Wednesday 31 January 2024

ပဲတီချဉ်သုပ်

 



ဒီနေ့တော့ ထမင်းမြိန်စေမဲ့ ပဲတီချဉ် အသုပ်လေး သုပ်ပါတယ် ပဲတီချဉ်သုပ် စားချင်တာလို့ မနေ့ကဘဲ အချဉ်တည်လိုက်ပြီး ဒီနေ့သုပ်စားပါတယ်။

ဒီအသုပ်လေးက  မာမာ့အကြိုက်ဆုံး အသုပ်တစ်မျိုးဆိုလည်း မမှားပါဘူး ကိုယ်တိုင်အချဉ်တည်ပြီးမှ သုပ်တာမို့လို့ အချဉ်အရသာ အနေတော်လေးနဲ့ သုပ်ထားပါတယ်။ 

ပဲတီက ချဉ်လွန်းရင်လည်း စားမကောင်းပါဘူး ချဉ်ယောင်ယောင်လေးမှာ သုပ်ပြီးစားမှ ကောင်းပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ အသုပ်သုပ်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ 
  1. ပဲတီချဉ် ဟင်းပြင်ပန်းကန် အလတ် - တစ်လုံးစာ
  2. ကြက်သွန်နီ အနေတော် -  တစ်ဥ
  3. နံနံပင် - မိမိနှစ်သက်သလောက်
  4. ကြက်သွန်နီ ဆီချက်  - ထမင်းစားဇွန်း နှစ်ဇွန်း
  5. ကြက်သွန်နီ ဆီချက်ဖတ် - ထမင်းစားဇွန်း တစ်ဇွန်း
  6. ပဲအကျက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  7. ငရုတ်သီး အကျက်မှုန့် -  လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  9. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  10. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
ပြင်ဆင်ပုံ
  • ပဲတီချဉ်နှင့် ပါ၀င်ပစ္စည်းများ ကို ပြင်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • နံနံပင်ကို ရေဆေးပြီး မထူမပါးလေး လှီးထားပါ
  • ဇလုံ တစ်လုံးထဲမှ ပဲတီချဉ်နဲ့အတူ ပါ၀င်ပစ္စည်းများကို ထည့်ပေးပြီး ခပ်ဖွဖွ နယ်ပေးပါ
  • အရသာ နယ်ပြီးတာနဲ့ မြည်းပေးကာ မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • ပြီးတာနဲ့ ချဉ်ငံစပ် ပဲတီချဉ်သုပ် မွှေးမွှေးလေးကို ထမင်းပူပူလေးနဲ့ စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

ငါးခူ ကြာဇံဟင်းခါး


ဒီနေ့တော့ အလှူတွေမှာ မပါမဖြစ် ချက်လေ့ ချက်ထရှိတဲ့ ဟင်းခါးအရည်သောက်ဆမ်းလေး ချက်ပါတယ် သောက်လို့ကောင်းပြီး ချက်နည်းလေး လွယ်ကူတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ဟင်းခါးချက်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ငါးခူ - နေတော် တစ်ကောင်
  2. ပဲကြာဇံ - တစ်ထုံး (အထုံးသေး)
  3. ပဲလိပ် - အနေတော် တစ်ချောင်း
  4. ကြွက်နားရွက်မှို - ငါးခုခန့်
  5. ဆား - ထမင်းစားဇွန်း တစ်ဇွန်း (ငါးခူဆေးရန်)
  6. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (ငါးခူအရသာနယ်ရန်)
  7. အရသာမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (ငါးခူအရသာနယ်ရန်)
  8. ကြက်သွန်ဖြူ - အမွှာကြီးပြီး လေးမွှာ
  9. ငရုတ်ကောင်းစေ့ လှော်ပြီးသား  - ရှစ်စေ့ခန့်
  10. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ဟင်းရည်ထဲထည့်ရန်)
  11. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ (ဟင်းရည်ထဲထည့်ရန်)
ငါးကင်ရန် ပြင်ဆင်ပုံ
  • ငါးခူကို မလိုတာတွေဖယ်ပြီး ဆားနှင့်နယ်ကာ သန့်စင်အောင် ဆေးပေးပါ
  • ပြီးတာနဲ့ ဆား နနွင်းမှုန့်နှင့် အရသာမှုန့်တို့ထည့်ကာ နယ်ပေးပါ
  • အရသာ နယ်ပြီးတာနဲ့ ကင်ပြစ်ထဲထည့်ကာ မီးဖိုပေါ်တင်ပြီး ကင်ပေးပါ
  • ငါးတစ်ကောင်လုံး ကျက်သွားပါက အအေးခံပြီး အသားထွင်ထားပါ
ဟင်းခါးချက်ရန် ပြင်ဆင်ပုံ
  • ဂျုံကြာဇံကို ရေမြုပ်အောင်ထည့်ပြီး ရေနာရီလောက်အထိ စိမ်ထားပါ
  • ပဲလိပ်ကို ရေမြုပ်အောင်ထည့်ပြီး ရေနာရီဝက်အထိ စိမ်ထားပါ
  • ကြွက်နားရွက် မှိုများကို ရေနာရီ၀က်လောက် စိမ်ထားပြီး ရေဆေးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တစ်ညက် ထောင်းထားပါ
  • ငရုတ်ကောင်းကို ညက်နေအောင် ထေားင်ထားပါ
  • အိုးတစ်လုံးထဲတွင် ရေကို တရုတ်ဟင်းရည်သောက် ပန်းကန်၂လုံးစာထည့်ပြီး တည်ပေးပါ 
  • ရေအိုးထဲတွင် အသားထွင်ထားသော ငါးခူ ဆားလက်ဖက်ရည်ဇွန်း တစ်ဇွန်း အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်၀က်သာသာထည့်ပြီး ဆူအောင်တည်ပေးပါ
  • ရေဆူလာတာနဲ့ မှိုခြောက်နှင့် ပဲလိပ်တို့ကိုထည့်ပြီး နူးအောင်တည်ပေးပါ
  • ရေပွက်ပွက် ဆူလာပါက ဂျုံကြာဇံ ကြက်သွန်ဖြူနှင့်ငရုတ်ကောင်းမှုန့် တို့ကို ဟင်းရည်အိုးထဲ ထည့်ပေးပါ
  • ပြီးတာနဲ့ နှစ်မိလောက် ဆူအောင်တည်ပေးပြီး အရသာ မြည်းပေးကာ မိမိစိတ်ကြိုက် အရသာ ရလာအောက် ပြင်ပေးပါ
  • အရသာ ပြင်ပေးပြီးတာနဲ့ ဟင်းရည်အိုးကို မီးပိတ်ပေးကာ ငါးခူကင်  ကြာဇံဟင်းခါး ပူပူလေးကို သုံးဆောင်နိူင်ပါပြီ။

Tuesday 30 January 2024

သတ်သတ်လွတ် ပဲငပိချက်

 



ဒီနေ့တော့ ပုဇွန်ခေါင်းချိုး လတ်လတ်ဆတ်ဆတ်လေးတွေ ရလာတာနဲ့ ပဲငပိကို ချဉ်ချဉ်ငံငံ စပ်စပ်လေး ချက်ဖြစ်သွားပါတယ် ထမင်းစားလို့ မြန်စေတဲ့ ဟင်းလေးတစ်မယ်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ပဲငပိ အစပ်ဟင်း ချက်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ပဲငပိ -  ဟင်းပြင်ပန်းကန်အသေး တစ်လုံးစာ
  2. ကြက်သွန်ဖြူ  - အမွှာကြီးကြီး ၄မွှာ
  3. ကြက်သွန်နီ - ဥကြီးကြီး တစ်ဥ
  4. ငရုတ်သီးအကြမ်းမှုန့် ထမင်းစားဇွန်း သုံးဇွန်း
  5. ခရမ်းချဉ်သီး - အနေတော် ၅လုံး                                       
  6. ဆီ - ထမင်းစားဇွန်း ငါးဇွန်း
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်းတစ်ဝက်
  8. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. ငရုတ်သီးစိမ်း - နှစ်သက်သလောက်
ပြင်ဆင်ပုံ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  • ငရုတ်သီးအကြမ်းမှုန့်ကို အဆင်သင့် ပြင်ထားပါ။
  • ကြက်သွန်နီ ကြက်သွန်ဖြူနှင့် ငရုတ်သီး အကြမ်းဖတ်တို့ကို မညက်တစ်ညက် ရောထောင်းပေးထားပါ
  • ပဲငပိကို ပြင်ထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ။
  • ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်တို့ကိုထည့်ပြီး မီးအနေတော်နဲ့ အပူပေးပါ
  • ဆီပူလာတာနဲ့ ငရုန်သီးထောင်းကို မိနစ်၀က် မရှိတရှိကြော်ပေးပါ။။
  • ငရုတ်သီးနံ့ သင်းလာတာနဲ့ ခရမ်းချဉ်သီးကို ကျေပြီး အခွံများ  လိတ်သွားတဲ့ထိ ချက်ပေးပါ။
  • ပြီးတာနဲ့ ခရမ်းချဉ်သီးမှ ထွက်လာသော အရည်များ မခမ်းခင် ပဲငပိနှင့် အချိုမှုန့်ကို ထည့်မွှေပါ။
  • ခရမ်းချဉ်သီးမှ ထွက်လာသော အရည်များ အရမ်းမခမ်းခင် ငရုတ်သီးစိမ်း ထည့်မွှေကာ အရသာမြည်ပြီးး လိုသလိုပြင်ပေးပါ။
  • ပြီးတာနဲ့ မီးပိတ်ပေးကာ ချဉ်ချဉ်ငံငံစပ်စပ် ရှမ်းပဲငပိချက် မွှေးမွှေးလေးနဲ့ ထမင်းမိန်မိန် သုံးဆောင်နိုင်ပါပြီ။
မှတ်ချက် ။ ။ ပဲငပိကို အချိုသုံးပါက အငံအရသာအတွက် ငံပြာရည်ထည့်ပေးပါ မာမာကတော့ ပဲငပိအငံကို သုံးထားတဲ့အတွက် ငံပြာရည် ထည့်မထားပါ။

Monday 29 January 2024

ငံပြာရည်ကြော်

 



