးတာနဲ့ မီးကိုထပ်ပြီး လျှော့ပေးကာ မညက်တစ်ညက်ထောင်းထားသော ကြက်သွန်ဖြူကို အဝါရောင်သန်းလာအောင် ကြော်လိုက်ပါ
  • ကြက်သွန်ဖြူကြော် နဲနဲဝါလာတာနဲ့ ငရုတ်သီးလုံးခြမ်းကွဲကို ထဲ့မွှေပါ
  • ငရုတ်သီးကြော်ထဲကို ဆားနှင့် ဟင်းချိုမှုန့်ထဲ့ပြီး ကြော်ပေးပါ
  • ကြော်ချိန်ခနအတွင်း ငရုတ်သီး အရောင်ပြောင်းသွားတာနဲ့ အိုးကိုမီးဖိုပေါ်ကချကာ ပန်းကန်ထဲသို့ ပြောင်းထဲ့ပေးပါ
  • ငါးဆားနယ်ကြော်ကိုလဲ ငရုတ်သီးကြော်နှင့်အတူ ပန်းကန်ထဲကို ပြောင်းထဲ့ပေးပါ 
  • ထမင်းမြိန်စေတဲ့ က ကတစ် ငါးဆားနယ်ကြော် စပ်စပ်မွှေးမွှေးလေး ရပါပြီ။

Thursday, 29 April 2021

မှိုနှင့်မျှစ် အရည်သောက်ဆမ်းဟင်း





 ဆောင်းရာသီထဲ ၀င်လာခဲ့ပြီဆိုတော့ ပူပြီးစပ်နေတဲ့ ဟင်းလေးတွေဘဲ စားချင်စိတ်က ပေါ်လာခဲ့ပြန်ပါတယ် ဒါကြောင့်မို့လို့ ဒီနေ့တော့ ပူပြီးချဉ်ငံစပ်နေတဲ့ မှိုနဲ့မျှစ်အရော ချဉ်ငံစပ် အရည်သောက်ဆမ်းလေး ချက်ဖြစ်သွားပါတယ် ချက်ရတာ အရမ်းလွယ်ပြီး ဆီမပါတဲ့ ဟင်းလေးမို့လို့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါ၀င်ပစ္စည်းများ
  1. ဝါးဘိုးမျှစ်နုနု - တစ်ထုတ် (500 g )
  2. oyster mushroom - (250 g)
  3. shemeji mushroom - (250 g) 
  4. baby oyster mushroom - (250 g)
  5. ငါးငံပြာရည် - ထမင်းစားဇွန်း လေးဇွန်း
  6. ငရုတ်သီးစိမ်း - စားနိူင်သလောက် (အနီရောင်နှင့် အစိမ်းရောင်ကို ရောသုံးပါ)
  7. ပင်စိမ်းရွက် - နှစ်သက်သလောက်
  8. ကြက်သွန်နီ - အနေတော် တစ်လုံး
  9. စပါးလင် အရင်းပိုင်း - သုံးလက်မခန့်
  10. မန်ကျည်းသီးမှည့် - ထမင်းစားဇွန်း တစ်ဇွန်းခန့်
  11. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ပြင်ဆင်ပုံ
  • မျှစ်များကို ရေမြုပ်အောင်ထည့်ပြီး ပွက်ပွက်ဆူအောင် ပြုပ်ပေးကာ ရေများသွန်ပေးပါ
  • မျှစ်နုများက တခါတရံ ခါးသက်တတ်တဲ့အတွက် ပထမ တစ်ရည်ဆူပြီးပါက သွန်ပြစ်ကာ နောက်တစ်ရည် ထပ်ထည့်ပြီး ဆူအောင်တည်ကာ ရေဆေးထားပါ 
  • မှိုများကို ရေဆေးကာ အနေတော်လေးတွေ လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ လေးစိတ်စိတ်ထားပါ
  • ငရုတ်သီးစိမ်းကို အညှာခြွေပြီး ရေဆေးထားပါ
  • စပါးလင်ကို​ရေ ဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • ပြီးတာနဲ့ စပါးလင် ငရုတ်သီးစိမ်းနှင့် ကြက်သွန်နီတို့ကို မညက်တစ်ညက် ထောင်းပေးပါ
  • ​ငရုတ်ဆုံမှာ ကပ်နေသော ငရုတ်သီးထောင်းများကို ရေနှင့်ကျင်းထားပါ
  • ပင်စိမ်းရွက်ကို ရေဆေးထားပါ
  • မန်ကျည်းသီးမှည့်ကို ရေတစ်ထပ်ဆေးပြီး ရေနွေးနှင့် စိမ်ထားပါ
  • ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ 
  • ဇောက်နက်သော အိုးထဲမှာ အရင်ဆုံး ငရုတ်ဆုံ ကျင်းထားသော အရည်ကိုထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ပွက်ပွက်ဆူလာတာနဲ့  ရုတ်သီးစိမ်းထောင်းကိုထည့်ပြီး နူးတဲ့အထိ တည်ပေးပါ
  • လိုအပ်ရေပါက ရေကိုမြုပ်အောင်ထည့်ပြီး ငရုတ်သီးစိမ်းထောင်းများ နူးအောင် ပြုပ်ပေးပါ
  • ငရုတ်သီးစိမ်းထောင်းများ နူးလာတာနဲ့ မျှစ်နှင့်မှိုများ ထည့်တည်ပေးပါ
  • မိမိစိတ်ကြိုက် ရေအနေတော် ရတာနဲ့ ငါးငံပြာရည် အရသာမှုန့်နှင့် မန်ကျည်းရည်တို့ ထည့်ပေးပြီး  ရေပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • ပြီးတာနဲ့ ပင်စိမ်းရွက် အုပ်ပေးပြီး မီးပိတ်ပေးကာ ပူပူစပ်စပ် ချဉ်ငံစပ်နေတဲ့ မျှစ်မှိုအရော ချဉ်ငံစပ် အ စပ်ချက် ဟင်းပွဲကို ပြင်ပေးနိူင်ပါပြီ။

