Thursday 31 March 2016

ကြက်သားအမွ အစပ်ကြော်










ထမင်း ပေါင်မုန့်တို့နဲ့ အဆင်ပြေစွာ စားသုံးနိုင်မဲ့ ကြက်သားအမွ အစပ်ကြော်နည်းလေး မျှဝေလိုက်ပါတယ် ကြော်ရတာ နည်းနည်းလေး လက်ဝင်ပေမဲ့ စားရတာတော့ အရမ်းကောင်းပါတယ် ကြက်သားပြုပ်ရာမှာလည်း ကြက်သားအနုအရင့်ပေါ် မူတည်ပြီး ရေကို ချင့်ချိန်ပြီးထည့်ကာ ပြုပ်ပေးရပါတယ်။

ရေများလွန်းရင်လည်း ကြက်သားက ရေမခမ်းခင် အရမ်းနူးပြီး ကျေသွားတတ်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကြက်ရင်ပုံသား - တစ်ကီလို
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  3. အရသာမှုန့် - လက်ဖက်ရည်ဇွန်း
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ကြက်သွန်ဖြူ - အမွှာကြီးကြီး ဆယ်မွှာ
  6. ငရုတ်သီးလုံးခြမ်းကွဲ - ထမင်းစားဇွန်း နှစ်ဇွန်း
  7. ရေ - ကြက်သားမြုပ်အောင် ထည့်ပေးပါ
  8. ဆီ - တစ်လီတာခွဲ

ပြင်ဆင်ပုံ
  • ကြက်ရင်ပုံသားများကို ရေဆေးပြီး  ဆား အရသာမှုန့် နနွင်းမှုန့်တို့ထည့်ပြီး အရသာဝင်အောင် နယ်ပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ပြီး ပုံပါအတိုင်း လှီးပေးထားပါ
  • အိုးအသားထူပြီး အောက်ခြေမကပ်သော အိုးထဲမှာ အရသာ နယ်ထားသော ကြက်သားကို ထည့်ပါ
  • ရေကို ကြက်သားအိုးထဲမှာ ကြက်သားမြုပ်အောင်ထည့်ပြီး အဖုံးအုပ်ကာ မီးအနေတော်နှင့် ပြုပ်ပေးပါ
  • ပြုပ်နေတုန်း ရေမခမ်းခင် ကြက်သားကို ဇွန်းကြီးကြီးဖြင့် ဖိချေပေးပါ
  • ဖိချေနိုင်လေ ကြက်သားက မွလေမို့လို့ ခပ်နာနာ ဖိချေပေးပါ
  • ကြက်သားများကျေပြီး မွလာတာနဲ့ ဆီနှင့် ကြက်သွန်ဖြူကိုထည့်ကာ ကြော်ပေးပါ
  • ကြော်နေစဉ် အောက်ခြေမကပ်စေရန် မကြာမကြာ မွှေပေးပါ
  • ဆီအမြှုပ်များ အပေါ်ယံကို တက်လာပြီး ကြက်သားအနည်းငယ် ကြွတ်လာတာနဲ့ ငရုတ်သီးအကြမ်မှုန့်ကို ထည့်မွှေပါ
  • ငရုတ်သီးနံ့ မွှေးလာတာနဲ့ဆီစစ်ဇကာထဲ ဆယ်ထည့်ပေးပြီး ဆီစစ်ထားပါ
  • ဆီစစ်တာနဲ့ စားသုံးရန် အသင့်ဖြစ်နေသော ကြက်သားအမွ အစပ်ကြော် မွှေးမွှေးလေးကို ရပါပြီ။

Wednesday 30 March 2016

သံပုယိုသီး ပျားရည်စိမ်







အလုပ်မရှိ အလုပ်ရှာတယ်ဘဲ ပြောရမလားပေါ့ရှင် တနေ့တနေ့ အိမ်ထဲမှာဘဲ အချိန်တွေ ကုန်နေတတ်တဲ့အတွက် ဘာချက်ရင် ကောင်းမလဲ ဘာလုပ်ရင် ကောင်းမလဲ စဉ်းစားရင်းက ဒီနေ့တော့ အိမ်လည်သွားရင်း လက်ဆောင်ရလာတဲ့ သံပုယိုသီးကို ပျားရည်နဲ့စိမ်လိုက်ပါတယ်။

ပျားရည်စစ်စစ်ဟာ ကိုလက်စထရောနဲ့ သွေးထဲက သကြားဓာတ်တွေ Level ကို ပြုပြင်ပြောင်းလဲပေးနိုင်ပါတယ် အစာကြေဖျက်အားကို အလုံးစုံ အကူအညီပေးတဲ့ အတွက် မကောင်းတဲ့ အဆီတွေကို ကျန်မနေစေပါဘူး ဒါကြောင့်မို့လို့ နေ့တိုင်း တဇွန်း စားတော့ စားပေးသင့်ပါတယ်။

lemon juice ဟာ ၀ိတ်ကျဖို့အတွက် အဆင်ပြေစေပါတယ် တကယ် အကျိုးရှိပါတယ် အ၀လွန်ခြင်းကို သိသိသာသာ ထိမ်းပေးစေတယ် ရေဓာတ်ဖြည့်စေပြီး ကိုယ်တွင်း အဆီတွေကို ဖယ်ရှားပေးတဲ့ အသုံးဝင်တဲ့ အသီးတမျိုးပါ။

ဒါကြောင့်မို့လို့ အချဉ်ကြောက်ပြီး ပျားရည်နံ့မနှစ်သက်သူတွေအတွက် ၃ရက်လောက်နေတာနဲ့ အချဉ်ဓါတ်လျော့ပြီး ပျားရည်နံ့သင်းသင်းလေးနဲ့ စားလို့ကောင်းတာရယ် ခံတွင်းရှင်းပြီး ရင်ချောင်စေတာရယ် အ၀လွန်ခြင်းကို ကာကွယ်ပေးနိုင်တာတွေရယ်ကြောင့် အဆင်ပြေစွာ စားသုံးနိုင်မဲ့ လုပ်နည်းလေး မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. သံပုယိုသီး - ၄လုံး
  2. ပျားရည် - လိုအပ်သလောက်ေ
  3. လလုံသော ဖန်ပုလင်း - တစ်လုံး