မာမာဒီနေ့တော့ ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းတဲ့ ငံပြာရည်ကြော် စိုစိုအိအိလေး ကြော်ဖြစ်ပါတယ် ထမင်း ပူပူလေးနဲ့ နယ်ဖတ်ပြီး စားလို့ အရမ်းကောင်းပြီး ထမင်းစားလို့ မြိန်စေပါတယ်။

ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ ငံပြာရည်ကြော် စိုစိုအိအိ ကြော်တဲ့နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ပုဇွန်ခြောက် - တစ်ဆယ်သား
  2. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  3. ကြက်သွန်နီ - ခပ်ကြီးကြီး ဆယ်လုံး
  4. ကြက်သွန်ဖြူ - ငါးကျပ်သား
  5. မျှင်ငပိ - ထမင်းစားဇွန်း တစ်ဇွန်း
  6. မန်ကျည်းသီးမှည့် - ထမင်းစားဇွန်း သုံးဇွန်းသာခန့်
  7. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. ငရုတ်သီး အစိမ်းမှုန့်  - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  9. ငရုတ်သီးခွဲခြမ်း - ထမင်းစားဇွန်း နှစ်ဇွန်း
  10. ငါးငံပြာရည် - ထမင်းစားဇွန်း ဆယ်ဇွန်း
  11. ဆီ - ဆယ့်ငါးကျပ်သား

ပြင်ဆင်ပုံ

  • ပုဇွန်ခြောက်ကို ရေဆေးကာ ညက်နေအောင် ထောင်းပေးပါ
  • ကြက်သွန်နီကို အခွံခွာကာ ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာကာ ရေဆေးပြီး မညက်တစ်ညက် ထောင်းထားပါ
  • မျှင်ငပိကို ရေနည်းနည်းနဲ့ အရည်ဖျော်ထားပါ
  • မန်ကျည်းမှည့်ကို ရေဆေးပြီး ရေနွေးနှင့် စိမ်ထားပါ
  • ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
ချက်ပြုပ်နည်း
  • ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်ထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ကြက်သွန်နီ ကြက်သွန်ဖြူနှင့် ငရုတ်သီးမှုန့် နှစ်မျိုးတို့ကို ထည့်ကြော်ပေးပါ
  • ဆီသတ်နံ့ မွှေးလာပြီး ငရုတ်သီး အစိမ်းနံ့ ပျောက်ကာ အရောင်ပြောင်းလာတာနဲ့ ပုဇွန်ခြောက်မှုန့်ကို ထည့်မွှေပါ
  • ပုဇွန်ခြောက်နံ့ မွှေးလာပါက အရသာမှုန့် နှင့် ရေစိမ်ထားတဲ့ မျှင်ငပိနှင့် မကျည်းအနှစ်ကို အဖတ်များဖယ်ပြီး ထည့်ပေးပါ
  • မျှင်ငပိအနံ့ မွှေးလာပါက အရသာကို မြည်းပေးကာ မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • စိုစိုအိအိ အနေအထားလေး ရလာပါက မီးပိတ်ပေးကာ ငံပြာရည်ကြော်ကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Sunday 28 January 2024

ချဉ်ရည်ဟင်း

 


ဒီနေ့တော့ မုန့်လာဥဖြူနဲ့  ရုံးပတေသီးလေးတွေရယ်ကိုရောပြီး ချဉ်ရည်ဟင်း တစ်မယ်ချက်ပါတယ် ထမင်းစားတဲ့အခါ အရည်သောက် ဟင်းလေးပါမှ ထမင်းက စားလို့ကောင်းလို့ ကောင်းပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချဉ်ရည်ဟင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. မုံလာဥဖြူ - ခပ်ကြီးပြီး တစ်ဥ (450 g)
  2. ရုံးပတေသီး - ဆယ်တောင့်
  3. နံနံပင် - မိမိနှစ်သက်သလောက်
  4. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  5. ကြက်သွန်ဖြူ  - အမွှာကြီးကြီး နှစ်မွှာ
  6. ချင်း - လက်တဆစ်ခန့်
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  8. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  9. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  10. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  11. မန်ကျည်းသီးမှည့် - ထမင်းစားဇွန်း တစ်ဇွန်း
  12. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  13. ပုဇွန်ထုတ် - ဆယ်ကောင်

ပြင်ဆင်ပုံ
  • မုံလာဥကို အပြင်ခွံခွာပြီး ထက်ဝက်ခြမ်းကာ သင့်သလိုလှီးပြီး ရေဆေးကာ ရေစစ်ထားပါ
  • ပုဇွန်ကို ရေဆေးပြီး မလိုတာတွေဖယ်ပြီး အခွံခြွတ်ထားပါ
  • နံနံပင်ကို ရေဆေးပြီး ရေစစ်ထားပါ
  • ကြက်သွန်ဖြူ  ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ  ညက်နေအောင် ထောင်းထားပါ
  • ရုံးပတေသီးကို အတောင့်လိုက် ရေဆေးပြီး အမြှီးနှင့် ထိပ်ဖက်တို့ကိုဖြတ်ကာ ထက်ဝက်ပိုင်းထားပါ
  • မန်ကျည်းသီးမှည့်ကို ရေတစ်ထပ်ဆေးပြီး ရေနွေးနှင့် စိမ်ထားပါ
  • ဇောက်နက်သော အိုးထဲမွာ လှီးထားသော မုံလာဥများ ပုဇွန်များ နနွင်းမှုန့် ဆား ငါးငံပြာရည် အရသာမှုန့် ဆီနှင့်  ကြက်သွန်ဖြူ  ကြက်သွန်နီနှင့် ချင်းထောင်းတို့ကိုထည့်ပြီး နယ်ပေးပါ
  • အရသာ နယ်ပြီးပါက ရေအနည်းငယ်ထည့်ပြီး အရင်ဆုံး လုံးရည်ကို ရေဆူအောင် တည်ပေးပါ
  • ရေဆူလာတာနဲ့ အထက်အောက် သမအောင် မွှေပေးပြီး အဖုံးအုပ်ကာ ပြန်တည်ထားပါ
  • မုံလာဥများ တော်တော်လေး နွမ်းလာတာနဲ့  ရေလိုသလောက်ထည့်ပြီး ပွက်ပွက်ဆူအောင် ပြန်တည်ပေးပါ
  • ရေပွက်ပွက်ဆူကာ မုံလာဥများ နွမ်းလာတာနဲ့ မန်ကျည်းသီးမှည့် အနှစ်ထည့်ပြီး ရေကို တစ်မိနစ်လောက် ထပ်ဆူအောင်ထားလိုက်ပါ
  • ပြီးတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ ရုံးပတေသီးနှင့် နံနံပင် အုပ်ပေးပြီး မီးပိတ်ပေးပါ
  •  ထမင်းမြိန်စေမဲ့  အရသာ မွှေးလွန်းတဲ့  မုံလာဥဖြူ ချဉ်ရည်ဟင်း ပူပူလေးကို ရပါပြီ။

Friday 26 January 2024

အမဲသား ဆီပြန်ဟင်း

 


ဒီနေ့တော့ အမဲသားကို ပျဉ်းတော်သိမ်းရွက် ခပ်များများလေးနဲ့ မဆလာ နိူင်နိူင်ထည့်ကာ ဆီပြန်လေး ချက်ပါတယ် မဆလာ ခပ်များများနဲ့ ချက်တဲ့အတွက် မဆလာ အနံ့ကြောင့် အမဲသားဟင်းက မညှီတော့ဘဲ ပိုပြီးစားလို့ ကောင်းပါတယ်


ဒါကြောင့်မို့လို့ ထမင်းစားလို့ မြိန်စေပြီး စားလို့ကောင်းစေတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. အမဲသား - 500 g
  2. ကြက်သွန်နီ - အနေတော် သုံးဥ
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  4. ချင်းထောင်းပြီးသား - ထမင်းစားဇွန်း တစ်ဇွန်း
  5. စပါးလင်ထောင်းပြီးသား - ထမင်းစားဇွန်း တစ်ဇွန်း
  6. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  9. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  10. မဆလာ - ထမင်းစားဇွန်း တစ်ဇွန်း
  11. ဆီ - ထမင်းစားဇွန်း ဆယ်ဇွန်း

ပြင်ဆင်ပုံ
  • အမဲသားကို အတုံးလိုက် ရေဆေးပြီး အနေတော် အတုံးလေးတွေ တုံးထားပါ
  • တုံးထားသော အမဲသားများကို မဆလာ အရသာမှုန့် နနွင်းမှုန့်တို့နဲ့နယ်ကာ ၁၅မိနစ်လောက် နှပ်ထားပါ
  • ကြက်သွန်နီကို အခွံခွာ အလုံးလိုက်ရေဆေးပြီး ခပ်နုတ်နုတ် လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • ချင်းကို အခွံခွာပြီး ညက်နေအောင် ထောင်းထားပါ
  • စပါးလင် အရင်ပိုင်းကို ရေစင်အောင် ဆေးပေးပြီး ညက်နေအောင် ထောင်းထားပေးပါ
ချက်ပြုပ်ပုံ
  1. ဇောက်နက်သော အိုးတစ်လုံးကို အပူပေးပြီး ဆီထည့်ပါ
  2. ဆီပူလာတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီ ချင်း စပါးလင်နှင့် ငရုတ်သီးမှုန့်တို့ထည့်ပြီး အဆက်မပြတ် မွှေပေးကာ မွှေးလာအောင် ဆီသတ်ပေးပါ
  3. ဆီသတ်နံ့ မွှေးလာတာနဲ့ အရသာ နယ်ထားသော အမဲသားများကို ထည့်မွှေပေးပြီး ဆီသတ်ထားပါ
  4. အမဲသားများ မာလာတော့မှ ရေမြုပ်အောင် ထည့်ပြီး အဖုံးအုပ်ကာ တည်ပေးပါ
  5. ပထမ တစ်ရည်ခမ်းလာတာနဲ့ နောက်တစ်ရည်ကို ချင့်ချိန်ထည့်ပြီး ဆားထည့်ကာ ရေဆူအောင် ထပ်တည်ပေးပါ
  6. ဆီပြန်တဲ့အထိ တည်ပေးကာ အရသာမြည်းပြီး လိုသလိုပြင်ကာ အမဲသားဟင်း မွှေးမွှေးလေးကို စားပွဲပြင်နိုင်ပါပြီ။

