Tuesday 8 March 2016

ငါးခူအသားလွှာ ဆီပြန်







ဒီတခါတော့ ငါးခူအသားလွှာ ဆီပြန်ဟင်း ချက်ဖြစ်ပါတယ် အကြေးခွံ မပါတဲ့ငါးဖြစ်လို့ ငါးအရည်ခွံကို သန့်အောင် ငါးခူဆေးနည်းပါ မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ငါးခူ - 450 g
  2. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. စပါးလင် - နှစ်လက်မလောက်
  6. ကြက်သွန်နီ - အလုံးကြီးကြီး တစ်လုံး
  7. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  8. ချင်း - တစ်လက်မခန့်
  9. ငရုတ်သီးမှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  10. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  11. မကျည်းသီးမှည့် - လိုသလောက်
  12. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  13. ဆီ - ထမင်းစားဇွန်း ၇ဇွန်း

ငါးဆေးနည်း
  • ငါးခူကို ဗိုက်ကန့်လန့်ဖြတ်ခွဲကာ အထဲမှ အစာအိတ်နှင့် မလိုတာတွေဖယ်ကာ ဆူးတောင်များ ခုတ်ပေးပါ
  • ငါးခူကို ညှီနံ့ထွက်စေတဲ့ ငါးအညှိလုံးကို ထုတ်ပေးပါ
  • ထိုအညှိလုံးပ ငါးရဲ့ဆူးတောင်အောက်နားမှာ ရှိတဲ့အတွက် ဆူးတောင်အောက်ဖက်နားက အသားကို အနည်းငယ်ကန့်လန့်ဖြတ် လှီးချလိုက်ပါက အထဲမှ အညိုရောင် အညှီလုံးလေး ထွက်လာပါလိမ့်မယ် ထိုအညှိလုံးလေးကို ညှစ်ထုတ်ပေးပါ
  • ဆူးတောင် ၂ဖက်လုံးရဲ့အောက်ဖက်မှာ ရှိတဲ့အတွက် ၂ဖက်လုံးကို ထုတ်ပေးပါ
  • ထိုအညှိလုံး ထုတ်ပေးပြီးသော်လဲ ငါးခူရဲ့ အရည်ခွံမှာ အညှိတွေ ထပ်ရှိနေသေးပါတယ်
  • ထိုအရည်ခွံမှ အညှိများ ပျောက်စေရန် အညှိလုံးများထုတ်ကာ ဆူးတောင်များ ခေါင်းများ ခုတ်ပေးပြီးတာနဲ့ ဇလုံတလုံးထဲမှာ ငါးခူကို ဆား ထမင်းစားဇွန်း တဇွန်း နနွင်းအနည်းငယ် မကျည်းသီးမှည့် ကွမ်းသီးဆံလောက်ထည့်ပြီး နယ်ပေးပါ
  • ၂မိနစ်လောက် နယ်ပြီးပါက ရေများများနှင့် စင်အောင်ဆေးပါ
  • ရေဆေးပြီးသား ငါးအရည်ခွံကို ဓါးနှင့်အသာခြစ်ချပြီး နောက်ထပ်ရေနွေးနွေးလေးနှင့် စင်အောင် ပြန်ဆေးထားပါ
ငါးအသားလွှာရန်
  1. ဓါးထက်ထက်နှင့် ကြောရိုးရဲ့ ဘေးတဖက်ဆီမှ ဗိုက်ဖက်ဆီသို့ ပုံပါအတိုင်း ခွဲချပါ
  2. အရိုးမှန်သမျှ ကြောရိုးမှာ ကပ်ကျန်ခဲ့ပါမယ်
  3. အရိုးကို ဟင်းချို ဟင်းခါး ချက်ရာမှာသုံးရန် ပြုပ်ထားပါ
  4. ငါးအသားပြားကို ခပ်သေးသေးလေးတွေရအောင် လှီးထားပါ
ပြင်ဆင်ပုံ
  • ငါးအသားလွှာ လှီးပြီးသားကို ငံပြာရည် အချိုမှုန့် ဆား နနွင်းထည့်ပြီး အရသာနယ်ထားပါ
  • ကြက်သွန်ဖြူကို နုတ်နုတ်စဉ်းထားပါ
  • ကြက်သွန်နီးကို ခပ်နုတ်နုတ် လှီးထားပါ
  • စပါးလင်နှင့်ချင်းကို ခပ်ပါးပါး လှီးထားပါ
  • ငရုတ်ကောင်းကို မညက်တညက် ထောင်းထားပါ
  • မကျည်းမှည့်ကို ရေအနည်းငယ်နှင့် စိမ်ထားပါ
  • အဆင်သင့်ဖြစ်ပြီဆို ဒယ်အိုးကိုဆီထည့်ပြီ မီးအပူပေးပါ ဆီပူလာတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီ စပါးလင် ချင်းနှင့် ငရုတ်သီးမှုန့်တို့ကို ထည့်ပြီးဆီသတ်ပါ
  • အနံ့မွှေးလာပါက အရသာနယ်ထားသော ငါးကိုထည့်ပြီး မွှေပေးပါ ငါးအသားများ မာပြီး အရောင်ပြောင်းလာတဲ့ထိ ဆီသတ်ပေးပါ
  • ဆီသတ်နေစဉ် အသားများ ကြေမသွားစေရန် မမွှေတော့ဘဲ အိုးကို ကိုင်ပြီးလှုပ်ပေးပါ
  • ငါးအသားမာလာပါက ရေမြုပ်အောင်ထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေဆူပြီး ရေအနည်းငယ် ခမ်းလာပါက ရေစိမ်ထားသော မကျည်းမှည့်ကို အနှစ်ထည့်ပြီး ဆီပြန်အောင် တည်ပေးပါ
  • ဆီပြန်ကာနီး ငရုတ်ကောင်းမှုန့်အုပ်၍ အိုးကို လှုပ်လှုပ်ပေးကာ အောက်ခြေမကပ်အောင် သတိထားပြီး တည်ပေးပါ
  • ဆီပြန်လာပါက ငရုတ်ကောင်းနံ့ မွှေးမွှေးလေးနှင့် ငါးခူအသားလွှာ ချဉ်ငံစပ် ဆီပြန်ဟင်းကို သုံးဆောင်ရန် ရပါပြီ။

No comments:

Post a Comment