Wednesday, 28 April 2021

ခရမ်းသီးထောင်း








ဒီနေ့တော့ ခရမ်းသီး သေးသေးလေးတွေကို နူးနေအောင်ပြုပ်ပြီး ငါးကြော်နဲ့ရောကာ ချဉ်ငံစပ်လေး ထောင်းဖြစ်သွားပါတယ်။ 
ထမင်းစားလို့ မြိန်တဲ့အတွက် စားချင်တဲ့သူတွေ  ထောင်းပြီးစားနိူင်ဖို့အတွက် မာမာပြင်ဆင်ပြီး ထောင်းထားတဲ့ ထောင်းနည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ခရမ်းသီး - အလုံးသေး ခြောက်လုံး
  2. ငါးကြော် - ခပ်ကြီးကြီး တစ်တုံး
  3. ကြက်သွန်နီ - အလုံးသေး လေးလုံး
  4. ကြက်သွန်ဖြူ -  အမွှာကြီးကြီး ခြောက်မွှာ
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ငရုတ်သီးစိမ်း - စားနိူင်သလောက်
  7. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. နံနံပင် - မိမိနှစ်သက်သလောက်
  9. သံပုရာသီး - နှစ်လုံး
  10. ငါးငံပြာရည် - ထမင်းစားဇွန်း လေးဇွန်း

