မြန်မာမုန့်လေးတွေ စားချင်တိုင်း စိတ်ကူးရရင် ရသလို လုပ်စားကြရင်း ဒီတခါတော့ နှမ်းကပ် မုန့်လုံးကြီး လေးတွေ ကြော်စားဖြစ်လို့ မုန့်လုပ်နည်းလေး မျှဝေလိုက်ပါတယ်။
ကောက်ညှင်းမုန့်ဆိုတဲ့အတိုင်း ကြော်တဲ့အခါမှာ နည်းနည်းတော့ သတိထားပြီး ကြော်ရပါတယ် မုန့်သားမုန့်နှပ်ချိန် မုန့်စပ်ချိန်တွေ မမှန်တဲ့အခါမှာ မုန့်ကြော်တဲ့ အချိန်မှာ မုန့်သားနဲ့ဆီတွေ ပေါက်ထွက်ပြီး လူကို စင်စေကာ ဆီပူလောင် နိုင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ကောက်ညှင်းမှုန့် - 100 g
- ကောက်ညှင်းမှုန့် - 20 g မုန့်သားစပ်ရန်
- ရေ - 125 g (ရေနွေးကျိုရန်)
- သကြား - 50 g
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ဆီ - ထမင်းစားဇွန်း တစ်ဇွန်း
- ကောက်ညှင်းမှုန့် - ထမင်းစားဇွန်း တစ်ဇွန်း (အရည်ဖျော်ရန်)
- ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး (ကောက်ညှင်းမှုန့် အရည်ဖျော်ရန်)
- Ready made အုန်းသီး အခြောက်ဖတ် - 100 g
- ထန်းလျှက်ခဲ - 100 g (ထန်းလျှက်မရှိက သကြားကို သုံးနိုင်ပါတယ်)
- ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး (ထန်းလျှက်ကျိုရန်)
- နှမ်းအဖြူ - လိုသလောက် သုံးပေးပါ
- ဆီ - မုန့်ကြော်ရန်အတွက် လိုသလောက် သုံးပေးပါ
- အဝတ်စ သန့်သန့် - တစ်စ (ထန်းလျှက်ရည် စစ်ရန်)
အုန်းယိုထိုးရန်
- Ready made အုန်းသီးအခြောက်မှုန့်ကို အဆင်သင့်ပြင်ထားပေးပါ
- ထန်းလျှက်ခဲကို ရေအနည်းငယ်ထည့်ပြီး ကျေသွေားအာင် မီးအပူပေးပါ
- ထန်းလျှက် အရည်ပျော်လာပါက အမှိုက်များ မပါအောင် အ၀တ်စသန့်သန့်နှင့် စစ်ပေးပါ
- သန့်ထားပြီးသော ထန်းလျှက်ရည်နှင့် အုန်းသီးဖတ်များကို အိုးထဲထည့်ပြီး ထန်းလျှက်ရည် ခမ်းတဲ့ထိမွှေပေးပါ
- အုန်းယိုဖြစ်သွားပါက ခပ်နွေးနွေးအချိန်မှာ အလုံးလေးတွေ လုံးထားပြီး အအေးခံထားပါ။
ပြင်ဆင်ပုံ
- ရေ သကြားနှင့်ဆားတို့ကို အိုးတလုံးထဲမှာ ထည့်ပြီး ပွက်ပွက်ဆူအောင် ကျိုပေးပါ
- ဇလုံကျယ်ကျယ် တစ်လုံးထဲမှာ ကောက်ညှင်းမှုန့်ထည့်ပြီး ကျိုထားတဲ့ အရသာပါသော ရေနွေးကို နည်းနည်းချင်းထည့်ကာ တူနှစ်ချောင်းနှင့် နယ်ပေးပါ
- မုန့်သားပျော့ပြီး စေးပိုင်လာပါက ကောက်ညှင်းမှုန့် 20 gကို ထပ်ထည့်ပေးပါ
- ကောက်ညှင်းမှုန့် ရောပေးပြီးတာနဲ့ လက်နှင့်ဖိဖိပြီး မုန့်ဒိုးသား ရလာတဲ့အထိ နယ်ပေးပါ
