Tuesday 29 March 2016

ငါးချဉ်စပ် သောက်ဆမ်းဟင်း







ဒီဟင်းလေးကို စားမိတိုင်း သတိရမိတာက ထမံသီမြို့က ရှမ်းနာဂအမျိုးသမီးကြီး ချက်ကျွေးတဲ့ ငါးဟင်းကို အရမ်းသတိရမိပါတယ်။

သူတို့ ခြံဝင်းထဲမှာ စိုက်ထားတဲ့ အသီးအရွက်တွေရယ် သူကိုယ်တိုင် ထည့်ထားတဲ့ မုန့်ညှင်းစိမ်း ရှမ်းချဉ်ရယ် ချင်းတွင်းမြစ်ထဲက ငါးလတ်လတ်ဆတ်ဆတ်တွေကို ရောပြီးချက်ထားတဲ့ ဟင်းရည် သောက်ဆမ်းဟင်းလေးပါ။

ထမင်းပူပူ ဟင်းပူပူတွေနဲ့ ထမံသီမြို့ပြင်နားက လက်ဘက်ခင်းနားမှာ စားခဲ့ကြတာတွေက အမြဲအမှတ်တရ ဖြစ်စေခဲ့တဲ့ ငါးရှမ်းမုန့်ညှင်းချဉ် ခပ်စပ်စပ်ဟင်းရည် သောက်ဆမ်းလေးကို ဒီနေ့တော့ အလွမ်းပြေ ချက်မိသွားပါပြီ။

ပါဝင်ပစ္စည်းများ

  1. Basa ငါး - 500 g
  2. ခရမ်းချဉ်သီး - အလုံးကြီးကြီး တစ်လုံး
  3. မုန့်ညှင်းချဉ် - လက်ဖက်ရည် အကြမ်းပန်းကန် တစ်လုံးမောက်မောက်
  4. ငရုတ်သီး လုံးခြမ်းကွဲ - ထမင်းစားဇွန်း ၂ဇွန်း
  5. ကြက်သွန်မိတ် - အပင်ကြီးကြီး ၇ပင်
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. ဆီ - ထမင်းစားဇွန်း ၃ဇွန်း

ပြင်ဆင်ပုံ
  1. ငါးကို ရေဆေးပြီး လက်၃လုံးလောက်လေးတွေ တုံးထားပါ
  2. တုံးထားသောငါးကို ဆား လက်ဖက်ရည်ဇွန်း တ၀က် နနွင်းမှုန့် လက်ဖက်ရည်ဇွန်း လေးပုံတပုံ အရသာမှုန့် လက်ဖက်ရည်ဇွန်း တ၀က်တို့နှင့် နယ်ထားပါ
  3. ခရမ်းချဉ်သီးနှင့် ကြက်သွန်မိတ်နှင့် ကြက်သွန်မြစ်များကို ပုံမှာပါတဲ့အတိုင်း လှီးထားပါ
  4. အိုးတလုံးထဲမှာ အသီးအရွက်များ ဆား လက်ဖက်ရည်ဇွန်း တ၀က် ငရုတ်သီးမှုန့် အရသာမှုန့် လက်ဖက်ရည်ဇွန်း တ၀က် ဆီတို့ထည့်ပြီး သမအောင် နယ်ပေးပါ
  5. အသီးအရွက်များထဲ ရေအနည်းငယ်ထည့်ကာ ပွက်ပွက်ဆူပြီး ဟင်းလုံးမိအောင် တည်ပေးပါ
  6. ဟင်းသီးဟင်းရွက်များ လုံးမိပါက အိုးအဖုံးဖွင့်ပြီး ခရမ်းချဉ်သီးဖတ် ကျေအောင် ချေပေးပါ
  7. ခရမ်းသီးဖတ်များ ကျေသင့်သလောက် ကျေလာတာနဲ့ ငါးကို ၅မိနစ်လောက် ကြာအောင် ထည့်မွှေပါ
  8. ငါးအသားများမာပြီး အရောင်ပြောင်းလာတာနဲ့ ရေကို 500 ml လောက်ထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  9. ရေပွက်ပွက်ဆူပြီး ၅မိနစ်လောက်နေရင် အရသာမြည်း၍ လိုသလိုပြင်ကာ ငါးအရည်သောက်ဆမ်း ချဉ်ငံစပ်ဟင်းရည်လေး ရပါပြီ။

No comments:

Post a Comment