Thursday 9 December 2021

ချဉ်ငံစပ် သံပုယိုသီးသုပ်

 



အခုရက်ထဲ မာမာခရီးသွားနေတာရယ် မာမာ့ရဲ့အဖေ နေမကောင်းပြီး ဆုံးသွားတဲ့အတွက် အလုပ်တွေများခဲ့တဲ့အတွက် ဘလော့လေးဆီ မရောက်ဖြစ်ခဲ့ပါဘူး။
ဒီနေ့တော့ အရင်တစ်ပါတ်က ဝယ်လာတဲ့ သံပုယိုသီးတွေ မကုန်သေးတဲ့အတွက် ချဉ်ချဉ်ငံငံ စပ်စပ်လေး သုပ်စားဖြစ်ပါတယ် ဒါကြောင့်မို့လို့ ထမင်းပူပူလေးနဲ့ စားရလေအောင် မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ အသုပ် သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. သံပုယိုသီး - ခပ်ကြီးကြီး တစ်လုံး
  2. ကြက်သွန်နီ - ဥကြီးကြီး တစ်ဥ
  3. ငရုတ်သီးစိမ်း - မိမိစားနိူင်သလောက်
  4. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း
  5. ပဲအကျက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  6. ငါးငံပြာရည် - ထမ်းစားဇွန်း တစ်ဇွန်း
  7. ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  8. ငရုတ်သီးအလှော်မှုန့် - ထမင်းစားဇွန်း တစ်၀က်သာသာ
  9. ကြက်သွန်နီဆီချက် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ 

သံပုယိုသီး အချဉ်ပေါ့ပြီး မခါးစေရန် ဆားရည်စိမ်နည်း
  • ဇလုံတစ်လုံးထဲမှာ ဆားထမင်းစားဇွန်း တစ်ဇွန်းကို ရေ ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူးနှင့်ဖျော်ပေးပါ
  • သံပုယိုသီးကို အခွံခွာပြီး အမွှာလေးများ ထွင်ပေးကာ ဆားရည်ထဲမှာ နာရီ၀က်လောက် စိမ်ပေးထားပါ
ပြင်ဆင်ပုံ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါး လှီးပေးထားပါ
  • အသုပ်သုပ်ရန် ပါ၀င်ပစ္စည်းများကို ပြင်ထားပါ
  • ဇလုံကျယ်ကျယ် တစ်လုံးထဲမှာ ငရုတ်သီးစိမ်း ကြက်သွန်နီ ပဲအကျက်မှုန့် ငံပြာရည် ပုဇွန်ခြောက်မှုန့် ဟင်းချိုမှုန့် ဆီချက် ငရုတ်သီးမှုန့်တို့နှင့်အတူ ဆားရည်စိမ်ထားသော သံပုယိုသီးအဖတ်လေးများကို ရေညှစ်ပြီးထည့်ကာ အားလုံးကို ခပ်ဖွဖွ နယ်ပေးပါ
  • အရသာ နယ်ပြီးပါက အရသာမြည်းပြီး  မိမိနှစ်သက်တဲ့ အရသာ ရလာအောင် ပြင်ပေးကာ ချဉ်ငံစပ် သံပုယိုသီးသုပ်လေးကို နှစ်သက်သလို စားသုံးနိူင်ပါပြီ။

No comments:

Post a Comment