Thursday 25 January 2024

ကြာဇံချက် (လူငါးဆယ်စာ)


ဒီနေ့တော့ ကြာဇံချက်ကို လူငါးဆယ်စာလောက် ချက်ချင်လို့ ပါဝင်ပစ္စည်းတွေ ဘယ်လောက်ထည့်ရမလဲလို့ မေးတဲ့ မိတ်ဆွေအတွက် မာမာ့အမေချက်တဲ့ အချိုးအစားကို မျှဝေပေးလိုက်ပါတယ်ရှင်။


ပါ၀င်ပစ္စည်းများ
  1. ဂျုံကြာဇံ - ခြောက်ဆယ်သား
  2. ကြက်ရင်ပုံသား - နှစ်ပိသာခွဲ
  3. ကြက်ရိုး - တစ်ပိသာ
  4. မှိုခြောက် – နှစ်ဆယ်သား
  5. ပဲလိပ်ခြောက် – နှစ်ဆယ်သား
  6. ပန်းခြောက် – နှစ်ဆယ်သား
  7. ဆား - ထမင်းစားဇွန်း တစ်ဇွန်း (ကြက်သားပြုပ်ရန်)
  8. ငါးငံပြာရည် - ထမင်းစားဇွန်း ဆယ့်ငါးဇွန်း (ကြက်သားပြုပ်ရန်)
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း (ကြက်သားပြုပ်ရန်)
  10. ဆား - ထမင်းစားဇွန်း တစ်ဇွန်း (ကြက်ရိုးပြုပ်ရန်)
  11. ကြက်သွန်နီ - ခပ်သေးသေး ငါးဆယ်သား (ဟင်းရည်ထဲထည့်ရန်)
  12. ကြက်သွန်နီ - အလုံးကြီးကြီး ငါးဆယ်သား (အချဉ်တည်ရန်)
  13. ကြက်သွန်နီ - သုံးဆယ်သား (ကြက်သားဆီသတ်ရန်)
  14. ကြက်သွန်ဖြူ - နှစ်ဆယ်သား (ကြက်သားဆီသတ်ရန်)
  15. နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ တစ်၀က် (ဆီသတ်ရန်)
  16. ငရုတ်သီး အရောင်တင်မှုန့် – ဟင်းခတ်ဇွန်းကြီး နှစ်ဇွန်း (ဆီသတ်ရန်)
  17. ဆား - အရသာအတွက် လိုသလောက် သုံးပေးပါ
  18. ငါးငံပြာရည် - အရသာအတွက် လိုသလောက် သုံးပေးပါ
  19. အချိုမှုန့် - အရသာအတွက် လိုသလောက် သုံးပေးပါ
  20. ဆီ - နှစ်ဆယ်သား
  21. ကြက်သွန်ဖြူ  - တစ်ဆယ်သား (ဟင်းရည်အနံ့ အရသာအတွက် သုံးရန်)
  22. ငရုတ်ကောင်း - ထမင်းစားဇွန်း နှစ်ဇွန်း (ဟင်းရည်အနံ့ အရသာအတွက် သုံးရန်)
  23. ငရုတ်သီးစိမ်း - စားနိူင်သလောက် (အချဉ်တည်ရန်)
  24. သံပုရာသီး - လိုသလောက် (အချဉ်တည်ရန်)
  25. ဆား - အရသာ လိုသလောက် (အချဉ်တည်ရန်)
  26. ဂေါ်ဖီ - နှစ်ထုတ် (အချဉ်တည်ရန်)
  27. နံနံပင် - လိုသလောက် သုံးပေးပါ
  28. ငရုတ်သီး အလှော်မှုန့် - လိုသလောက် သုံးပေးပါ

အချဉ်နှင့် တွဲဖက်စားရန်အတွက် ပြင်ဆင်ရန် 
ပါ၀င်ပစ္စည်းများ
  1. ကြက်သွန်နီကို အခွံခွာ၍ အလုံးလိုက် ရေဆေးပြီး ပါးပါးလှီးကာ ရေဆေးတစ်ထပ် ဆေးထားပါ
  2. ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  3. ဂေါ်ဖီကို ခပ်ပါးပါးလှီးပြီး ရေဆေးထားကာ အားလုံးကို ဆားနှင့် သံပုရာသီး ညှစ်ပြီး နယ်ထားပါ
  4. နံနံပင်ကို ရေဆေးပြီး အနေတော် လှီးထားပါ
  5. သံပုရာသီးကို အစိတ်လေးတွေ စိတ်ထားပါ
  6. ငရုတ်သီး အလှော်မှုန့်ကို  ပြင်ထားပါ
  7. ငါးငံပြာရည်ကို ပြင်ထားပါ
ကြက်သားပြုပ်ရန်
  • ကြက်သားကို ရေဆေးပြီး ငါးငံပြာရည် ဆားနှင့် နနွင်းမှုန့်တို့ထည့်ကာ အရသာဝင်အောင် နယ်ပေးပါ
  • ပြီးတာနဲ့ ဇောက်နက်သော အနေတော်အိုးထဲမှာ ကြက်သားကို ရေမြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ
  • ပြုပ်ထားသော ရေခမ်းတာနဲ့ မိမိနှစ်သက်သလို အတုံးလေးတွေ တုံးထားပါ

 ကြက်သားဆီသတ်ရန် ပြင်ဆင်ပုံ
  • ပြုပ်ထားသော ရေခမ်းတာနဲ့ မိမိနှစ်သက်သလို အတုံးလေးတွေ တုံးထားပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီတို့ကို အခွံခွာပြီး ငရုတ်သီး အရောင်တင်မှုန့်နှင့် ညက်နေအောင် ထောင်းပေးပါ
  • ပြီးတာနဲ့ ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ငရုတ်သီးထောင်းပြီးသားကို ထည့်ပြီးဆီသတ်ပေးပါ
  • ဆီသတ်နေစဉ် မကြာမကြာ မွှေပေးပြီး ငရုတ်သီးထောင်းများ မွလာပါက ကြက်သားပြုပ်ကို ထည့်ပေးပါ
  • ဆီသတ်နံ့လေး သင်းလာပါက မီးပိတ်ထားပါ
ကြက်ရိုးပြုပ်ရန်
  • ကြက်ရိုးများကို အနေတော် ခုတ်ပိုင်းပြီး ရေဆေးပြီး ဇောက်နက်သော အိုးထဲမှာ ထည့်ပေးပါ
  • အရင်ဆုံး ကြက်ရိုးများမြုပ်အောင် ရေထည့်ပြီး ပြုပ်ပေးပါ
  • ကြက်ရိုး ပြုပ်နေစဉ် အပေါ်မှာ တက်လာသော အမြှုပ်များပို ခပ်ပြီးသွန်သွန်ပေးပါ
  • အရိုးမှ အချိုရည်များ ထွက်လောက်ပါက မီးပိတ်ထားပေးပါ

ဟင်းရည်ချက်ရန် ပြင်ဆင်ပုံ
  • ပဲကြာဇံ မှိုခြောက် ပန်းခြောက် ပဲလိပ်တို့ကို သတ်သတ်ဇလုံ တစ်လုံးစီမှာ ရေမြုပ်အောင်ထည့်ပြီး တစ်နာရီလောက် စိမ်ထားပါ
  • ရေစိမ်ချိန် ပြည့်ပါက ပဲကြာဇံ ပဲလိပ်နှင့် ပန်းခြောက်တို့ကို ရေဆေးပြီ ရေစစ်ထားပါ
  • မှိုခြောက်မှာ ကပ်နေသော သဲနှင့်ခဲများ စင်သွားအောင် ရေ ငါးထပ်လောက် ဆေးပြီးရေစစ်ထားပါ
  • ကြက်သွန်နီ အလုံးသေးများကို အခွံခွာပြီး ရေဆေးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ငရုတ်ကောင်းနှင့် ရောထောင်းထားပါ
  • အားလုံး အဆင်သင့် ဖြစ်ပါက ကြက်ရိုးပြုပ်ရည် အိုးထဲကို ဆီသတ်ထားသော ကြက်သားများ ထည့်ပေးပါ
  • ရေကိုအနေတော် ချင့်ချိန်ထည့်ပြီး ဟင်းရည်အိုးကို ပွက်ဆူပွက်အောင် တည်ပေးပါ
  • ဟင်းရည်အိုး ပွက်ပွက်ဆူလာတာနဲ့ ကြက်သွန်နီ ပဲလိပ် မှိုခြောက် ပန်းခြောက်တို့ကို ထည့်ပေးကာ ပွက်ပွက် ဆူလာအောင် ထပ်ပြီး တည်ပေးပါ
  • ပြီးတာနဲ့ ပဲကြာဇံ ငါးငံပြာရည် ဆားနှင့် အရသာမှုန့်တို့ကို ထည့်ပြီးမွှေပေးကာ အရသာ မြည်းပေးပါ
  • အရသာကို မိမိစိတ်ကြိုက် ရလာအောင် ပြင်ပေးပြီး ထောင်းထားသော ငရုတ်ကောင်း ကြက်သွန်ဖြူထောင်းကို ခပ်ပေးပါ
  • ပြီးတာနဲ့ မီးပိတ်ပြီး ဟင်းရည်အိုးကို မီးဖိုပေါ်မှ ဖယ်ထားပေးပါ
  •  သံပုရာသီး ကြက်သွန်ချဉ် ငရုတ်သီးစိမ်း ငရုတ်သီးအလှော်မှုန့် နံနံပင်တို့နှင့် သုံးဆောင်နိူင်မည့် ကြာဇံချက် ပူပူလေး ရပါပြီ။

Wednesday 24 January 2024

အမဲသား ခရမ်းချဉ်သီးဆီပြန်

 


ဒီနေ့တော့ ဈေးသွားရင်းက ကိုင်းခရမ်းချဉ်သီးလေးတွေ တွေ့တာနဲ့ ဝယ်လာခဲ့ပြီး အမဲသားကို ကိုင်းခရမ်းချဉ်သီးလေးနဲ့ ဆီပြန်လေး ချက်ပါတယ်။