ပြင်ဆင်ပုံ
  1. သံပုယိုသီးကို အလုံးလိုက်ရေဆေးပြီး ရေခြောက်အောင် သုတ်ပေးပါ
  2. ပြီးတာနဲ့ လက်တလုံးလောက် မရှိတရှိအထူ အကွင်းလိုက် လှီးပေးပါ
  3. ထည့်မည့်ပုလင်းကို ရေဆေးပြီး ရေခြောက်အောင် နေလှန်းပေးထားပါ
  4. အဆင်သင့် ဖြစ်တာနဲ့ လှီးထားသော သံပုယိုသီးများကို ပုလင်းထဲမှာ စီပြီးထည့်ပေးပါ
  5. ပြီးတာနဲ့ အသီးများ မြုပ်အောင် ပျားရည်ကို လောင်းထည့်ပြီး အဖုံးကို လေမ၀င်စေရန် လုံအောင်ပိတ်ပါ
  6. အခန်းအပူချိန် အတိုင်းထားပြီး ၃ရက်မြောက်နေ့ဆို အသီးများ အိလာကာ ပျားရည်နံ့သင်းလာပြီး စားလို့ရပါပြီ
  7. အသီးမှအသားနှင့် အခွံများပါ ၀ါးစားနိုင်သလို ထွက်လာသော အရည်ကိုလဲ ခံတွင်းရှင်းပြီး ထမင်းစားကောင်းရုံ ရင်ချောင်ရုံအဖြစ် တနေ့ကို ထမင်းစားဇွန်း တဇွန်းလောက် သောက်နိုင်ပါတယ်။

Tuesday 29 March 2016

ငါးချဉ်စပ် သောက်ဆမ်းဟင်း







ဒီဟင်းလေးကို စားမိတိုင်း သတိရမိတာက ထမံသီမြို့က ရှမ်းနာဂအမျိုးသမီးကြီး ချက်ကျွေးတဲ့ ငါးဟင်းကို အရမ်းသတိရမိပါတယ်။

သူတို့ ခြံဝင်းထဲမှာ စိုက်ထားတဲ့ အသီးအရွက်တွေရယ် သူကိုယ်တိုင် ထည့်ထားတဲ့ မုန့်ညှင်းစိမ်း ရှမ်းချဉ်ရယ် ချင်းတွင်းမြစ်ထဲက ငါးလတ်လတ်ဆတ်ဆတ်တွေကို ရောပြီးချက်ထားတဲ့ ဟင်းရည် သောက်ဆမ်းဟင်းလေးပါ။

ထမင်းပူပူ ဟင်းပူပူတွေနဲ့ ထမံသီမြို့ပြင်နားက လက်ဘက်ခင်းနားမှာ စားခဲ့ကြတာတွေက အမြဲအမှတ်တရ ဖြစ်စေခဲ့တဲ့ ငါးရှမ်းမုန့်ညှင်းချဉ် ခပ်စပ်စပ်ဟင်းရည် သောက်ဆမ်းလေးကို ဒီနေ့တော့ အလွမ်းပြေ ချက်မိသွားပါပြီ။

ပါဝင်ပစ္စည်းများ

  1. Basa ငါး - 500 g
  2. ခရမ်းချဉ်သီး - အလုံးကြီးကြီး တစ်လုံး
  3. မုန့်ညှင်းချဉ် - လက်ဖက်ရည် အကြမ်းပန်းကန် တစ်လုံးမောက်မောက်
  4. ငရုတ်သီး လုံးခြမ်းကွဲ - ထမင်းစားဇွန်း ၂ဇွန်း
  5. ကြက်သွန်မိတ် - အပင်ကြီးကြီး ၇ပင်
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. ဆီ - ထမင်းစားဇွန်း ၃ဇွန်း

ပြင်ဆင်ပုံ
  1. ငါးကို ရေဆေးပြီး လက်၃လုံးလောက်လေးတွေ တုံးထားပါ
  2. တုံးထားသောငါးကို ဆား လက်ဖက်ရည်ဇွန်း တ၀က် နနွင်းမှုန့် လက်ဖက်ရည်ဇွန်း လေးပုံတပုံ အရသာမှုန့် လက်ဖက်ရည်ဇွန်း တ၀က်တို့နှင့် နယ်ထားပါ
  3. ခရမ်းချဉ်သီးနှင့် ကြက်သွန်မိတ်နှင့် ကြက်သွန်မြစ်များကို ပုံမှာပါတဲ့အတိုင်း လှီးထားပါ
  4. အိုးတလုံးထဲမှာ အသီးအရွက်များ ဆား လက်ဖက်ရည်ဇွန်း တ၀က် ငရုတ်သီးမှုန့် အရသာမှုန့် လက်ဖက်ရည်ဇွန်း တ၀က် ဆီတို့ထည့်ပြီး သမအောင် နယ်ပေးပါ
  5. အသီးအရွက်များထဲ ရေအနည်းငယ်ထည့်ကာ ပွက်ပွက်ဆူပြီး ဟင်းလုံးမိအောင် တည်ပေးပါ
  6. ဟင်းသီးဟင်းရွက်များ လုံးမိပါက အိုးအဖုံးဖွင့်ပြီး ခရမ်းချဉ်သီးဖတ် ကျေအောင် ချေပေးပါ
  7. ခရမ်းသီးဖတ်များ ကျေသင့်သလောက် ကျေလာတာနဲ့ ငါးကို ၅မိနစ်လောက် ကြာအောင် ထည့်မွှေပါ
  8. ငါးအသားများမာပြီး အရောင်ပြောင်းလာတာနဲ့ ရေကို 500 ml လောက်ထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  9. ရေပွက်ပွက်ဆူပြီး ၅မိနစ်လောက်နေရင် အရသာမြည်း၍ လိုသလိုပြင်ကာ ငါးအရည်သောက်ဆမ်း ချဉ်ငံစပ်ဟင်းရည်လေး ရပါပြီ။