ပြင်ဆင်ပုံ
  • ခရမ်းသီးများကို ရေဆေးပြီး ဇောက်နက်သော အိုးထဲမှာ ရေများများထည့်ပြီး ပြုပ်ပေးပါ
  • ခရမ်းသီးများ နူးနေအောင် ပြုပ်ပြီးပါက ရေစစ်ပြီး အအေးခံထားပါ
  • ကြက်သွန်ဖြူကို အမွှာလေးတွေ ခွာထားပါ
  • ကြက်သွန်နီကိုလဲ အပေါ်ယံ အခွံထူများ ခွာထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးထားပါ
  • ပြီးတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီနှင့် ငရုတ်သီးစိမ်းတို့ကို ဒယ်အိုးထဲထည့်ပြီး အပေါ်ယံ အခွံများ ကျွမ်းတဲ့အထိ လှော်ပေးပါ
  • လှော်ပြီးတာနဲ့ ကြက်သွန်နီနှင့် ကြက်သွန်ဖြူတို့ကို အခွံခွာထားပါ
  • ငရုတ်သီးစိမ်းလှော်များကို အညှာခြွေထားပါ
  • နံနံပင်ကို ရေဆေးကာ အနေတော် လှီးထားပါ
  • သံပုရာသီးကို ရေဆေးပြီး ထက်ဝက်ခြမ်းကာ အရည်ညှစ်ထားပါ
  • ငါးကြော်ကို အရိုးထွင်ထားပါ
  • ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ငရုတ်ဆုံထဲမှာ ငါးကြော် ကြက်သွန်နီ ကြက်သွန်ဖြူ ငရုတ်သီးစိမ်းနှင့် ဆားတို့ကိုထည့်ကာ အရင်ဆုံး မညက်တစ်ညက် ထောင်းပေးပါ
  • ပြီးတာနဲ့ ခရမ်းသီးကိုထည့်ပြီး မညက်တစ်ညက် ထောင်းပေးပါ
  • ထိုအထဲမှာ သံပုရာရည် ငါးငံပြာရည်နှင့် အရသာမှုန့်တို့ထည့်ကာ ခပ်ဖွဖွထောင်းပေးပါ
  • အရမ်းညက်နေအောင် ထောင်းစရာမလိုဘဲ ငရုတ်ကျည်ပွေ့နှင့် ခပ်ဖွဖွဘဲ ထောင်းပေးပါ
  • ပြီးတာနဲ့  နံနံပင် ထည့်မွှေပေးကာ အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် လိုသလို ပြင်ပေးပါ
  • မိမိစိတ်ကြိုက် အရသာ  ရတာနဲ့ ပန်းကန်ထဲ ပြောင်းထည့်ပြီး ခရမ်းသီးပြုပ်ထောင်း ချဉ်ငံစပ် မွှေးမွှေးလေးကို နှစ်သက်သလို သုံးဆောင်နိူင်ပါပြီ။

Monday, 26 April 2021

ခရမ်းချဉ်သီးသုပ်




ဒီနေ့တော့ အိမ်မှာစိုက်ထားတဲ့ ခရမ်းချဉ်သီးလေးတွေခူးကာ သားအမိတစ်တွေ စကားပြောရင်း အပျင်းပြေ စားဖို့အတွက် ခရမ်းချဉ်သီး သုပ်ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ ထမင်းဖြူလေးရယ် ရေနွေးကြမ်းလေးနဲ့ သောက်ရင်း စားလို့ရလေအောင် လူတိုင်းသုပ်စားတတ်တဲ့ ချဉ်ချဉ်ငံငံစပ်စပ် ခရမ်းချဉ်သီး သုပ်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ

  1. ခရမ်းချဉ်သီးအစိမ်း - ခပ်ကြီးကြီး လေးလုံး
  2. နံနံပင် - အနေတော်
  3. မြေပဲလှော် - ထမင်းစားဇွန်း နှစ်ဇွန်း
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
  6. ပဲခြမ်းကြော် - ထမင်းစားဇွန်း နှစ်ဇွန်း
  7. နှမ်းလှော် - ထမင်းစားဇွန်း နှစ်ဇွန်း
  8. ကြက်သွန်ဖြူကြော် - ထမင်းစားဇွန်း တစ်ဇွန်း
  9. ပုဇွန်ခြောက် - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
  10. ပဲဆီ - ထမင်းစားဇွန်း နှစ်ဇွန်း