ကိုင်းခရမ်းချဉ်သီးရဲ့ အချဉ်အရသာလေးကြောင့် အမဲသားဟင်းက မအီတော့ဘဲ ပိုပြီးစားလို့ ကောင်းစေတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. အမဲသား - 500 g
  2. ကြက်သွန်နီ - အနေတော် တစ်ဥ
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  4. ချင်းထောင်းပြီးသား - ထမင်းစားဇွန်း တစ်ဇွန်း
  5. စပါးလင်ထောင်းပြီးသား - ထမင်းစားဇွန်း တစ်ဇွန်း
  6. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. ကိုင်းခရမ်းချဉ်သီး - အလုံးကြီးကြီး ငါးလုံး (သို့မဟုတ်)
  8. Ready made ခရမ်းချဉ်သီးဗူး - 400 g
  9. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  10. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  11. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  12. ဆီ - ထမင်းစားဇွန်း ဆယ်ဇွန်း
  13. ပျဉ်းတော်ငိမ်းရွက် - မိမိနှစ်သက်သလောက်

ပြင်ဆင်ပုံ
  • အမဲသားကို အတုံးလိုက် ရေဆေးပြီး အနေတော် အတုံးလေးတွေ တုံးထားပါ
  • တုံးထားသော အမဲသားများကို အရသာမှုန့် နနွင်းမှုန့်တို့နဲ့နယ်ကာ ၁၅မိနစ်လောက် နှပ်ထားပါ
  • ကြက်သွန်နီကို အခွံခွာ အလုံးလိုက်ရေဆေးပြီး ခပ်နုတ်နုတ် လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • ချင်းကို အခွံခွာပြီး ညက်နေအောင် ထောင်းထားပါ
  • စပါးလင် အရင်ပိုင်းကို ရေစင်အောင် ဆေးပေးပြီး ညက်နေအောင် ထောင်းထားပေးပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ (သို့မဟုတ်)
  • Ready made ဗူး သုံးပါက အဖုံးဖွင့်ထားပါ
  • ပျဉ်းတော်သိမ်းရွက်ကို ရေဆေးထားပါ
ချက်ပြုပ်ပုံ
  1. ဇောက်နက်သော အိုးတစ်လုံးကို အပူပေးပြီး ဆီထည့်ပါ
  2. ဆီပူလာတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီ ချင်း ပျဉ်းတော်သိမ်းရွက် စပါးလင်နှင့် ငရုတ်သီးမှုန့်တို့ထည့်ပြီး အဆက်မပြတ် မွှေပေးကာ မွှေးလာအောင် ဆီသတ်ပေးပါ
  3. ဆီသတ်နံ့ မွှေးလာတာနဲ့ ခရမ်းချဉ်သီးကို ထည့်မွှေပေးပါ
  4. ခရမ်းချဉ်သီးများ ကျေသွားတော့မှ အရသာ နယ်ထားသော အမဲသားများကို ထည့်မွှေပေးပြီး ဆီသတ်ထားပါ
  5. အမဲသားများ မာလာတော့မှ ရေမြုပ်အောင် ထည့်ပြီး အဖုံးအုပ်ကာ တည်ပေးပါ
  6. ပထမ တစ်ရည်ခမ်းလာတာနဲ့ နောက်တစ်ရည်ကို ချင့်ချိန်ထည့်ပြီး ဆားထည့်ကာ ရေဆူအောင် ထပ်တည်ပေးပါ
  7. ဆီပြန်တဲ့အထိ တည်ပေးကာ အရသာမြည်းပြီး မိမိစိတ်ကြိုပ် အရသာ ရအောက် ပြင်ပေးပါ
  8. အရသာ လိုသလို ပြင်ပြီး ချဉ်ဖြုန့်ဖြုန့် အရသာလေးနဲ့ အမဲသားဟင်း မွှေးမွှေးလေးကို စားပွဲပြင်နိုင်ပါပြီ။

သတ်သတ်လွတ် ကညွှတ်ကြော်

 


မာမာ ဒီနေ့တော့ ကညွှတ်လေးတွေ ဝယ်လာဖြစ်လို့ သတ်သတ်လွတ်လေး ကြော်ပါတယ် ကြော်ရတာလဲ အရမ်းမြန်ပါတယ် ကညွှတ်ရဲ့အနံ့ကို တစ်ချို့က မကြိုက်ပါဘူး မာမာကတော့ အဲဒီအနံ့ကိုပျောက်အောင် ငရုတ်ကောင်းမှုန့်လေး နည်းနည်း ထည့်ကြော်ထားပါတယ်။


ဒါကြောင့်မို့လို့ အရန်ဟင်းတစ်မယ်အတွက် လွယ်ကူမြန်ဆန်စွာ ပြင်ဆင်နိူင်အောင် ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းတဲ့ ကညွှတ် အစိမ်းကြော် ကြော်နည်လေးးကို မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ

  1. ကညွှတ် - အနေတော် ဆယ်ပင်ခန့်
  2. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ငရုတ်ကောင်းမှုန့် - အနည်းငယ်
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  7. ဆီ - ထမင်းစားဇွန်း ငါးဇွန်း 

ပြင်ဆင်ပုံ

  • ကညွှတ်ကို ရေဆေးပြီး ခပ်ကြမ်းကြမ်းလေးထုကာ အနေတော် ပိုင်းဖြတ်ပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါးလေးတွေ လှီးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်တို့ကိုထည့်ပြီး အပူပေးပါ
  • ဆီပူလာလျှင် ကြက်သွန်နီကို နွမ်းလာရုံလေး ထည့်ကြော်ပေးပါ
  • ပြီးတာနဲ့ ကညွှတ်နှင့် ဆားနှင့် အရသာမှုန့်တို့ ထည့်မွှေပေးပါ
  • အရသာ သမသွားအောင် မွှေပေးပြီးတာနဲ့ အိုးအဖုံးကို တမိနစ်လောက် အုပ်ပေးပါ
  • အသီးအရွက်ကြော် ဖြစ်တဲ့အတွက် အရမ်းနွမ်းပြီး အသီးအရွက်များ အရောင်ပြောင်းတဲ့အထိ ကြော်စရာမလိုတဲ့အတွက် ခနဘဲကြော်ပေးပါ
  • ကညွှတ်များ အနည်းငယ် နွမ်းလာတာနဲ့ အိုးအဖုံးဖွင့်ပြီး အရသာ သမအောင် မွှေပေးပါ
  • ပြီးတာနဲ့  အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် လိုသလို ပြင်ပေးပါ
  • မိမိစိတ်ကြိုက် အရသာ ရပြီဆိုတာနဲ့ ငရုတ်ကောင်းမှုန့် ထည့်မွှေပေးပြီး ပိတ်ပေးကာ ပန်းကန်ထဲ ပြောင်းထည့်ပေးပါ
  • အရမ်းစားလို့ ကောင်းလွန်းတဲ့ ကညွှတ် အစိမ်းကြော်လေးကို ထမင်းပူပူလေးနဲ့ စားသုံးနိူင်ပါပြီ။

Monday 22 January 2024

ချဉ်ရည်ဟင်း

 


ဒီနေ့တော့ အရင်တစ်ပါတ်က ဝယ်ထားပြီး မစားဖြစ်သေးတဲ့ မုန့်လာဥနီ သေးသေးလေးတွေကို ဒန့်ဒလွန်သီးနဲ့ မျှင်ငပိလေးထည့်ကာ ချဉ်ရည်ဟင်း တစ်မယ် ချက်ပါတယ်။

ထမင်းစားတဲ့အခါ အရည်သောက် ဟင်းလေးပါမှ ထမင်းက စားလို့အရမ်း ကောင်းပါတယ်  ဒီနေ့တော့ ထမင်းစားလို့ မြိန်အုံးမှာပါဘဲ ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချဉ်ရည်ဟင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ဒန့်ဒလွန်သီး - ငါးတောင့်
  2. မုံလာဥနီ - အလုံးငါးဆယ်ခန့်
  3. ခရမ်းချဉ်သီး - အလုံးကြီး သုံးလုံး
  4. မျှင်ငပိ - အနည်းငယ်
  5. နံနံပင် - ၇ ခက်ခန့်
  6. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  7. ကြက်သွန်ဖြူ  - အမွှာကြီးကြီး နှစ်မွှာ
  8. ငရုတ်သီးမှုန့် - အနည်းငယ်
  9. ချင်း - လက်တဆစ်ခန့်
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  11. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  12. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  13. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  14. မန်ကျည်းသီးမှည့် - ထမင်းစားဇွန်း တစ်ဇွန်း
  15. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ပြင်ဆင်ပုံ
  • ဒန့်ဒလွန်သီးကို အခွံမှ အမြှေးများ ကုန်အောင်ခြစ်ကာ အကြောများ သင်ပေးပြီး ရေဆေးကာ ပိုင်းထားပါ
  • မုံလာဥကို အပြင်ခွံခွာပြီး ထက်ဝက်ခြမ်းကာ သင့်သလိုလှီးပြီး ရေဆေးကာ ရေစစ်ထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • နံနံပင်ကို ရေဆေးပြီး ရေစစ်ထားပါ
  • မျှင်ငပိကို ရေအနည်းငယ်နှင့် ဖျော်ထားပါ
  • ကြက်သွန်ဖြူ  ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီးမှုန့်ထည့်ပြီး  ညက်နေအောင် ထောင်းထားပါ
  • မန်ကျည်းသီးမှည့်ကို ရေတစ်ထပ်ဆေးပြီး ရေနွေးနှင့် စိမ်ထားပါ
ဟင်းချက်ပုံ
  • ဇောက်နက်သော အိုးထဲမွာ လှီးထားသော မုံလာဥများ ခရမ်းချဉ်သီးများ နနွင်းမှုန့် ဆား မျှင်ငါးငပိ အရည်ဖျော် ငါးငံပြာရည် အရသာမှုန့် ဆီနှင့်  ကြက်သွန်ဖြူ  ကြက်သွန်နီနှင့် ချင်းထောင်းတို့ကိုထည့်ပြီး နယ်ပေးပါ
  • အရသာ နယ်ပြီးပါက ရေအနည်းငယ်ထည့်ပြီး အရင်ဆုံး လုံးရည် ရေဆူအောင် တည်ပေးပါ
  • ရေဆူလာတာနဲ့ အထက်အောက် သမအောင်မွှေပေးပြီး အဖုံးအုပ်ကာ ပြန်တည်ထားပါ
  • မုံလာဥများ တော်တော်လေး နွမ်းလာတာနဲ့ ဒန့်ဒလွန်သီးနှင့်  ရေလိုသလောက်ထည့်ပြီး ပွက်ပွက်ဆူအောင် ပြန်တည်ပေးပါ
  • ရေပွက်ပွက်ဆူကာ ဒန့်ဒလွန်သီးနှင့် မုံလာဥများ နွမ်းလာတာနဲ့ မန်ကျည်းသီးမှည့် အနှစ်ထည့်ပြီး ရေကို တစ်မိနစ်လောက် ထပ်ဆူအောင်ထားလိုက်ပါ
  • ပြီးတာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် လိုသလို ပြင်ပေးကာ နံနံပင် အုပ်ပေးပြီး မီးပိတ်ပေးပါ
  •  ထမင်းမြိန်စေမဲ့  အရသာ မွှေးလွန်းတဲ့  မုံလာဥနီနှင့် ဒန့်ဒလွန်သီး ချဉ်ရည်ဟင်း ပူပူလေးကို ရပါပြီ။