Monday 28 March 2016

ကြက်ဥခေါက်ဆွဲကြော်


ဘာချက်ရင်ကောင်းမလဲ စဉ်းစားရ ခက်တဲ့ နေ့တွေတိုင်း အကောင်အထည်ဖော် ကြော်ဖြစ်သွားတာက ခေါက်ဆွဲကြော်လေးပါဘဲ ကြော်လို့လွယ်ပြီး စားလို့ကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ခေါက်ဆွဲအစို - ငါးဆယ်သား
  2. မုံလာဥနီ - အနေတော် တစ်ဥ
  3. ဂေါ်ဖီ - အနေတော် တစ်စိတ်
  4. ကြက်သွန်နီ - အနေတော်တစ်ဥ
  5. ကြက်သွန်မိတ် - အပင်ကြီးကြီး နှစ်ပင်
  6. ကြက်သွန်ဖြူ  - အမွှာကြီးကြီး သုံးမွှာ
  7. ပဲငံပြာရည် အပျစ် - ထမင်းစားဇွန်း တစ်ဇွန်း
  8. ပဲငံပြာရည် အကြည် - ထမင်းစားဇွန်း တစ်ဇွန်း
  9. ခရုဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  10. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  11. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  12. ဆီ - ထမင်းစားဇွန်း ကိုးဇွန်းခန့် (ခေါက်ဆွဲကြော်ရန်)
  13. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း (ကြက်ဥကြော်ရန်)
  14. ရိုးရိုးရေ - ထမင်းစားဇွန်း ရှစ်ဇွန်း
  15. တရုတ်နံနံ - မိမိနှစ်သက်သလောက်
  16. ကြက်ဥ - သုံးလုံး

ပြင်ဆင်ချက်ပြုပ်ပုံ
  • ခေါက်ဆွဲကို ဇလုံတစ်လုံးထဲထည့်ကာ ဆား လက်ဖက်ရည်ဇွန်း တစ်ဝက် ပဲငံပြာရည်အပျစ်တို့နဲ့နယ်ပေးထားပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး တစ်လက်မလောက် အရှည်လေးတွေ လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ရှစ်စိတ် စိတ်ပေးပြီး အဖတ်လေးတွေ ရလာအောင် လှီးထားပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ မိမိနှစ်သက်သလို လှီးထားပါ
  • ဂေါ်ဖီကို ရေဆေးကာ ခပ်ထူထူလေးတွေ လှီးထားပါ
  • တရုတ်နံနံကို ရေဆေးပြီး အနေတော် လှီးထားပါ
  • ကြက်သွန်ဖြူ ကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • အောက်ခြေမကပ်သော ဒယ်အိုးကို အပူပေးပါ အိုးပူလာပါက ဆီထည့်ပေးပါ
  • ဆီပူလာတာနဲ့ သကြားကို အရင်ထည့်ကြော်ပါ
  • သကြားပျော်လာပြီး အညိုရောင် ပြောင်းလာတာနဲ့ကြက်သွန်ဖြူ ကို အရင်ထည့်ကြော်ပါ
  • ကြက်သွန်ဖြူ  အနံ့လေး မွှေးလာတာနဲ့ ကြက်ဥကို ဖောက်ထည့်ပြီး ကြော်ပေးပါ
  • ကြက်ဥကျက်သွားတာနဲ့ ဘရော့ကိုလီ ကြက်သွန်နီ ဂေါ်ဖီနှင့် မုံလာဥနီတို့ကို ထည့်ကြော်ပေးပါ
  • ပြီးတာနဲ့ ဆား ခရုဆီ ပဲငံပြာရည်အကျဲနှင့် ရိုးရိုးရေ တစ်ဝက်တို့ကို ထည့်ကြော်ပေးပါ
  • အသီးအရွက်များ အရမ်းနူးမသွားစေရန် နှစ်မိနစ်လောက် ကြော်ပြီးတာနဲ့ အရသာ နယ်ထားသော ခေါက်ဆွဲကို ထည့်ကြော်ပါ
  • အသီးအရွက်များနှင့် ခေါက်ဆွဲတို့ကို သမသွားအောင် မွှေပေးပြီး တစ်မိနစ်လောက် မွှေပြီးတာနဲ့ ကျန်နေသောရေကို ထည့်ကြော်ပေးပါ
  • ပြီးတာနဲ့  အရသာ မြည်းပေးကာ မိမိစိတ်ကြိုက် အရသာ ရလာအောင် လိုသလို ပြင်ပေးပါ
  • ခေါက်ဆွဲကြော် ကျက်တာနဲ့ ခေါက်ဆွဲကြော် အိုးထဲကို  ကြက်သွန်မိတ်နှင့် တရုတ်နံနံကို ထည့်မွှေပေးပြီးပါက ခေါက်ဆွဲကြော် မွှေးမွှေးလေးကို ရပါပြီ။

Sunday 27 March 2016

ထန်းလျှက်ရည်ဆမ်း ဒိန်ချဉ်



ဒိန်ချဉ်လုပ်နည်းလေးကို facebook မှာ လာလာမေးကြပေမဲ့ အခုရက်ထဲ အလုပ်အရမ်းများနေလို့ မရေးနိုင်ခဲ့၍ ဒီနေ့တော့ ရေးလိုက်ပါပြီ ဒိန်ချဉ်လုပ်ရတာ နည်းနည်းတော့ နတ်ကြီးပါတယ် တခုခုလေး လွဲချော်တာနဲ့ ဒိန်ချဉ်က ပျက်သွားတတ်ပါတယ်။

အဓိက ကတော့ ဒိန်ချဉ်ထည့်မည့်အိုး နို့ကျိုမည့်အိုး အသုံးပြုမည့်နို့တို့က သန့်နေရပါမယ် ဒိန်ချဉ်ထည့် မည့်အိုးကိုလဲ အိုးအသစ်ကိုသုံးပြီး ရေစင်အောင်ဆေးပြီး ရေနွေးဆူဆူနဲ့ထပ်ဆေးကာ ရေကိုခြောက်သွေ့နေအောင် ပြင်ထားရပါမယ် နောက်တခါထပ်ထည့်လျှင် အဆင်ပြေစေရန် အိုးကိုသေချာဆေးကြောပြီးမှ ပြန်သိမ်းထားပါ။

ဒိန်ချဉ်ထည့်တာ အကောင်းဆုံးကတော့ မြေအိုးပါ မြေအိုးမရနိုင်ရင်တော့ စတီးအိုးကို သုံးနိုင်ပါတယ်
နို့ထည့်ပြီးပြီဆိုရင်လဲ ထည့်ထားသောနို့များ ကွဲမထွက်စေရန် အိုးကို ဟိုရွှေ့ဒီရွှေ့ မရွှေ့မလုပ်ရပါဘူး နို့ချဉ်တဲ့ထိ တနေရာထဲမှာ မလှုပ်အောင်ထားရပါမယ်။