- မုန့်သားပျော့လာကာ ဒိုးသားရလာပါက အဝတ်ရေစိုလေးနှင့် အုပ်ပေးကာ အနည်းဆုံး မိနစ်၃၀လောက် အခန်းအပူချိန်အတိုင်း ဒီတိုင်းထားပေးပါ
- ဇလုံခပ်သေးသေးထဲမှာ ရေနှင့် ကောက်ညှင်းမှုန့် ထမင်းစားဇွန်း တစ်ဇွန်းကိုထည့်ပြီး အရည်ပျော်သွားအောင် ဖျော်ပေးထားပါ
- ပန်းကန်ပြား တစ်ချပ်ထဲမှာ နှမ်းစေ့များကို ထည့်ပေးထားပါ
- ယိုထိုးထားသော အုန်းယိုများကို ကွမ်းသီးဆံလောက် အလုံးလေးတွေ လုံးပေးထားပါ
- မုန့်သားနှပ်ထားပြီးတာနဲ့ မုန့်သားကို ပုံပါအတိုင်း ခပ်ရှည်ရှည်လေး ရလာအောင် လှိမ့်ပေးပါ
- ထိုလှိမ့်ထားသော မုန့်သားကို ရွယ်တူအတုံးလေးတွေ ၈တုံးရအောင် ပိုင်းပေးပါ
- ပြီးတာနဲ့ မုန့်သားအတုံးလေး တစ်တုံးစီကိုယူပြီး လက်ဝါးနှစ်ဖက်နှင့် ပွတ်ပေးကာ ဝိုင်းနေအောင် လုံးပေးပါ
- အလုံးလေ ဖြစ်သွားတာနဲ့ လက်ဝါးပေါ်တင်ပြီး အလယ်ကို အချိုင့်လေးဖြစ်အောင် လက်မနှင့် ဖိလိုက်ပါ
- ချိုင့်သွားသော နေရာသို့ အဆင်သင့် လုံးထားသော အုန်းယိုတခု ထည့်ပေးပါ
- ပြီးတာနဲ့ အုန်းယိုပေါ်သို့ မုန့်သားကို ပြန်အုပ်ပြီး လုံးပေးပါ
- အုန်းယိုလုံးကို မပေါ်အောင် မုန့်သားကို သတိထားပြီး အုပ်ပေးပါ
- အုန်းယိုလုံး ပေါ်နေပါက မုန့်သားကို ကြော်ချိန်မှာ အုန်းယိုများ အပြင်သို့ ပေါက်ထွက်သွားတတ်ပါတယ်
- လုံးပြီးသား မုန့်လုံးများကို အရည်ဖျော်ထားသော ကောက်ညှင်းရည်ထဲမှာ နှစ်ပေးကာ ချက်ချင်းပြန်ဆယ်ပေးပြီး နှမ်းပန်းကန်ထဲမှာ ထည့်ပြီး ခပ်ဖွဖွ လှိမ့်ပေးကာ နှမ်းစေ့များ ကပ်သွားအောင် လက်နှင့်လးငါးချက်လောက် ပြန်ဆုတ်ပေးပါ
- ထိုနည်းအတိုင်း မုန့်လုံးများ ကုန်တဲ့အထိ လုပ်ပေးပါ။
မုန့်ကြော်ရန်
- မုန့်လုံးများအားလုံး နှမ်းထဲမှာ လှိမ့်ပေးပြီးပါက ဇောက်နက်သော အိုးထဲမှာ ဆီများများထဲ့ပြီး အငွေ့ထွက်လာအောင် တည်ပေးပါ
- ဆီအငွေ့ တက်လာပါက မီးကိုအနေတော် လျှော့ပေးပြီး လုံးထားသော မုန့်များကို အိုးဆန့်သလောက် တလုံးချင်း ထဲ့ကြော်ပေးပါ
- မုန့်သားများ အကျက်ညီစေရန် မကြာမကြာ မုန့်လုံးကို လှည့်ပေးပါ
- မုန့်လုံးတခုလုံး ရွှေဝါရောင် သန်းလာပါက ဆယ်ပြီးဆီစစ်ထားပါ
- ဆီစစ်သွားပြီး အေးသွားပါက နှမ်းကြော်ရနံ့ မွှေးမွှေးလေးနဲ့ အုန်းယိုချိုချို မုန့်လုံးကြီးကြော် ချိုစိမ့်စိမ့်လေးကို စားသုံးရန် ပြင်ပေးနိုင်ပါပြီ။
No comments:
Post a Comment