Sunday 21 January 2024

ဘုံလုံသီး အစာသွပ်

 


ဘုံလုံသီး အစာသွပ်လေးတွေ ချက်ကြတဲ့ အခါမှာ အထဲက အစာကို ပုဇွန် ကြက်သား ဝက်သား အမဲသား အစရှိသည်ဖြင့် အသားလေးတွေနဲ့ အစာသွပ်တတ်ကြပါတယ်။


ဒီနေ့တော့ ဘုံလုံသီးကို ဝက်သားနဲ့ အစာသွပ်လေး ချက်ပါမယ် မဆိုသလောက်လေး လက်ဝင်ပေမဲ့ စားလို့အရမ်းကောင်းတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချက်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ဘုံလုံသီး - နှစ်တောင့် 
  2. ဝက်ကြိတ်သား - 250 g
  3. ကြက်သွန်နီ - ဥကြီးကြီး တစ်လုံး
  4. ကြက်သွန်နီ - အနေတော် တစ်ဥ (ဆီသတ်ရန် အနည်းငယ် ချန်ထားပါ)
  5. ချင်း - လက်တစ်ဆစ်သာသာ
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၄မွှာ (ဆီသတ်ရန် တစ်၀က်ချန်ထားပါ )
  7. ကြက်ဥ - တစ်လုံး
  8. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (တစ်၀က်ကို အစာထဲ ထည့်ပေးပါ)
  9. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (တစ်၀က်ကို အစာထဲ ထည့်ပေးပါ)
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က် (ဆီသတ်ရန် တ၀က်ချန်ထားပါ )
  11. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  12. ဆီ - ထမင်းစားဇွန်း ၈ဇွန်းသာသာ 
  13. ပဲဆီ - ထမင်းစားဇွန်း တစ်ဇွန်းခွဲ

ပြင်ဆင်ပုံ
  • ဘုံလုံသီးကို အတောင့်လိုက်ကိုင်ကာ အပေါ်ယံ အမှေးအဖြူရောင်များ ကုန်သွားအောင် ဓါးနှင့် ခြစ်ပေးပါ
  • နှစ်တောင့်လုံး အမှေးပါးများ ခြစ်ပြီးတာနဲ့ အတောင့်လိုက် ရေဆေးပြီး ပုံပါအတိုင်း မိမိနှစ်သက်သလောက် အရှည်အနေအထား ရအောင် လှီးပေးပါ 
  • လှီးထားသော ဘုံလုံသီးအထဲမှ အစေ့များကို တစ်ဖက်ပိတ်ချန်ပြီး တစ်ဖက်မှ အရိုးရှည်သော ဇွန်းဖင်နှင့် ကလော်ထုတ်ပေးပါ
  • ကလော်ထုတ်ထားသော ဘုံလုံစေ့များနှင့် အမျှင်များကို အစေ့အရမ်း မရင့်ပါက ဓါးနှင့်နုတ်နုတ် စဉ်းပေးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်နုပ်နုပ် လှီးထားပါ
  • ဝက်ကြိတ်သားကို ဇလုံထဲထည့်ကာ ပဲဆီ ကြက်ဥ ငရုတ်သီး အရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း တဝက် ဆား နနွင်းမှုန့် နုတ်နုတ်စဉ်းထားသော ဘုံလုံစေ့များနှင့် အချိုမှုန့်တို့ထည့်ကာ နယ်ထားပါ
  • ကြက်သွန်နီ အနေတော်ဥကို အခွံခွာပြီး ရေဆေးကာ ခပ်နုပ်နုပ် လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • ချင်းကိုအခွံခွာပြီး ရေဆေးထားကာ လှီးထားသော ကြက်သွန်နီ ကြက်သွန်ဖြူနှင့် ငရုတ်သီး အရောင်တင်မှုန့်တို့ထည့်ကာ ညက်နေအောင် ထောင်းပေးပါ
  • အားလုံး အဆင်သင့် ဖြစ်တာနဲ့ ဘုံလုံသီးများကို အစာသွပ်ဖို့ ပြင်ပေးပါ
  • အရသာ နယ်ထားသော အစာကို ဇွန်းလေးတစ်ခုနှင့်ခပ်ပြီး ဘုံလုံသီးထဲကို တစ်ခုခြင်း အစာသွပ်ပေးပါ
  • အစာသွပ်ပြီးလို့ ပိုနေတဲ့ အစာတွေကို ဆီသတ်ရန် ချန်ထားပေးပါ
  • ဘုံလုံသီးများ အစာသွပ်ပြီးပြီဆိုတာနဲ့ ဇောက်နက်သော ဒယ်အိုးကို အပူပေးကာ ဆီနှင့်နနွင်းမှုန့်တို့ကိုထည့်ပါ
  • ဆီပူလာတာနဲ့ ငရုတ်သီးထောင်းကို မွှေးလာအောင် ဆီသတ်ပေးပါ 
  • ဆီသတ်နံ့ မွှေးလာတာနဲ့ ပိုနေသော အစာအသားများကိုထည့်ပြီး ဆီသတ်ပါ
  • ဆီသတ်ထားသော ကြက်သားများ မာလာပါက အစာသွပ်ထားသော ဘုံလုံသီး အစာသွပ်များကို ထည့်ပေးပါ
  • ဘုံလုံသီးများ အိုးမကပ်စေရန် အိုးကိုအသာ လှုပ်လှုပ်ပေးပါ 
  • ပြီးတာနဲ့ အိုးအဖုံး အုပ်ပေးပြီး အသားများ မကပ်စေရန် အိုးကို မကြာမကြာ လှုပ်ပေးပါ
  • ပြီးတာနဲ့ ဘုံလုံသီးများ မမြုပ်တစ်မြုပ် ရေထည့်ပေးကာ အဖုံးအုပ်ပြီး တည်ပေးပါ
  • ရေပွက်ပွက် ဆူလာပါက ဆားနှင့် အချိုမှုန့်ထည့်ပြီး မွှေပေးကာ အရသာ မြည်းပေးပါ
  • အရသာ အနေတော် ဖြစ်ပြီဆို အထက်အောက် အသာလှန်ပေးပြီး ရေကိုမိမိနှစ်သက်သလောက်ထားကာ မီးပိတ်ပေးပါ
  • ဘုံလုံသီး ဝက်သား အစာသွပ် မွှေးမွှေးလေးကို စားပွဲပြင်ပေးကာ သုံးဆောင်နိူင်ပါပြီ။

Saturday 20 January 2024

အမဲနှပ် အိအိလေး




ဟင်းရံစဉ်းစားရတာ တစ်ခါတစ်လေ ခေါင်းတော့ တော်တော်လေး နောက်မိတယ် အသားမစားတဲ့သူအတွက် တစ်မျိုးစဉ်းစားရသလို အသားစားပြန်တော့ အသားပေါင်းစုံ မစားသူအတွက် တစ်မျိုးစီစဉ်ရပြန်တယ်။
ဒီနေ့တော့ အမဲသားလေးလဲ ဝယ်လာခဲ့ပြီး အမဲနှပ်လေး ချက်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ အမဲသားနှပ် အိအိမွှေးမွှေး ချက်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။
    

ပါဝင်ပစ္စည်းများ(အမဲသား အရသာနယ်ရန်)
  1. အမဲသား - တစ်ကီလို (အနေတော်တုံးထားပါ)
  2. ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  3. ချင်း - ခပ်ပါးပါး နှစ်ပြား
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
အရသာနယ်ရန်
  • အမဲသားကို ရေဆေးပြီး အနေတော် အတုံးလေးတွေ တုံးထားပါ
  • ချင်းကိုအခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
  • အိုးတစ်လုံးထဲမှာ အမဲသား ဟင်းချိုမှုန့် နနွင်းမှုန့် ဆားနှင့်ချင်းထောင်းတို့ကို တို့ရောနယ်ကာ အရသာ ၀င်အောင် နာရီ၀က်လောက် ထားပါ
  • အရသာ နှပ်ပြီးတာနဲ့ အမဲသားကို ရေမြုပ်ရုံလေး အရင်ထည့်ကာ ပြုပ်ပေးပါ
  • ပထမတစ်ရည် ခမ်းကာနီး နောက်တစ်ရည် အသားမြုပ်အောင် ထည့်ပြီး ပြုပ်ပေးပါ
  • အမဲသားကို နူးတဲ့အထိ ပြုပ်ပေးထားပါ

ဟင်းချက်ရန်လိုအပ်သော ပစ္စည်း
  • ဆီ - ထမင်းစားဇွန်း ဆယ့်ငါးဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  • ကြက်သွန်ဖြူထောင်းရန် - အမွှာကြီးကြီး ငါးမွှာ
  • ကြက်သွန်နီ မညက်တစ်ညက်ထောင်းရန် - ခပ်ကြီးကြီး နှစ်ဥ
  • ချင်းထောင်းရန် - တစ်လက်မခန့်
  • စပါးလင်ထောင်းပြီးသား - ထမင်းစားဇွန်း တစ်ဇွန်း
  • ငရုတ်သီးမှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  • ကရဝေးရွက် - သုံးရွက်
  • လေးညှင်း -နှစ်ပွင့်
  • ဖာလာ - နှစ်စေ့
  • သစ်ဂျပိုးခေါက် -နှစ်လက်မခန့်
  • ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  • ပျဉ်းတော်သိမ်းရွက် - အခက်ကြီးကြီး နှစ်ခက်