ပြင်ဆင်ပုံ

  • ဒိန်ချဉ်ထည့်မည့်အိုးကို ရေ ရေနွေးတို့နှင့် သန့်စင်အောင်ဆေးပြီး ရေခြောက်သွေ့အောင် လုပ်ထားပါ
  • ဒိန်ချဉ်အလျဉ် ပြုလုပ်ရန်အတွက် အရင်ဆုံး သန့်ပြီးခြောက်သွေ့နေသော အိုးထဲမှာ စားပွဲတင်ဇွန်း ၃ဇွန်းစာကိုထည့်ပြီး ဆူအောင်ကျိုပြီး ခပ်နွေးနွေး အနေအထားရချိန်မှာ ဒိန်ချဉ်ထည့်မည့် အိုးထဲကိုထည့်ပြီး အဖုံးဖုံးကာ နေပူပူမှာ နေ့တ၀က်လောက် ထားလိုက်ပါ
  • အတွင်းဘက်မှာ နို့လေးများ ခဲလာပြီး ဒိန်ချဉ်နံ့ရလာပါက ဒိန်ချဉ်စပြီးထည့်ရန် ဒိန်ချဉ်အလျဉ်ကို ရပါပြီ
ဒိန်ချဉ်အိုးတည်ရန်
  • ဒိန်ချဉ်အလျဉ် အရင်ဆုံး ထည့်ထားသောအိုးကို အခန်းအပူချိန်အတိုင်း မရွှေ့ဘဲထားနိုင်အောင် နေရာတခုမှာ တည်ထားပါ
  • ဒိန်ချဉ်လုပ်မည့်နို့ကို ဆူပွက်လာအောင် ၁၀မိနစ်ခန့် တည်ပေးပါ
  • ဆူပြီးသော နွားနို့ကို ကျက်သည်းနွေး အနေအထားရအောင် အအေးခံထားပါ
  • လိုအပ်သော အနွေးဓါတ် အနေအထားရတာနဲ့ ဒိန်ချဉ်အလျင် အသင့်ပြုလုပ်ထားသော အိုးထဲသို့ နို့အနည်းငယ်ထည့်ကာ အိုးထဲမှ ဒိန်ချဉ်အလျဉ် အခဲလေးများကို ချေပေးပါ
  • နို့ခဲလေးများ ကျေလာတာနဲ့ ကျန်နေသောနို့များကို လောင်းထည့်ကာ သမအောင် တချက်လောက် မွှေပေးပြီး အဖုံးပိတ်ထားပါ
  • ဒိန်ချဉ် ချဉ်အောင်ထည့်ထားသောအိုးကို နေရာမရွှေ့ဘဲထားပေးပါ ရွှေ့မိပါက နို့များကွဲထွက်ပြီး ဒိန်ချဉ်မဖြစ်တော့ပါ
  • အခန်းအပူချိန် နွေးသောနေရာဖြစ်ပါက ၆နာရီလောက်ဆို ဒိန်ချဉ်ရပါပြီ
  • ရလာသော ဒိန်ချဉ်ကို အနည်းငယ်ချန်ကာ နောက်ထပ် ဒိန်ချဉ်ထပ်ထည့်၍ ဆင့်ပွားလုပ်နိုင်ပါတယ်
  • ဒိန်ချဉ်ဖြစ်ပါက ရေခဲသေတ္တာထဲပြောင်းပြီး ထည့်ကာ ရေခဲ ထန်းလျက်ရည် သကြား တို့နှင့် နှစ်သက်သလို စားနိုင်ပါပြီ။

Friday 25 March 2016

ဆိတ်သားစင်းကော ဆီပြန်


ဒီနေ့တော့ ပေါင်မုန့် ထမင်း ပလာတာ ကီးမား ချပါတီ ပူရီတို့နဲ့ အဆင်ပြေသလို တွဲဖက်ပြီး စားနိုင်မဲ့ ဆိတ်သားစဉ်းကော ချက်ဖြစ်လို့မာမာပြင်ဆင်ပြီး ချက်ဖြစ်တဲ့ ချက်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ဆိတ်သား - 500 g
  2. ကရဝေးရွက် - တစ်ရွက်
  3. ကြက်သွန်နီ - အနေတော် တစ်ဥ
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  5. ချင်း - လက်တစ်ဆစ်ခန့်
  6. မဆလာ - ထမင်းစားဇွန်း တစ်ဇွန်း
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  8. အရသာမှုန့်- လက်ဖက်ရည်ဇွန်း တစ်ဝက်
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  10. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  11. ဆီ - ထမင်းစားဇွန်း ၁၀ဇွန်း

ပြင်ဆင်ပုံ
  • ဆိတ်သားကို အတုံးလိုက် ရေဆေးပြီး ရေစစ်ထားပါ
  • ရေစစ်တာနဲ့ စဥ့်နီတုံးပေါ်တင်ပြီး အသားများ ကြေသွားတဲ့ထိ ဓါးနဲ့ နုတ်နုတ်စဉ်းပါ
  • စဉ်းထားသော အသားကို ဆား အရသာမှုန့် မဆလာ နနွင်းမှုန့်တို့နှင့်နယ်ပြီး ၁၀မိနစ်ေလောက် နှပ်ထားပါ
  • ကြက်သွန်နီကို ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်ဖြူကို ဓါးပြားရိုက်ပြီး ခပ်နုတ်နုတ် လှီးထားပါ
  • ချင်းကို အခွံခွာပြီးခပ်သေးသေး အချောင်းရှည်လေးတွေ လှီးထားပါ
ဟင်းချက်ရန်
  1. ဆီကိုအပူပေးပြီး ဆီအငွေ့ တက်လာတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီ ချင်း ကရဝေးရွက် ငရုတ်သီးမှုန့်တို့ကို ထည့်ပြီးကြော်ပါ
  2. ဆီသတ်နံ့ မွှေးလာတာနဲ့ အရသာနယ်ထားသော အသားကို ထည့်မွှေပါ
  3. အသားများ လုံးထွေးမနေစေရန် ဇွန်းဖြင့်ဖိဖိချေကာ အရောင်ပြောင်းလာပြီး မာလာတဲ့ထိ မွှေပေးပါ
  4. ပြီးတာနဲ့ ရေမြုပ်အောင်ထည့်ပြီး အဖုံးဖုံးကာ တည်ပေးပါ
  5. ရေခမ်းကာနီး အိုးမကပ်စေရန် အထက်အောက် မွှေပေးပြီး ဆီပြန်လာတာနဲ့ အရသာမြည်းကာ လိုသလိုပြင်ပေးပြီး ပလာတာ ချပါတီ ပူရီ ကီးမား ပေါင်မုန့် ထမင်းတို့နှင် နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။