ပြင်ဆင်ပုံ

  • ခရမ်းချဉ်သီးကို အလုံးလိုက်ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • နံနံပင်ကို ရေဆေးပြီး လှီးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • မြေပဲလှော်ကို အခွံခွာထားပါ
  • အသုပ်ထဲထည့်ရန် လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
  • လှီးထားသော ခရမ်းချဉ်သီးကို ဇလုံကျယ်ကျယ်ထဲ ထည့်ပေးပါ
  • မြေပဲလှော် နံနံပင်  ဆား ဆီ အရသာမှုန့် ငရုတ်သီးစိမ်း သံပုရာရည်တို့ကိုထည့်ပြီး ခပ်ဖွဖွ နယ်ပေးကာ အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • နယ်ဖတ်ပြီးတာနဲ့ စားပွဲပြင်မည့် ပန်းကန်ထဲသို့ပြောင်းပြီး ခရမ်းချဉ်သီး အစိမ်းသုပ် ချဉ်ငံစပ်လေးကို ထမင်းပူပူ ရေနွေးကြမ်းလေးနှင့် တွဲဖက်ကာ သုံးဆောင်နိုင်ပါပြီ။ 

Saturday, 24 April 2021

ဆွှမ်းမွှေးပူတင်း

 






တစ်ခါတစ်လေ မုန့်တွေလုပ်မိပြီဆိုရင် နောက်နေ့တွေလဲ မုန့်တွေဘဲ လုပ်ချင်နေမိခဲ့တယ် မနေ့က ပန်ကိတ်လေးတွေလုပ်ပြီး ဒီနေ့တော့ ဆွမ်းမွှေးပူတင်းလေး လုပ်မိပြန်ပါတယ်။

လုပ်နည်းလေးက လွယ်သလောက် စားလို့ကောင်းလွန်းပါတယ် မာမာကတော့ ဆီးချိုရှိတဲ့အတွက် အချိုအရသာကို တတ်နိူင်သလောက် လျှော့ပြီးလုပ်ထားပါ မိမိတို့က အချိုခပ်လေးလေး နှစ်သက်တယ် ဆိုရင်တော့ မာမာရေးပေးထားတဲ့ အချိုပမာဏထက် ပိုပြီးထည့်လို့ ရပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ပြောင်းကော်မှုန့် - ထမင်းစားဇွန်း ဆယ်ဇွန်းမောက်မောက်
  2. သကြား - ထမင်းစားဇွန်း လေးဇွန်း
  3. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. အုန်းနို့ - 500 ml
  5. နို့ - 500 ml
  6. ဆွှမ်းမွှေးဆီ - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  7. အုန်းသီးမှုန့် - အနည်းငယ်
  8. ဆီ - ထမင်းစားဇွန်း တစ်ဝက် (မုန့်သားထည့်မည့် ဗူးကိုသုတ်ထားရန်)
ပြင်ဆင်ပုံ
  • မုန့်ကျိုပြီး ထည့်မည့်ဗူးကို ဆီနှင့်သုတ်ထားပါ
  • ဇလုံတစ်လုံးထဲမှာ နို့ အုန်းနို့ ပြောင်းကော်မှုန့် သကြား ဆားနှင့်ဆွှမ်းမွှေးဆီတို့ကို ထည့်ပေးပြီး သမအောင် မွှေပေးပါ
  • ပြောင်းကော်မှုန့်များ အဖုအခဲများ မကျန်တဲ့အထိ မွှေပေးပြီးပါက မကပ်သော အိုးထဲကို ပြောင်းထည့်ပေးပါ
  • ပြီးတာနဲ့ မီးဖိုပေါ်တက်ပြီး မီးအနေတော်နှင့် ကျိုပေးပါ
  • မုန့်ကျိုနေစဉ် မုန့်သားများ အကျက်ညီစေရန် အဆက်မပြတ် မွှေပေးပါ
  • မုန့်သားများ ကြည်ပြီးပျစ်လာတဲ့အထိ ကျိုပေးပြီးပါက ဆီသုတ်ထားသော ဗူးထဲကို ပြောင်းထဲပေးပါ
  • မုန့်သားများ ခဲလာတဲ့အထိ အခန်းအပူချိန်အတိုင်း နာရီဝက်လောက် ထားပေးပါ
  • ပြီးတာနဲ့ ရေခဲသေတ္တာ မခဲတဲ့ အကန့်ထဲမှာ နှစ်နာရီလောက် ထားပေးပါ
  • မုန့်သားလေး ခဲပြီး လှီးလို့ကောင်းတဲ့ အနေအထား ရလာပြီဆိုရင် ရေခဲသေတ္တာထဲမှ အပြင်ကို ထုတ်ပေးပြီး အတုံးလေးတွေ လှီးပေးပါ
  • ဆွှမ်းမွှေးနံ့လေးမွှေးပြီး နူးညံ့အိစက်နေတဲ့ ဆွှမ်းမွှေးပူတင်း မုန့်လေးကို  လှီးပြီးတာနဲ့ အုန်းသီးမှုန့်လေးတွေ ဖြူးပေးကာ စားသုံးရန် ပြင်ပေးနိူင်ပါပြီ။
  • မာမာအခု လုပ်ပြထားသော အချိုးအစားက လေးယောက်စာလောက်ဘဲ ရပါတယ်။