ဆိတ်သားနှပ်ရန်ပြင်ဆင်ပုံ
  • အိုးထဲမှာ ဆီထည့်ပြီး ဆီကိုအပူပေးပါ
  • ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ကာ ကြက်သွန်ဖြူ ကြက်သွန်နီ ချင်း စပါးလင်ထောင်း ဖာလာစေ့ လေးညှင်းပွင့် ပျဉ်းတော်သိမ်းရွက် ကရဝေးရွက်နှင့် ငရုတ်သီးမှုန့်တို့ကို မွှေးလာတဲ့ထိ ဆီသတ်ပေးပါ
  • ဆီသတ်နံ့ မွှေးလာတာနဲ့ နူးနေအောင် ပြုပ်ထားသော အမဲသားနှင့် ဆားကိုထဲ့ပြီး ဆီသတ်ပေးပါ
  • အသားများနှင့် ငရုတ်သီးဆီသတ်  သမသွားပါက ရေမြုပ်အောင်ထည့်ပြီး  ရေမခမ်းစေဘဲ ဆီကျန်ရေကျန်တဲ့ထိ တည်ပေးပါ
  • ရေမခမ်းခင် အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • ရေခမ်းပြီး ဆီပြန်လာပါက ဟင်းအနှစ်များများနှင့် ဆိတ်သားနှပ် အိအိလေးကို စားသုံးနိူင်ပါပြီ။
  • ဤနည်းအတိုင်း ဆိတ်သားနှင့် သိုးသားတို့ကိုလဲ နှပ်နိူင်ပါတယ်။

Thursday 18 January 2024

ငှက်ပျောပေါင်း

 


ဒီနေ့တော့ ရခိုင် ငှက်ပျောသီးလေးတွေ ၀ယ်လာပြီး ငှက်ပျောပေါင်းလေး လုပ်ပါတယ် ရခိုင်ငှက်ပျောသီးကို ငှက်ပျောပေါင်း လုပ်မယ်ဆိုရင်တော့ ကန်ပွန်းချဉ်ရွက် အရင့်ထည့်ပြီး ပြုပ်တာက ပိုကောင်းပါတယ်။

မာမာကတော့ ကန်းပွန်းချဉ်ရွက် အရင့်မရှိတဲ့အတွက် ရေနဲ့ဘဲ ပြုပ်လိုက်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. မှည့်နေသော ရခိုက်ငှက်ပျောသီး - အလုံးနှစ်ဆယ်
  2. အုန်းနို့ - 400 ml (ready made ဗူးကို သုံးထားပါတယ်)
  3. ရေ - ထမင်းစားဇွန်း ၁၀ဇွန်းခန့်
  4. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
ပြင်ဆင်ပုံ 
  • ငှက်ပျောသီးများကို အခွံမခွာဘဲ ရေမြုပ်အောင်ထည့်ကာ ငှက်ပျောသီးများ နူးတဲ့အထိ ပြုပ်ပေးပါ 
  • ပြီးတာနဲ့ အအေးခံပြီး အခွံများ ခွာထားပါ
  • အုန်းနို့ဗူးကိုဖောက်ကာ ဆား ရေနှင့်အတူ အိုးတစ်လုံးထဲထည့်ပြီး ခပ်ပြစ်ပြစ်လေးရအောင် ကျိုပေးပါ
  • အုန်းနို့ပျစ်လာတာနဲ့ အခွံခွာထားသော ငှက်ပျောသီးများကို အုန်းနို့အိုးထဲ ထည့်ပြီး နှစ်မိနစ်လောက် ဆက်ကျိုပေးပါ
  • အုန်းနို့နဲ့ငှက်ပျောသီး အနံ့လေး မွှေးလာပြီဆို မီးပိတ်ပေးပြီးရင် ငှက်ပျောပေါင်း ရပါပြီ
  • ငှက်ပျောသီးနှင့် အုန်းနို့မှာ အချိုအရသာ ပါပြီးသား ဖြစ်တဲ့အတွက် သကြား မထည့်လဲ ရပါတယ်
  • အဆင်သင့် ဖြစ်ပြီဆိုတာနဲ့ ငှက်ပျောပေါင်း ချိုချိုလေးကို စားပွဲပြင်ပေးပြီး သုံးဆောင်နိူင်ပါပြီ။

Wednesday 17 January 2024

ဝက်သားနီချက်

 



ဒီနေ့တော့ ၀က်သားကို ဝက်သားနီချက်လေး ချက်ဖြစ်ပါတယ် ချက်ရတာ လွယ်ကူပြီး စားလို့ကောင်းတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

၀က်သားအရသာနယ်ရန်
  1. ၀က်သား - တစ်ကီလိုကို ရေဆေးပြီး အနေတော် အတုံးလေးတွေ တုံးထားပါ
  2. ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  3. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် အားလုံးတို့ကို ၀က်သားထဲထည့်ပြီး အရသာ၀င်အောင် နယ်ထားပါ
ဟင်းချက်ရန် လိုသောပစ္စည်းများ
  1. ဆီ - ထမင်းစားဇွန်း သုံးဇွန်း
  2. သကြား - ထမင်းစားဇွန်း နှစ်ဇွန်း
  3. ကြက်သွန်ဖြူထောင်းရန် - အမွှာကြီးကြီး လေးမွှာ
  4. ကြက်သွန်နီ မညက်တစ်ညက်ထောင်းရန် - ခပ်ကြီးကြီး တစ်ဥ
  5. နာနတ်ပွင့် - တစ်ပွင့်
  6. ချင်းထောင်းရန် - လက်တစ်ဆစ်ခန့်
  7. ကြက်သွန်နီ - ခပ်သေးသေး ငါးလုံးကို အခွံခွာကာ အလုံးလိုက် ရေဆေးထားပါ
  8. ကြက်သွန်ဖြူ - ၇မွှာခန့်ကို အခွံခွာပြီး ရေဆေးထားပါ
ဟင်းချက်ရန် ပြင်ဆင်ပုံ
  • အရသာ နယ်ထားသော ၀က်သားနှင့် ဟင်းချက်ရန် လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
  • အောက်ချေမကပ်သော ဒယ်အိုးတစ်လုံးကို အပူပေးပြီး ဆီထည့်ပါ
  • ဆီပူလာတာနဲ့ သကြားကို ညိုရောင်သန်းတဲ့အထိ ကြော်ပေးပါ
  • သကြားညိုလာတာနဲ့ ကြက်သွန်ဖြူ/ နီ ချင်း နာနတ်ပွင့်တို့ကို မွှေးလာတဲ့ထိ ဆီသတ်ပေးပါ 
  • ဆီသတ်နံ့ မွှေးလာတာနဲ့ အရသာ နယ်ထားသော ၀က်သားကိုထဲ့ပြီး ဆီသတ်ပေးပါ
  • ၀က်သားအသားများ မာလာတဲ့ထိ သုံးမိနစ်လောက် ဆီသတ်ပေးပါ
  • အသားများ မာလာမှ ရေကိုမြုပ်အောင်ထည့်ပြီး ဆက်တည်ပေးပါ 
  • ၀က်သားများ နူးပြီးအိလာအောင် ရေထပ်ထဲ့ပြီး တည်ပေးပါ
  • ၀က်သားနူးလာပါက ရေမခမ်းခင် အရသာ မြည်းကာ မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • အရသာ ပြင်ပြီးတာနဲ့ အခွံခွာထားသော ကြက်သွန်နီ ကြက်သွန်ဖြူကိုထည့်ကာ မီးအနေတော် လျှော့ပေးပြီး ရေခမ်းအောင် တည်ပေးပါ
  • ရေခမ်းပြီး ကြက်သွန်နီများ နူးအိလာပြီး ဆီပြန်လာပါက ၀က်သားနီချက် ချိုချိုအိအိလေးကို စားသုံးနိူင်ပါပြီ။

ဂဏန်း မဆလာဟင်း

 


ဒီနေ့တော့ ဂဏန်းကို မန်ကျည်းရည် များများ မဆလာ နိူင်နိူင်နဲ့ ချက်ပါတယ် ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ဟင်းချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ဂဏန်း - လေးကောင်
  2. ငရုတ်သီး အရောင်တင်မှုန့်  - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ 
  4. ကြက်သွန်နီ - အနေတော် တစ်ဥ 
  5. ချင်း - လက်တစ်ဆစ်ခန့်
  6. အချိုမှုန့်  - လက်ဖက်ရည်ဇွန်း တစ်၀က်
  7. မန်ကျည်းသီးမှည့်အနှစ် - ထမင်းစားဇွန်း တစ်ဇွန်း   (သို့မဟုတ်) 
  8. မန်ကျည်းသီးမှည့် - ထမင်းစားဇွန်း တစ်ဇွန်းစာ
  9. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  10. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  11. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ  
  12. မဆလာ - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  13. ဆီ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်း