Tuesday 22 March 2016

မုန့်ညှင်းချဉ်








မုန့်ညှင်းချဉ် လုပ်နည်းလေးက လွယ်ကူပေမဲ့ မြန်မာပြည်မှာတော့ လွယ်လွယ်ကူကူ ၀ယ်စားလို့ရတယ်ဆိုပြီး သိပ်မလုပ်ဖြစ်ပါဘူး ဒါပေမဲ့ ကိုယ်မမြင်ရတော့ လတ်ဆတ်တယ် သန့်ပြန့်တယ်ဘဲ ထင်ခဲ့မိတာပါဘဲ။

မြန်မာပြည် ပြန်တုန်းက ကြုံလိုက်ရတာလေး တခုကြောင့် မျက်လုံးမျက်ဆံ ပြူးခဲ့ရတာလေး သတိရပြီး ကိုယ့်ဘာသာကို မုန့်ညှင်းချဉ်ကို လုပ်တတ်အောင် ကျိုးစားခဲ့ရတာပါဘဲ။

ရှမ်းချဉ်တွေ အများကြီး ရောင်းတဲ့ဆိုင်မှာ ၀ယ်မယ်ဆိုပြီး ဆိုင်ရှေ့ရပ်လိုက်ချိန်မှာ ဇလုံအထဲက ရှမ်းချဉ်တွေမှာ မှိုတွေတက်နေတာကို ၀ယ်သူလာတော့မှ ဇွန်းကြီးနဲ့ထိုးမွှေပြီး ထည့်ပေးလိုက်တာတွေ့ထဲက အစားအသောက်တခုကို ကိုယ်တိုင်လုပ်တတ်တာ အကောင်းဆုံးပါလားဆိုပြီး အသိတခု ရလာခဲ့ခြင်းပါ။

ပါဝင်ပစ္စည်းများ

  1. မုန့်ညှင်းစိမ်း - 1000 g
  2. မုံလာဥနီ - အနေတော် တစ်ဥ
  3. စမုံစပါး - ထမင်းစားဇွန်း တစ်ဇွန်းခန့် 
  4. နံနံစေ့ - ထမင်းစားဇွန်း တစ်ဇွန်းခန့် 
  5. ငရုတ်သီး လုံးကြမ်းကွဲ - ထမင်းစားဇွန်း ၃ဇွန်းခန့်
  6. ဆား - ထမင်းစားဇွန်း ၂ဇွန်း (မုန့်ညှင်းနှင့် မုံလာဥနီနယ်ရန်)
  7. ကြံသကာ သို့ ဘရောင်းရှူးဂါး - ထမင်းစားဇွန်း ၃ဇွန်း
  8. cooking wine - ထမင်းစားဇွန်း ၂ဇွန်း
  9. ဆန်စိမ်းမှုန့် - ထမင်းစားဇွန်း တစ်ဇွန်း

ပြင်ဆင်ပုံ
  • မုန်းညှင်းကို အပင်လိုက် ရေစင်အောင်ဆေးပေးပါ
  • ရေဆေးပြီး ရေစစ်ကာ အ၀တ်လှန်းသည့်တန်းမှာ တပင်ချင်း ချိတ်ပြီး နေပူလျှင် ၂နာရီလောက် နေမပူရင် တရက်လောက် လှန်းပေးပါ
  • နွမ်းသွားသော မုန့်ညှင်းပင်ကို တပင်ချင်း စဥ့်နီတုံးပေါ်တင်ပြီး ဆား ထမင်းစားဇွန်းတဇွန်းသာသာ ဖြူးကာ နယ်ပေးပါ
  • နာနာနယ်ပေးလေ ကောင်းလေမို့ အထက်မှာ ပြထားသော ဇလုံထဲက ပုံအတိုင်းရအောင် နယ်ပေးပါ
  • ဆားနယ်ထားသော မုန့်ညှင်းပင်များကို ၃နာရီခြား ၂ခါလောက် ရေညှစ်ပေးပါ
  • ရေညှစ်ပြီးသော မုန့်ညှင်းပင်ကို ၂လက်မနီးပါး အနေတော် လှီးပေးပါ
  • မုန်လာဥနီကို အခွံခွာပြီး ၂လက်မနီးပါး ပိုင်းဖြတ်ကာ ပုံပါအတိုင်း လှီးပေးပါ
  • လှီးပြီးသော မုံလာဥနီကို ဆားလက်ဖက်ရည်ဇွန်း တဇွန်းသာသာနှင့်နယ်ပြီး ၃နာရီခြား ၂ခါ ရေညှစ်ပေးပါ
  • စမုံစပါးနှင့် နံနံစေ့ကို မီးနည်းနည်းနဲ့လှော်ပြီး မညက်တညက် ထောင်းထားပါ
  • ကြံသကာဆိုလျှင် ထုပြီးချေထားပါ
  • ဆန်မှုန့်ကို ရေ ထမင်းစားဇွန်း ၁၅ဇွန်းခန့်နှင့် မပျစ်မကျဲလေးကျိုပြီး အအေးခံထားပါ
  • အားလုံး အဆင်သင့် ဖြစ်ပြီဆိုတာနဲ့ဇလုံကျယ်ကျယ် တလုံးထဲမှာ အအေးခံထားသော ဆန်မှုန့်အရည်ကျို cooking wine စမုံစပါး နံနံစေ့ ကြံသကာ သို့မဟုတ် ဘရောင်းရှူးဂါး ငရုတ်သီးအကြမ်းမှုန့် လှီးထားသော မုန့်ညှင်းနှင့် မုံလာဥနီတို့ကိုထည့်ပြီး သမအောင် နယ်ပေးပါ
  • အားလုံးနယ်ပြီးတာနဲ့ ထည့်မည့်ဖန်ပုလင်းထဲသို့ ဖိသိပ်ထည့်ပေးပါ
  • ပုလင်းအဖုံးမှာ လေလုံသော အဖုံမှာဝါရှာပါက ပိုကောင်းပါတယ်
  • ပုလင်းထဲ ဖိသိပ်ထည့်ပြီးပါက အဖုံးကို လေလုံအောင်ဖုံးပြီး အခန်းအပူချိန်အတိုင်း ထားပါကာ မချဉ်မခြင်း အဖုံးကို မဖွင့်ဘဲ ထားပါ
  • ၃ရက်မှ လေးရက်အတွင်းဆို မုန့်ညှင်းချဉ် မွှေးမွှေးလေးရပါပြီ။