Friday, 23 April 2021

ရွှေကြည် ပန်ကိတ်


 

ဒီနေ့တော့ ရွှေကြည်မှုန့်နဲ့ ပန်ကိတ်လေးတွေ လုပ်ဖြစ်ပါတယ် မာမာ အခုပန်ကိတ်လုပ်တဲ့ ရွှေကြည်မှုန့်က အရမ်းကို နူးညံ့ပါတယ် နူးညံ့ပြီး အိစက်နေတဲ့အတွက် ပန်ကိတ်မုန့် လှလှလေးကို ရစေပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ ပန်ကိတ် လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။


ပါဝင်ပစ္စည်းများ

  1. ရွှေကြည်မှုန့် (semolina) - မုန့်လုပ်ရာတွင် ချင်တွယ်သောခွက် တစ်ခွက်
  2. ကြက်ဥ - တစ်လုံး
  3. ​အရည်ဖျော်ထားသော ထောပါတ်ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  4. သကြား - ထမင်းစားဇွန်း လေးဇွန်း
  5. အုန်းနို့ - မုန့်လုပ်ရာတွင် ချင်တွယ်သောခွက် တစ်ခွက်
  6. ဆား - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  7. ဗနီကာ - ထမင်းစားဇွန် နှစ်ဇွန်း
  8. အုန်းနို့ - မုန့်လုပ်ရာတွင် ချင်တွယ်သောခွက် တစ်ခွက် 
  9. baking powder - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. baking soda - လက်ဖက်ရည်ဇွန်း တစ်ဝက်
  11. မကပ်သောဒယ်အိုး - ခပ်သေးသေး တစ်လုံး