ပြင်ဆင်ပုံ
  • ဂဏန်းအကောင်များကို ရေစင်အောင်ဆေးပြီး အပြင်ခွံနှင့်အတူ အပေါ်အခွံအောက်မှ ပါးဟက်များနှင့် မလိုသော နေရာများ ဖယ်ပေးပါ
  • အခွံများ ခွာထားသော ဂဏန်းကို အကောင်ကြီးပါက အလယ်မှနေ၍ ထက်၀က်ပိုင်းပေးပါ
  • ဂဏန်းရဲ့ လက်မများကို သစ်သားကျည်ပွေ့နှင့် ကွဲအက်သွားအောက် ခပ်ဖွဖွ ထုပေးပါ
  • သန့်စင်ထားသော ဂဏန်းများကို ဇလုံတစ်ခုထဲထည့်ပြီး ဆား ငံပြာရည် နနွင်း အချိုမှုန့်တို့နဲ့ နယ်ထားပါ
  • ကြက်သွန်ဖြူ  ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီးမှုန့်နှင့် ရောပြီးထောင်းထားပါ
  • မန်ကျည်းသီးမှည့်ကို သုံးပါက ရေတစ်ထပ်ဆေးပြီး ရေနွေးပူပူလေးနှင့် စိမ်ထားပါ
  • ဟင်းချက်ရန် လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
ချက်ပြုတ်ရန် ပြင်ဆင်ပုံ
  • ဇောက်နက်သော အိုးကိုအပူပေးပါ အိုးပူလာတာနဲ့ ဆီကိုထည့်ပေးပါ
  • ဆီပူလာတာနဲ့ မီးကိုအနေတော် လျှော့ပေးကာ ငရုတ်သီးထောင်းကို ထည့်ပြီးဆီသတ်ပါ
  • ဆီသတ်နံ့ မွှေးလာတာနဲ့ အရသာ နယ်ထားသော ဂဏန်းကို ထည့်ပေးပါ
  • အထက်အောက် သမအောင် သုံးချက်လောက် မွှေပေးပြီး အိုးအဖုံးကို ခနပိတ်ထားပါ
  • ဂဏန်းများ အရောင်ပြောင်းလာတာနဲ့ ဆီသတ်နာစေရန် အိုးကိုလှုပ်လှုပ်ပေးပါ
  • ဆီသတ်နံ့ မွှေးလာပြီ ဆိုတော့မှ ရေမြုပ်အောင် ထည့်ပြီး အဖုံးအုပ်၍ တည်ပေးပါ
  • ရေမခမ်းခင် မန်ကျည်းသီးမှည့် အနှစ်နှင့် မဆလာထည့်၍ သမအောင် မွှေပေးပြီး အရသာ မြည်းပေးပါ
  • မန်ကျည်းမှည့် အနှစ်ကို မသုံးဘဲ ရေနွေးစိမ်ထားတာ သုံးရင်တော့ မန်ကျည်းသီး အနှစ်များ ထွက်လာအောင် နယ်ပေးပြီး အဖတ်များ ဖယ်ပေးကာ အရည်ကိုဘဲ အိုးထဲထည့်ပေးပါ
  • အရသာကို မိမိစိတ်ကြိုက် အရသာ ရလာအောင် လိုသလို ပြင်ပေး၍ ရေခမ်းလာတာနဲ့ ဂဏန်းမဆလာဟင်း မွှေးမွှေးလေးကို စားသုံးနိူင်ပါပြီ။

Friday 12 January 2024

ချဉ်ပေါင်ကြော်


ဒီနေ့တော့ မာမာ့ညီမလေး မြန်မာပြည်ကနေ ပို့ပေးလိုက်တဲ့ ခဲထားတဲ့ ချဉ်ပေါင်ရွက်လေးတွေကို ကြော်ပါတယ်။

ချေပြီးခဲထားတဲ့ ချဉ်ပေါင်ရွက် ဖြစ်တဲ့အတွက် ကြော်ရတာတော့ အရမ်းမြန်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ချဉ်ပေါင်ကြော်ရန် ပါ၀င်ပစ္စည်းများ
  1. ချဉ်ပေါင်ရွက် - ဟင်းပြင်ပန်းကန်အသေး တစ်လုံးစာ
  2. မျှစ် - မိမိနှစ်သက်သလောက် ထည့်ပေးပါ
  3. ပုဇွန်အကောင်သေး - မျမျနှစ်သက်သလောက် ထည့်ပေးပါ
  4. ကြက်သွန်နီ - အနေတော် တစ်လုံး
  5. ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ
  6. ငရုတ်သီး လုံးခြမ်းကွဲ - ထမင်းစားဇွန်း နှစ်ဇွန်း
  7. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  8. ပုဇွန်ငါးပိ - ထမင်းစားဇွန်း တစ်ဇွန်း
  9. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. ဆီ - ထမင်းစားဇွန်း ဆယ်ငါးဇွန်းခန့်
  11. နနွင်းမှုန့်. - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
ပြင်ဆင်ပုံ
  • ခဲထားသော ချဉ်ပေါင်ရွက်ကို ဖျော်ထားပါ
  • မျှစ်ကိုနူးအောင် ပြုပ်ပေးပြီး အမျှင်လေးတွေ ရလာအောင် ခြစ်ပေးထားပါ
  • ပုဇွန်များကို ရေဆေးပြီး အခွံခွာ ခေါင်းဖြုတ်ပေးပြီး ကျောဖက်မှ အမည်းကြောင်းကို ဖယ်ပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်ဖြူ ကို အခွံခွာပြီး ရေဆေးကာ မထူမပါးလေးတွေ လှီးထားပါ
  • လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
  • အောက်ခြေမကပ်သော အိုးကိုအပူပေးပြီး ဆီနှင့်နနွင့်မှုန့်ကိုထည့်ပါ
  • ဆီပူလာပါက ကြက်သွန်နီနှင့် ငရုတ်သီးမှုန့်ကို ထည့်ပြီး မွှေးလာအောင် ကြော်ပေးပါ
  • ငရုတ်သီးနံ့ မွှေးလာတာနဲ့ ပုဇွန်များကို ထည့်ပေးကာ နှစ်မိနစ်သာသာလောက် ထည့်ပြီး ကြော်ပေးပါ
  • ပြီးတာနဲ့ ချဉ်ပေါင်ရွက်ကို ထည့်မွှေပေးပါ
  • ချဉ်ပေါင်ရွက်များ နူးပြီး ကျေလာတာနဲ့ ပုဇွန်ငါးပိကို ထည့်မွှေပေးပါ
  • ပြီးတာနဲ့ မျှစ်ကိုထည့်ပြီး မွှေပေးပါ
  • အားလုံး သမသွားတာနဲ့ ငံပြာရည်နှင့် အရသာမှုန့် ကြက်သွန်ဖြူ တို့ကိုထည့်ပြီး တစ်မိနစ်လောက် ကြော်ပေးပါ
  • အားလုံး အရသာ သမသွားပြီ ဆိုတာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာကို လိုသလို ပြင်ပေးပြီးပါက ချဉ်ပေါင်ကြော် မွှေးမွှေးလေးရပါပြီ။

Monday 8 January 2024

ပုဇွန်ခြောက် ငပိချက်





ဒီနေ့တော့  ကြာကြာအထားခံပြီး ထမင်းမြိန်မြိန် စားနိူင်စေမဲ့ ပုဇွန်ခြောက် ငါးပိချက်လေး ချက်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ငါးပိချက် ချက်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ပုဇွန်ခြောက် - အကောင်ကြီးကြီး နှစ်ဆယ်သား
  2. ကြက်သွန်နီ - ခပ်ကြီးကြီး ဆယ်လုံး
  3. ငရုတ်သီး လုံးခြမ်းကွဲ -  ထမင်းစားဇွန်း လေးဇွန်း
  4. ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. ငါးငံပြာရည် - ထမင်းစားဇွန်း လေးဇွန်း (အငံကြိုက်ပါက ပိုထည့်ပေးပါ)
  7. ဆား - ထမင်းစားဇွန်း တစ်ဝက်
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
ပြင်ဆင်ပုံ
  • ပုဇွန်ခြောက်ကို ရေနာရီ၀က်လောက် စိမ်ထားပြီးမှ ညက်နေအောင် ထောင်းပေးပါ။
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ။
  • အားလုံးအဆင်သင့် ဖြစ်ပါက ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ။
  • ဆီပူလာပါက နနွင်းမှုန့်ထည့်ကာ ကြက်သွန်နီကို ထည့်ကြော်ပေးပါ။
  • ကြက်သွန်နီများ နွမ်းလာပြီး အရောင်မပြောင်းခင်မှာ ငရုတ်သီး လုံးကြမ်းခွဲကို ထည့်ပြီး ၂မိနစ်လောက် ကြော်လိုက်ပါ။
  • ငရုတ်သီးနံ့မွှေးလာပါက ပုဇွန်ခြောက်ထောင်း ဆား ငါးငံပြာရည်နှင့် အရသာမှုန့်တို့ထည့်ပြီး မွှေပေးပါ။ 
  • မကြာမကြာ မွှေပေးပြီး ဆီခြောက်လာတဲ့အထိ ကြော်ပေးပြီး အရသာမြည်းကာ လိုသလို ပြင်ပေးပါ။
  • ငါးပိချက်ကို ခပ်ငံငံလေး ကြိုက်ပါက ငါးငံပြာရည်ကို ပိုထည့်ပေးပါ။
  • ပုဇွန်ခြောက် ငါးပိချက် မွှေးမွှေးလေး ရလာတာနဲ့ နှစ်သက်ရာ တို့စရာတို့ဖြင့် တွဲဖက်ပြီး စားသုံးနိုင်ပါပြီ။

Saturday 6 January 2024

ဘရော့ကိုလီကြော်နှပ်

 