Monday 21 March 2016

Rainbow Rice Ball







နှစ်သစ်ကူးဖို့ သင်္ကြန်နား နီးလာတော့ သင်္ကြန်မြန်မာ မုန့်လေးတွေ လုပ်စားချင်ကြမှာပါ တခါတလေတော့ ရိုးရိုးလေးထဲက ဖောက်ထွက်ပြီး နည်းနည်းလေး ဆန်းသစ်ကြည့်တော့လဲ ကလေးလူကြီး နှစ်သက်စွဲလန်းစေမဲ့ မုန့်လေး ဖြစ်စေခဲ့ပါတယ်။

မုန့်လုပ်နည်းလေးကတော့ မုန့်ကြာစေ့ လုပ်နည်းအတိုင်းပါဘဲ မုန့်သားကို ကိုယ်ကြိုက်နှစ်ရာ food color လေးတွေ ထည့်ပြီး နယ်ပေးထားတဲ့ မာမာပြင်ဆင်တဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူးနှင့် လက်တလုံးသာသာ
  2. ကောက်ညှင်းမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၃ဗူ
  3. သကြား - ထမင်းစားဇွန်း ၂ဇွန်းမောက်မောက်
  4. အုန်းနို့ ready made - တဗူး
  5. Food color - ၇ရောင်

မုန့်နှစ်နယ်ပြီး မုန့်သားလုံးရန်
  • ဇလုံကျယ်ကျယ် တလုံးထဲမှာ ကောက်ညှင်းမှုန့်ကိုထဲ့ပြီး ရေကေိုနည်းနည်းချင်းထည့်ပြီး မုန့်သား အိလာအောင် နယ်ပေးပါ
  • ကောက်ညှင်းမှုန့် အပေါ်မူတည်ပြီး မုန့်သားအပျော့အမာ ကွဲတတ်တာမို့ ရေကိုနည်းနည်းချင်း ထည့်နယ်ပေးပါ
  • မုန့်သားနယ်ပြီးပါက အ၀တ်ရေစို သန့်သန့်ကိုရေညှစ်ပြီး မုန့်သားအပေါ်မှာအုပ်ပြီး နာရီဝက်လောက် နှပ်ထားပေးပါ
  • နာရီဝက်လောက်ပြည့်ပါက မုန့်သားကို နည်းနည်းချင်းယူပြီး ခပ်သေးသေးလေးတွေ ၇ပုံလုံးပေးပါ
  • Food color တရောင်ခြင်းစီကို တစက်လောက်စီ ပြင်ထားပါ
  • လုံးထားသော မုန့်လုံးလေးတွေကို food color တလုံးတရောင်နှင့် ရောနယ်ပေးပါ
  • အရောင်နယ်ပြီးတာနဲ့ ကောက်ညှင်းမှုန့်ဖြူးထားသော ဗန်းထဲသို့ တရောင်ခြင်းစီ ခပ်သေးသေးလေးတွေ လုံးပေးထားပါ
  • မုန့်သားပြုပ်ပြီး ဆယ်ထည့်ရန် ရေအေးသန့်သန့် ဇလုံတလုံးကို အဆင်သင့် ပြင်ထားပေးပါ
  • အားလုံးပြီးတာနဲ့ အိုးတလုံးထဲ ရေများများထဲ့ကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက်ဆူတာနဲ့ လုံးထားသော မုန့်လုံးများကို တရောင်ခြင်းစီ တလုံးချင်း ရေနွေးအိုးထဲကို ထဲ့ပေးပါ
  • မုန့်လုံးလေးတွေ ထည့်နေတုံး မုန့်သားကျက်ပြီး ရေပေါ်ပေါ်လာသော မုန့်လုံးများကို ဆယ်ပေးပါ
  • ဆယ်ပြီးတာနဲ့အဆင်သင့်ပြင်ထားသော ရေအေးဇလုံထဲကို ထည့်ပေးပါ
  • အားလုံးပြီးတာနဲ့ရေအေးစိမ်ထားသော မုန့်လုံးလေးများကို ရေထဲကဆယ်ပြီး ရေစစ်ပေးပါ
အုန်းနို့အရသာစပ်ရန်
  • Ready made အုန်းနို့ဗူးကိုဖောက်ပြီး ပန်းကန်လုံး တခုထဲမှာ သကြားနှင့် ရောမွှေပေးထားပါ
မုန့်ပွဲပြင်ရန်
  • ရေစစ်ထားသော မုန့်ကြာစေ့ရောင်စုံ အလုံးလေးများကို ပန်းကန်တလုံးထဲမှာထည့်ပြီး အုန်းနို့ရည် စိမ်ထားပေးပါ
  • တပွဲစာအတွက် ပန်းကန်ထဲကို မုန့်ကြာစေ့နှင့် အုန်းနို့ရည်တို့ကို အနေတော်ထည့်ပြီး စားသုံးနိုင်ပါပြီ
  • အေးအေးလေး စားချင်ရင်တော့ ရေခဲတုံးလေးများထည့်ပြီး ပြင်ပေးပါ။