ပြင်ဆင်ပုံ

  • ပါဝင်သော ပစ္စည်းများကို ဇလုံတစ်လုံးထဲမှာ ထည့်ပေးပါ
  • အလုံးအခဲလေးများ မကျန်အောင် သေသေချာချာ သမသွားအောင် မွှေပေးပါ
  • အားလုံး သမသွားတာနဲ့ မုန့်နှစ်ပွလာအောင် တစ်နာရီလောက် နှပ်ထားပါ
  • မုန့်နှစ် နှပ်ထားချိန် ပြည့်တာနဲ့ မကပ်သော ဒယ်အိုးကို မီးဖိုပေါ်တင်ပြီး အပူပေးပါ
  • မုန့်နှစ်စပ်တဲ့အထဲမှာ ထောပါတ်ဆီ ပါပြီးသား ဖြစ်တဲ့အတွက် ဒယ်အိုးထဲကို ဆီထည့်စရာ မလိုပါ
  • ဒယ်အိုးပူလာတာနဲ့ မီးကိုအနည်းငယ် လျှော့ပေးပြီးမှ ဟင်းရည်ခပ်သော ယောက်ချိုဇွန်း တစ်ဇွန်းစာခပ်ပြီး အိုးထဲကို ထည့်ပေးပါ
  • ပန်ကိတ်ရဲ့ အပေါ်ယံ မျက်နှာပြင်မှာ အပေါက်လေးများ ဖြစ်လာပြီး အောက်ဖက် မျက်နှာပြင်မှာ ညိုလာလျှင် အိုးထဲမှ ဖယ်ပေးပါ
  •  အထက်ပါ နည်းအတိုင်း မုန့်နှစ်များ ကုန်တဲ့အထိ လုပ်ပေးပြီးပါက ပန်ကိတ်လေးတွေ ရပါပြီ
  • ရလာသော ပန်ကိတ်များကို ထောပါတ်သုတ်ပြီး စားနိူင်သလို မိမိနှစ်သက်သလို သုံးဆောင်နိူင်ပါတယ်ရှင်။
  • မာမာကတော့ ထောပါတ် သုတ်ပြီး စားရတာကို ပိုပြီးနှစ်သက်တဲ့အတွက် ထောပါတ်လေးဘဲ သုတ်ပြီး စားပါတယ်။

Monday, 19 April 2021

မြင်းခွာရွက်သုပ်





ဒီနေ့တော့ ရေနွေးကြမ်း ပူပူလေးနဲ့ လိုက်ဖက်လွန်းတဲ့ မြင်းခွာရွက်သုပ်လေး သုပ်စားဖြစ်ပါတယ် အသားမစားချင်တဲ့ အခါတိုင်း အသီးအရွက်လေးတွေ သုပ်စားရတာကို ပိုပြီးနှစ်ခြိုက်မိလေတော့ မြင်းခွာရွက်သုပ်လေးဘဲ သုပ်လိုက်ပါတော့တယ်။

ဒီမြင်းခွာရွက်က မြန်မာမြင်းခွာရွက်လို ခပ်သေးသေး မဟုတ်ဘဲ အရွက်ကြီးတွေကြီးပေမဲ့ နူးညံ့ပါတယ် ဒါကြောင့်မို့လို့  မြင်းခွာရွက်တွေကို ရေစင်အောင်ဆေးပြီး မထူမပါးလေးတွေ လှီးတာက စားလို့ပိုပြီးမွှေးပါတယ်  ဒါကြေင့်မို့လို့ မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ အသုပ်သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. မြင်းခွာရွက် - လက်တစ်ဆုတ်စာ
  2. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  3. ပဲအကျက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  4. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  5. သံပုရာသီး - အနေတော် တစ်ခြမ်း
  6. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  7. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. ငရုတ်သီး အလှော်မှုန့် - ထမင်းစားဇွန်း တစ်ဝက်
  9. ကြက်သွန်ဖြူဆီချက် - ထမင်းစားဇွန်း နှစ်ဇွန်း
ပြင်ဆင်ပုံ
  • မြင်းခွာရွက်များကို ရေစင်အောင်ဆေးပြီး ရေစစ်ထားပါ
  • ရေစစ်သွားတာနဲ့ မထူမပါးလေးတွေ လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • သံပုရာသီးကို ရေဆေးပြီး အစိတ်လေးတွေ စိတ်ထားပါ
  • ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပါဝင်ပစ္စည်း အားလုံးကို ဇလုံထဲမှာ ထည့်ပေးပါ
  • ပြီးတာနဲ့ အရသာ သမသွားအောင် နယ်ပေးကာ အရသာကို မြည်းပေးပါ
  • မိမိစိတ်ကြိုက်အရသာ ရလာအောင် ပြင်ပေးပြီးတာနဲ့ အသုပ်ပွဲကို ပြင်ပေးပါ
  • ထမင်းပူပူလေးနဲ့ လိုက်ဖက်သလို ဒီအတိုင်း စားရင်လဲ စားလို့ကောင်းလွန်းတဲ့ မြင်းခွာရွက်သုပ် မွှေးမွှေးလေး ရပါပြီရှင်။