ခရမ်းကြွတ်သီးလေးတွေ တို့စားမယ်ဆိုပြီး ၀ယ်လာခဲ့ပေမဲ့ အိမ်ရောက်တော့ စိတ်ပြောင်းသွားပြီး ခပ်စပ်စပ်လေး နှပ်လိုက်ပါတယ် ဒီနေ့တော့ ထမင်းပူပူနဲ့ နယ်ဖတ်ပြီး စားရတာ လိုက်ဖက်လွန်းတဲ့ ခရမ်းကြွတ်သီးနှပ်နည်းလေးကို မျှဝေလိုက်ပါတယ်။
ပါ၀င်ပစ္စည်းများ
- ခရမ်းကြွတ်သီး - ဆယ့်နှစ်လုံး
- ညက်နေအောင် ထောင်းထားသော ကြက်သွန်နီဥကြီးကြီး - တစ်ဥ
- ရေစိမ်ပြီး ညက်အောင်ထောင်းထားသော ပုဇွန်ခြောက် လက်ဖက်ရည်ပန်းကန်လုံး - တစ်လုံးစာ
- ညက်နေအောင် ထောင်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
- ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
- ငရုတ်သီးအစိမ်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
- ဆီ - ထမင်းစားဇွန်း လေးဇွန်း
- ပဲငံပြာရည်အပြစ် - ထမင်းစားဇွန်း တစ်ဇွန်း
ပြင်ဆင်ပုံ
- ခရမ်းသီးကို အညှာနားထိ ပြတ်အောင်မလှီးဘဲ လေးစိတ်လှီးပေးကာ ရေနာရီ၀က်လောက် စိမ်ထားပါ
- အညိုရောင်အရည်များ ထွက်သွားပါက ရေစင်အောင်ဆေးပြီး ရေစစ်ထားပေးပါ
- ကြက်သွန်ဖြူ ကြက်သွန်နီ ဆား အရသာမှုန့် ပုဇွန်ခြောက်ထောင်းတို့ကို ရောနယ်ပေးထားပါ
- ခရမ်းသီးကို လှီးထားသော နေရာကြားကို အသာလေးဟပြီး သမအောင်နယ်ထားသော အစာများထည့်ပေးပါ
- ထည့်ပြီးတာနဲ့ ချက်နေစဉ် အစာများအပြင်ကို ပြန်မထွက်စေရန် လှီးထားသော နေရာများကို အပေါ်ဖက်မှာထားပြီး ဇောက်နက်သော အိုးထဲထဲမှာ စီပြီးထည့်ပေးပါ
- စပ်ထားသော အစာများပိုနေပါက အိုးထဲထည့်ပြီး ချက်ပေးနိူင်ပါတယ်
- အိုးထဲမှာ ခရမ်းသီးအစာသွတ်များ ဆီနှင့် ရေမမြုပ် တမြုပ်ထည့်ကာ အဖုံးအုပ်ပြီး တည်ပေးပါ
- အိုးမကပ်စေရန် မမွှေဘဲ လှုပ်ပေးပါ
- ရေ မခမ်းခင် ပဲငံပြာရည်ထည့်ပြီး အိုးကို အသာလှုပ်ပေးပြီး ဆီကျန်ရေကျန် အနေအထားလေးရအောင် တည်ပေးပါ
- ခရမ်းသီးနူးပါက အရသာမြည်းပြီး လိုသလိုပြင်ပေးကာ အိအိမွှေးမွှေး ခရမ်းကြွတ်သီးနှပ် စပ်စပ်လေးကို သုံးဆောင်နိုင်ပါပြီ။
No comments:
Post a Comment