Sunday 20 March 2016

ပဲကြီးပေါင်း






ပဲကြီးနှပ် စိမ့်စိမ့်လေး လုပ်စားဖြစ်တိုင်း အရင်ဆုံး မိဘတွေနဲ့ အဝေးမှာ အလုပ်လုပ်နေတဲ့ သားကြီးကို အရမ်းသတိရမိပါတယ် သူအရမ်းကြိုက်တဲ့ ဟင်းလေးမို့ ဒီဟင်းလေးချက်တိုင်း သတိရတာတွေ ပိုစေတဲ့ ဟင်းတစ်မယ်ပါ ဒါကြောင့်မို့လို့ စားမြိန်ဖွယ်ရာ ပဲကြီးနှပ် ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. Lima beans 375 g - တစ်ထုတ်
  2. ကြက်သွန်နီ - အလုံးကြီးကြီး နှစ်လုံး
  3. ဆီ - ထမင်းစားဇွန်း ဆယ့်ငါးဇွန်း
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြင်ဆင်ပုံ
  • ဇလုံထဲမှာ ပဲကို ရေများများထည့်ပြီး အနည်းဆုံး ၁၀နာရီလောက် စိမ်ထားပါ
  • ရေစိမ်ထားစဉ် အပေါက်ခပ်စိတ်စိတ်ပါသော ဇကာဖြင့် အုပ်ထားပါ
  • ပဲများပွပြီး ရေနည်းသွာပါက ရေကို မြုပ်အောင် ထပ်ထည့်ပေးပါ
  • ပဲများနူးလာပြီး အခွံချွတ်လို့ရပြီဆိုရင် တစ်စေ့ချင်း အခွံကို စိတ်ရှည်လက်ရှည် ချွတ်ပေးပါ
  • အခွံချွတ်ထားသော ပဲများကို ဆား နနွင်းထည့်ပြီး ရေမြုပ်အောင်ထည့်ကာ ပြုပ်ပေးပါ
  • ရေမခမ်းခင် ပဲနူးမနူး ဆယ်ပြီး စမ်းကြည့်ပါ
  • ပဲမနူးသေးပါက ရေထပ်ထည့်ပြီး ဆက်ပြုပ်ပေးပါ
  • ပဲများနူးပါက မီးပိတ်ပြီး အအေးခံထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ပါးပါးလှီးထားပါ
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကိုအပူပေးပါ ဆီပူလာပါက နနွင်းအနည်းငယ် ထည့်ပေးပါ
  • ဆီအငွေ့တက်လာတာနဲ့ ကြက်သွန်နီကို ရွှေဝါရောင် သန်းလာတဲ့ထိ ကြော်ပြီး ဆီစစ်ထားပါ
  • ကြက်သွန်ကြော်ထားသော ဆီထဲမှာ ပဲကိုတစ်မိနစ်လောက် ထည့်ကြော်ပေးပါ
  • ပြီးထာနဲ့ ပန်းကန်ထဲ ပြောင်းထည့်ကာ ဆီစစ်ထားသော ကြက်သွန်ကြော် ဖြူးပြီး ပဲကြီးနှပ် စိမ့်စိမ့်လေးကို စားသုံးနိုင်ပါပြီ။

Saturday 19 March 2016

ပြည်ကြီးငါးချောင်းကြော် ကော်ပြန့်စိမ်း






ပြည်ကြီးငါးကြော် ကြော်စားပြီး စိတ်ကူးရလာတာနဲ့ အသီးအရွက်တွေလှီးပြီး ကော်ပြန့်စိမ်း လုပ်စားဖြစ်သွားပါတယ် ပြည်ကြီးငါး ကြော်နည်းကတော့ မာမာတင်ထားပြီးသားမို့ ကော်ပြန့်စိမ်းလိပ်နည်းလေးဘဲ မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကြော်ပြီးအဆင်သင့်ပြင်ထားသော - ပြည်ကြီးငါးကြော်
  2. ရေဆေးပြီး ပုံပါအတိုင်း လှီးထားသော - မုံလာဥနီ
  3. ရေဆေးပြီး ပုံပါအတိုင်း လှီးထားသော - ဂေါ်ဖီအကြွတ်
  4. ရေဆေးထားသော - ဆလတ်ရွက်
  5. Rice paper - ၁၂ရွက်

ပြင်ဆင်ပုံ
  • ကြော်ထားသော ပြည်ကြီးငါးကြော် အေးတာနဲ့ ဆန်ပြားရွက်ကို ရိုးရိုးရေအေးနှင့် ပန်းကန်ပြားတချပ်ထဲ ထဲ့ပြီး စကကန့်၂၀လောက်ဘဲ ပျော့လာတဲ့ထိစိမ်လိုက်ပါ
  • စိမ်ပြီးတာနဲ့ ပန်းကန်ပြားအခြောက်တချပ်ပေါ်ဖြန့်တင်ပြီး ခင်းပေးပါ
  • ဆန်ပြားရွက်ပေါ်မှာ ဆလတ်ရွက်တရွက်နှင့် မုန်လာဥနီကို ခင်းပေးပါ
  • ကြော်ထားသော ပြည်ကြီးငါးကြော်ကို ဆလတ်ရွက် အပေါ်တင်ပြီး ပုံပါအတိုင် လိပ်ပေးပါ 
  • ပုံထားသော အောက်ဖက်မှ အစာကိုအုပ်ပြီး စလိပ်ပေးပါ
  • ဘေးနှစ်ဖက်ကို အစာအပေါ်ကို တစဆီ ခေါက်ပေးပါ
  • နောက်ထပ်အောက်ဖက်မှ အလိပ်ပုံစံရတဲ့အထိ ဆက်တိုက်လိပ်ပေးသွားပြီးရင် ရပါပြီ
  • ကော်ပြန့်စိမ်းအပြင်သား ထူထူလေးရအောင် လိပ်ပြီးသား အလိပ်များကို နောက်ထပ်ဆန်ပြားဖတ် တစ်ရွက်ဆီကို ရေစိမ်ပြီး ထပ်လိပ်ပေးပါက လှီးတဲ့အခါလှီးလို့ကောင်းသလို စားလို့လဲ ပိုပြီးကောင်းပါတယ်။
အချဉ်ရည်အတွက်ပြင်ပါမယ်
  • Tomato sauce ထမင်းစားဇွန်း ၂ဇွန်း
  • Chili sauce ထမင်းစားဇွန်း ၂ဇွန်း 
  • သကြား လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • ရေနွေး ထမင်းစားဇွန်း ၄ဇွန်း တို့ကိုရောမွှေပေးပါ

Friday 18 March 2016

ကြက်သား ကုန်းဘောင်ကြီးကြော်



ဒီတစ်ခါတော့ ဘာချက်ရင် ကောင်းမလဲ စဉ်းစားနေရင်းက ထမင်းပူပူလေးနဲ့ လိုက်ဖက်မဲ့ မွှေးပြီးစပ်တဲ့ ကြက်သား ကုန်းဘောင်ကြီးကြော်လေး ကြော်ဖြစ်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ ကြော်နည်းလေးကို မျှဝေလိုက်ပါတယ်

