Friday 4 March 2016

သင်္ဘောသီးခြစ် အစပ်ထောင်း






အိမ်က သင်္ဘောပင်မှာ အသီးတွေများနေတာနဲ့ သေးတာတွေခူးပြီး အပျင်းပြေလေး လူစုံတုန်း ချဉ်ချဉ်စပ်စပ် သင်္ဘောသီး အရိုင်းထောင်းလေး ထောင်းစားဖြစ်ကြတယ် ရှူးရှူးရှဲရှဲနဲ့ စားလို့ကောင်းလွန်းတဲ့ ထောင်းနည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. သင်္ဘောသီးစိမ်း - အနေတော် တစ်လုံး
  2. ပုဇွန်ထုတ် - အကောင်ကြီးကြီး ၃ကောင်
  3. ငရုတ်သီးစိမ်း - ၇တောင့်ခန့် (အစပ်ကြိုက်လျှင် ပိုထည့်ပါ)
  4. ပဲအကျက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  5. ငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  6. ကြက်သွန်နီဆီချက် - ထမင်းစားဇွန်း ၃ဇွန်း
  7. သံပုရာသီး - တစ်ခြမ်း

ပြင်ဆင်ပုံ
  • သင်္ဘောသီးကို အခွံခွာပြီး ရှည်ရှည်သေးသေးလေးတွေရအောင် သင်္ဘောခြစ်ဖြင့် ခြစ်ထားပါ
  • ခြစ်ပြီးသော သင်္ဘောသီးများကို သင်္ဘောသီး အစိမ်းနံ့မနံအောင် ရေများများနဲ့ဆေးပြီး ရေနာရီဝက်လောက်ကာ ရေစစ်ထားပါ
  • ပုဇွန်ကို ရေအနည်းငယ်နှင့် ဆားအနည်းငယ်ထည့်ပြီး လှော်ကာ အခွံခွာ၍ ကြောဘက်မှ အမည်းကြောင်းကို ထုတ်ထားပါ
  • ငရုတ်ဆုံ ခပ်ကြီးကြီးထဲမှာ ပုဇွန်လှော်ကို မညက်တစ်ညက် ထည့်ထောင်းပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး အညှာခြွေကာ မညက်တစ်ညက် ရောထောင်းပါ
  • ပြီးတာနဲ့ သဘောင်္သီး ငံပြာရည် ပုဇွန်ထောင်း ပဲအကျက်မှုန့် ငရုတ်သီးစိမ်းထောင်း အချိုမှုန့် ကြက်သွန်နီဆီချက်တို့နှင့် သံပုရာရည်ညှစ်ကာ ရောပြီး လေးငါးချက်လောက် ထောင်းပေးပါ
  • အားလုံး သမသွားတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ စပ်စပ်မွှေးမွှေး သင်္ဘောသီး အရိုင်းထောင်းလေး ရပါပြီ။

No comments:

Post a Comment