ဒီနေ့တော့ ဘေဘီဘရော့ကိုလီ လေးတွေ ဝယ်လာပြီး သတ်သတ်လွတ် အရန်ဟင်း တစ်မယ်အတွက် ပြင်ဆင်ဖြစ်ခဲ့ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ဘေဘီဘရော့ကိုလီ - ဆယ်ခက်ခန့်
  2. ပဲငံပြာရည်အပျစ် - ထမင်းစားဇွန်း နှစ်ဇွန်း
  3. ခရုဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  4. ပဲငံပြာရည်အကြည် - ထမက်းစားဇွန်း နှစ်ဇွန်း
  5. နှမ်းဆီ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  7. ရေ - ထမင်းစားဇွန်း ဆယ်ဇွန်း (အရသာစပ်ရန်)
  8. ကြက်သွန်ဖြူ - အမွှာကြီးကြီး ရှစ်မွှာ
  9. ကြက်သွန်နီ - အနေတော် တစ်လုံး
  10. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း (ကြက်သွန်ဖြူ ဆီသတ်ရန်)
  11. ရေ - ဘေဘီဘရော့ကိုလီပြုပ်ရန် လိုသလောက် သုံးပေးပါ
  12. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ (ဘေဘီဘရော့ကိုလီ ပြုပ်ရန်)
  13. ဆီ - ထမင်းစားဇွန်း တစ်ဇွန်း (ဘေဘီဘရော့ကိုလီ ပြုပ်ရန်)
ပြင်ဆင်ချက်ပြုပ်ပုံ
  • ဘေဘီဘရော့ကိုလီကို ရင့်သောနေရာမှ အကြောများ သင်ပေးကာ ရေဆေးပြီး ရေစစ်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးပြီး ဓါးပြားရိုက်ပြီး ခပ်နုတ်နုတ်လေးတွေ လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • ဇလုံတစ်လုံးထဲမှာ ပဲငံပြာရည်အပျစ် ပဲငံပြာရည်အကြည် ခရုဆီ နှမ်းဆီ အရသာမှုန့်နှင့် ရေတို့ကိုထည့်ပြီး သမအောင် မွှေထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့  ဇောက်နက်သော အနေတော် အိုးထဲမှာ ရေ ဆားနှင့်ဆီတို့ထည့်ကာ ပွက်ပွက်ဆူအောက် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ ဘေဘီဘရော့ကိုလီကို တစ်မိနစ်ခွဲလောက် ပြုပ်ပေးပါ
  • ပြီးတာနဲ့ ပြုပ်ထားတဲ့ ရေများကို သွန်ပေးပြီး ရေအေးနှင့် သုံထပ်လောက် ဆေးပေးကာ ရေစစ်ထားပါ
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ နုတ်နုတ်စင်းထားသော ကြက်သွန်ဖြူနှင့် ကြက်သွန်ဖြူကို ထည့်မွှေပေးပါ
  • ကြက်သွန်ဖြူ အနည်းငယ် နူးလာတာနဲ့ အရသာ စပ်ထားသော အရည်များကို ထည့်မွှေပေးပါ
  • အရသာ အရည်များ ပွက်ပွက်ဆူလာတာနဲ့ မီးပိတ်ပေးကာ ရေစစ်ထားသော ဘေဘီဘရော့ကိုလီများကို ထည့်မွှေပေးပါ
  • ပြီးတာနဲ့  ချက်ချင်းဘဲ ဟင်းပွဲပြင်ရန် ပန်းကန်ထဲကို ပြောင်းထည့်ပေပြီးပါက ဘေဘီဘရော့ကိုလီကြော်နှပ် ပူပူလေးကို စားသုံးနိူင်ပါပြီ။

Friday 5 January 2024

ချဉ်ငံစပ် အစုံသုပ်



 ဒီနေ့တော့ ပဲကြာဇံကို ချဉ်ချဉ်ငံငံ စပ်စပ်လေး သုပ်စားပါတယ် ထမင်းမစားချင်တဲ့ နေ့တွေဆို အခုလို အသုပ်လေး သုပ်စားလိုက်တယ် ဆိုရင်ဘဲ အာသာပြေ သွားတတ်ပါတယ်။

ဒါကြောင့်မို့လို့ လွယ်ကူမြန်ဆန် အသုပ်တစ်မျိုး သုပ်စားချင်ရင်တော့ မာမာ ပြင်ဆင်ပြီး သုပ်စားပုံလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ

  1. ပဲကြာဇံ အခြောက် - 50 g
  2. အာလူး - အနေတော် သုံးလုံး
  3. ပဲပြား - တစ်တုံး
  4. ဆီ - ပဲပြားကြော်ရန် လိုသလောက်
  5. နနွင်းမှုန့် - အနည်းငယ် (ပဲပြားကြော်ရန် ဆီအိုးထဲထည့်ရန်)
  6. ပဲအကျက်မှုန့် - လိုသလောက်
  7. ငရုတ်သီး အလှော်မှုန့် - လိုသလောက်
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်ုး သုံးပုံတစ်ပုံ (ဆီချက်ချက်ရန်)
  9. နနွင်းမှုန့်  - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ( ကြာဇံအရောင်အတွက် သုံးရန်)
  10. ဆီ - လိုသလောက်
  11. အရသာမှုန့် - လိုသလောက်
  12. ကြက်သွန်ဖြူ  ဆီချက် - ထမင်းစားဇွန်း ဇွန်းနှစ်ဆယ်ခန့်
  13. မန်ကျည်းသီးအမှည့် - ထမင်းစားဇွန်း နှစ်ဇွန်း
  14. ငါးငံပြာရည် - လိုသလောက်
  15. နံနံပင် - လိုသလောက်
  16. ငရုတ်သီးစိမ်း - စားနိူင်သလောက်
  17. ကြက်သွန်ဖြူ  - ၁၃မွှာ (ဆီချက်အတွက် ၅မွှာ ဟင်းခါးအတွက် ၃မွှာ အသုပ်နှင့်စားရန် ၅မွှာခန့်)
  18. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း
  19. ငရုတ်ကောင်းစေ့ - ငါးစေ့ခန့်
  20. ဂေါ်ဖီ - အနည်းငယ်

အသုပ်ပွဲပြင်ရန် လိုအပ်သော ပစ္စည်းများ

  1. ပဲကြာဇံ
  2. ပဲပြား
  3. ဆီချက်
  4. ငံပြာရည်
  5. ပုဇွန်ခြောက်မှုန့်
  6. ပဲအကျက်မှုန့်
  7. ငရုတ်သီး အလှော်မှုန့်
  8. ကြက်သားမှုန့်
  9. မန်ကျည်းသီးမှည့်
  10. နံနံပင်

ကြာဇံနှင့်အာလူး ပြုပ်ရန်

  • ပဲကြာဇံကို ရေ တစ်နာရီလောက် စိမ်ထားပါ
  • အိုးထဲမှာ ရေထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေဆူလာတာနဲ့ ရေစိမ်ထားသော ပဲကြာဇံကို ရေသွန်ပြီး ပဲကြာဇံ အရောင်လှစေရန် နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံထည့်ကာ ရေနွေးကို လောင်းထည့်ပေးပါ
  • ရေနွေးစိမ်ချိန် သုံးမိနစ်လောက် ကြာတာနဲ့ ရေနွေးစိမ်ထားသော ကြာဇံကို ဇကာထဲသွန်ပြီး ရေစစ်ထားပါ
  • တစ်ခါတစ်လေ ရေနွေးစိမ်ရန် အသုံးပြုသော ပဲကြာဇံသည် ဆန်အပျော့ အမာပေါ် မူတည်သောကြောင့် အချိန်ကို လိုတိုးပိုလျှော့ လုပ်ပေးပါ
  • အိုးတစ်လုံးထဲမှာ ရေခပ်များများနှင့် အာလူးတို့ထည့်ကာ ပြုပ်ပေးပါ
  • အာလူးများ နူးလာပါက ရေများသွန်ပြီး အအေးခံကာ အခွံခွာပြီး မထူမပါးလေးတွေ လှီးထားပါ
ပဲပြားကြော်ရန်
  • ပဲပြားကို ရေဆေးကာ မထူမပါးလေးတွေ လှီးထားပါ
  • ဒယ်အိုးထဲမှာ ဆီနှင့်နနွင်းမှုန့်တို့ထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ပဲပြားများကို အပေါ်ယံကျော တင်းလာတဲ့အထိ ကြော်ပေးပါ
  • အပေါ်ယံကြော မာတင်းလာတာနဲ့ ဆယ်ပြီးဆီစစ်ထားပါ

ဆီချက် ချက်ရန်

  1. ကြက်သွန်ဖြူ ငါးမွှာကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  2. ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကိုအပူပေးပါ ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ပေးပါ 
  3. ပြီးတာနဲ့ ကြက်သွန်ဖြူကို ထည့်ကြော်ပေးပါ
  4. ကြက်သွန်ဖြူများ အဝါရောင် သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ကာ အအေးခံထားပါ
  5. ဆီချက်ကိုလဲ အအေးခံထားပါ ဆီအေးသွားမှ ကြက်သွန်ကြော်များနှင့် ရောပေးထားပါ

ဟင်းခါးချက်ရန်

  • ရေ တရုတ်ဟင်းရည်သောက် ပန်းကန် ၂လုံးစာထဲ ပုဇွန်ခြောက် ၇ကောင်လောက်ကို ထောင်းပြီးထည့်ပါ
  • ဆား လက်ဖက်ရည်ဇွန်း တ၀က် ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တဇွန်းထည့်ပြီး ရေဆူအောင်တည်ပါ
  • ရေဆူလာပါက ငရုတ်ကောင်း ၅စေ့လောက်နှင့် ကြက်သွန်ဖြူ ၂မွှာလောက်ကို မညက်တစ်ညက်ထောင်းပြီး ဟင်းရည်အိုးထဲ ထည့်ကာ ဂေါ်ဖီ ခပ်ပါးပါးလှီးပြီး ထည့်ပြီး ရေဆူအောင် တည်ပြီးအရသာမြည်းပါ

အသုပ် တစ်ပွဲစာပြင်ရန်

  • အသုပ်သုပ်ရန် ပါ၀င်ပစ္စည်းများကို ပြင်ထားပါ
  • မန်ကျည်းသီးမှည့်ကို ရေတစ်ထပ်ဆေးပြီး ရေနွေးပူပူ ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူးစာလောက်နဲ့ စိမ်ထားပါ
  • ဇလုံတစ်လုံးထဲမှာ ပဲကြာဇံ တစ်ပွဲစာနှင့် ပဲပြားအနည်းငယ် အာလူးတို့ကို ထည့်ပေးပါ
  • ဆီချက် ထမင်းစားဇွန်း ၂ဇွန်း ငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်း ပဲအကျက်မှုန့် ထမင်းစားဇွန်း တစ်ဇွန်း ငရုတ်သီး အလှော်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်မရှိတရှိ မကျည်းရည် ထမင်းစားဇွန်း တစ်၀က်သာသာနှင့် နံနံပင်တို့ထည့်ကာ ခပ်ဖွဖွ နယ်ပေးပါ
  • အသုပ်အရသာ နယ်ပြီးတာနဲ့ ချဉ်ငံစပ် အရသာ လိုသလို ပြင်ပေးပြီးတာနဲ့ စားပွဲပြင်ပေးပါ
  • ချဉ်ငံစပ် ပဲကြာဇံ အသုပ်ပွဲကို ပြင်ဆင်ပြီးပါက ဆလတ်ရွက် ငရုတ်သီးစိမ်း ကြက်သွန်ဖြူ ဂေါ်ဖီဟင်းခါးတို့နဲ့ သုံးဆောင်နိုင်ပါပြီ။