ပါဝင်ပစ္စည်းများ

  1. ကြက်ရင်ပုံသား - 250 g
  2. မုံလာဥနီ - အနေတော် တစ်ဥ
  3. ကြက်သွန်နီ - အနေတော် တစ်ဥ
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  5. ချင်း - လက်တစ်ဆစ်ခန့်
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဝက်ခန့်
  8. ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တစ်ဇွန်း
  9. သကြား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. ဆီ - ထမင်းစားဇွန်း လေးဇွန်း
  11. ငရုတ်သီး အခြောက်တောင့် - စားနိုင်သလောက်

ပြင်ဆင်ပုံ
  1. ကြက်သားကို ရေစင်အောင်ဆေးပြီး ခပ်သေးသေးလေးတွေ တုံးပေးပါ
  2. တုံးထားသော ကြက်သားကို ငံပြာရည် ပဲငံပြာရည် ဆားတို့နှင့်နယ်ပြီး ၁၀မိနစ်လောက် နှပ်ထားပါ
  3. မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ ပုံပါအတိုင်း လှီးပေးပါ
  4. ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ အကွင်းလိုက် လက်တစ်လုံးနီးပါး အထူရအောင် လှီးထားပါ
  5. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  6. ချင်းကိုအခွံခွာပြီး ရေဆေးကာ အမြှောင်းလေးတွေ လှီးထားပါ
  7. ငရုတ်သီးတောင့်ကို ရေဆေးပြီး ရေခြောက်အောင် သုတ်ထားပါ
  8.  ပါဝင်ပစ္စည်းများကို ပြင်ထားပါ
ဟင်းချက်ရန်ပြင်ဆင်ပုံ
  • ပထမဆုံး ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကိုအပူပေးပါ 
  • ဆီပူတာနဲ့ ငရုတ်သီးတောင့်တွေကို မွှေးသွားအောင်ကြော်ပြီး ဆယ်ထားပေးပါ 
  • ထိုဆီထဲမှာဘဲ ကြက်သားကို ထဲ့ကြော်ပေးပါ
  • ကြက်သားကို အသားမာပြီး တင်းလာတဲ့အထိ ၅မိနစ်လောက်ကြော်လိုက်ပါ
  • ကြက်သားကြော်ပြီးသွားတာနဲ့ မုံလာဥနီကို အရင်ဆုံး တစ်မိနစ်လောက် ထည့်ကြော်ပေးပါ
  • ပြီးတာနဲ့  ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းတို့ကို တစ်မိနစ်လောက် ထဲ့မွှေပေးပါ
  • နောက်ဆုံမှ ငရုတ်သီးတောင့်ကြော်ကိုထည့်ပြီး တစ်မိနစ်လောက် ထည့်ကြော်ပါ
  • ကြက်သွန်များ နွမ်းမသွားအောင် ခပ်မြန်မြန်ကြော်ပြီး မီးပိတ်ကာ အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • ပြီးတာနဲ့  ပန်းကန်ထဲ ပြောင်းထည့်ပေးပါ
  • ထမင်းပူပူလေးနဲ့ လိုက်ဖက်ပြီး အရသာရှိစွာ သုံးဆောင်နိုင်သော ကုန်းဘောင်ကြီးကြော် ရပါပြီ။

Thursday 17 March 2016

ဆိတ်သား အစိုကြော်









ဆိတ်သားကို ခပ်ပါးပါးလှီးပြီး ကြက်သွန်အဖြူ   ကြက်သွန်နီ ချင်းတို့နဲ့ အစိုမွှေးမွှေးလေး ကြော်ပါတယ် ပေါင်မုန့် ထမင်းတို့နဲ့စားလို့အရမ်းကောင်းသလို မာမာကတော့ အသီးအရွက် အစိမ်းတွေနဲ့ ကော်ပြန့်စိမ်းလေး လိပ်ပြီး စားပါတယ် ဒီတစ်ခါတော့ ဟင်းချက်နည်းလေးကိုဘဲ အရင်ဆုံး မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ဆိတ်သား - 500 g
  2. ကြက်သွန်နီ - အနေတော် တစ်လုံး
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ
  4. ချင်း - လက်တစ်ဆစ်ခန့်
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ပဲငံပြာရည်အပျစ် - ထမင်းစားဇွန်း တစ်ဇွန်း
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  8. ဆီ - ထမင်းစားဇွန်း ငါးဇွန်း
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ

ပြင်ဆင်ပုံ
  • ဆိတ်သားကို အတုံးလိုက် ရေဆေးပြီး အရှည်လိုက် ပုံပါအတိုင်း လက်တစ်လုံးခန့် အထူလှီးထားပါ
  • ချင်းကို အခွံခွာပြီး အမြှောင်းလိုက် အရှည်လိုက် လှီးထားပါ
  • ကြက်သွန်နီကို အလုံးလိုက် အခွံခွာပြီး ရေဆေးကာ အကွင်းလိုက် ခပ်ထူထူ လှီးထားပါ
  • ကြက်သွန်ဖြူ ကို အခွံခွာပြီး ရေဆေးကာ နှစ်မွှာကို ဓါးပြားရိုက်ပြီး ခပ်နုတ်နုတ် လှီးထားပါ
  • ကျန်ကြက်သွန်ဖြူ  သုံးမွှာကို အခွံခွာကာ ရေဆေးပြီး ညက်နေအောင် ထောင်းထားပါ
  • ထောင်းထားသော ကြက်သွန်ဖြူ  ပဲငံပြာရည်အပျစ် ဆား အရသာမှုန့် တို့နှင့်ရောမွှေကာ ဆိတ်သားကိုပါ ရောနယ်ပေးထားပါ
  • ဆီကို အပူပေးပြီး နနွင်းမှုန့်ထည့်ကာ အရသာ နယ်ထားသော ဆိတ်သားကို ထည့်ကြော်ပါ
  • ကြော်နေသော ဆိတ်သားမှ ထွက်လာသော အရည်များ မခမ်းတစ်ခမ်း အနေအထားရအောင် ကြော်ပေးပါ
  • ရေနည်းနည်း ကျန်နေချိန်မှာ ဆိတ်သားကို ဘေးမှာခနတွန်းထားပြီး ကျန်နေသော အရည်ထဲမှာ ကြက်သွန်ဖြူ  ကြက်သွန်နီ ချင်းတို့ကို နွမ်းသွားအောင် ကြော်လိုက်ပါ
  • ကြက်သွန်များ နွမ်းသွားပါက ဆိတ်သားနှင့်ရောမွှေပြီး ရေခြောက်အောင် ကြော်ပေးပြီး စားပွဲပြင်နိုင်ပါပြီ။