ဒီနေ့တော့ ကြာဇံချက်ကို လူငါးဆယ်စာလောက် ချက်ချင်လို့ ပါဝင်ပစ္စည်းတွေ ဘယ်လောက်ထည့်ရမလဲလို့ မေးတဲ့ မိတ်ဆွေအတွက် မာမာ့အမေချက်တဲ့ အချိုးအစားကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- ဂျုံကြာဇံ - ခြောက်ဆယ်သား
- ကြက်ရင်ပုံသား - နှစ်ပိသာခွဲ
- ကြက်ရိုး - တစ်ပိသာ
- မှိုခြောက် – နှစ်ဆယ်သား
- ပဲလိပ်ခြောက် – နှစ်ဆယ်သား
- ပန်းခြောက် – နှစ်ဆယ်သား
- ဆား - ထမင်းစားဇွန်း တစ်ဇွန်း (ကြက်သားပြုပ်ရန်)
- ငါးငံပြာရည် - ထမင်းစားဇွန်း ဆယ့်ငါးဇွန်း (ကြက်သားပြုပ်ရန်)
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း (ကြက်သားပြုပ်ရန်)
- ဆား - ထမင်းစားဇွန်း တစ်ဇွန်း (ကြက်ရိုးပြုပ်ရန်)
- ကြက်သွန်နီ - ခပ်သေးသေး ငါးဆယ်သား (ဟင်းရည်ထဲထည့်ရန်)
- ကြက်သွန်နီ - အလုံးကြီးကြီး ငါးဆယ်သား (အချဉ်တည်ရန်)
- ကြက်သွန်နီ - သုံးဆယ်သား (ကြက်သားဆီသတ်ရန်)
- ကြက်သွန်ဖြူ - နှစ်ဆယ်သား (ကြက်သားဆီသတ်ရန်)
- နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ တစ်၀က် (ဆီသတ်ရန်)
- ငရုတ်သီး အရောင်တင်မှုန့် – ဟင်းခတ်ဇွန်းကြီး နှစ်ဇွန်း (ဆီသတ်ရန်)
- ဆား - အရသာအတွက် လိုသလောက် သုံးပေးပါ
- ငါးငံပြာရည် - အရသာအတွက် လိုသလောက် သုံးပေးပါ
- အချိုမှုန့် - အရသာအတွက် လိုသလောက် သုံးပေးပါ
- ဆီ - နှစ်ဆယ်သား
- ကြက်သွန်ဖြူ - တစ်ဆယ်သား (ဟင်းရည်အနံ့ အရသာအတွက် သုံးရန်)
- ငရုတ်ကောင်း - ထမင်းစားဇွန်း နှစ်ဇွန်း (ဟင်းရည်အနံ့ အရသာအတွက် သုံးရန်)
- ငရုတ်သီးစိမ်း - စားနိူင်သလောက် (အချဉ်တည်ရန်)
- သံပုရာသီး - လိုသလောက် (အချဉ်တည်ရန်)
- ဆား - အရသာ လိုသလောက် (အချဉ်တည်ရန်)
- ဂေါ်ဖီ - နှစ်ထုတ် (အချဉ်တည်ရန်)
- နံနံပင် - လိုသလောက် သုံးပေးပါ
- ငရုတ်သီး အလှော်မှုန့် - လိုသလောက် သုံးပေးပါ
အချဉ်နှင့် တွဲဖက်စားရန်အတွက် ပြင်ဆင်ရန်
ပါ၀င်ပစ္စည်းများ
- ကြက်သွန်နီကို အခွံခွာ၍ အလုံးလိုက် ရေဆေးပြီး ပါးပါးလှီးကာ ရေဆေးတစ်ထပ် ဆေးထားပါ
- ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
- ဂေါ်ဖီကို ခပ်ပါးပါးလှီးပြီး ရေဆေးထားကာ အားလုံးကို ဆားနှင့် သံပုရာသီး ညှစ်ပြီး နယ်ထားပါ
- နံနံပင်ကို ရေဆေးပြီး အနေတော် လှီးထားပါ
- သံပုရာသီးကို အစိတ်လေးတွေ စိတ်ထားပါ
- ငရုတ်သီး အလှော်မှုန့်ကို ပြင်ထားပါ
- ငါးငံပြာရည်ကို ပြင်ထားပါ
ကြက်သားပြုပ်ရန်
- ကြက်သားကို ရေဆေးပြီး ငါးငံပြာရည် ဆားနှင့် နနွင်းမှုန့်တို့ထည့်ကာ အရသာဝင်အောင် နယ်ပေးပါ
- ပြီးတာနဲ့ ဇောက်နက်သော အနေတော်အိုးထဲမှာ ကြက်သားကို ရေမြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ
- ပြုပ်ထားသော ရေခမ်းတာနဲ့ မိမိနှစ်သက်သလို အတုံးလေးတွေ တုံးထားပါ
ကြက်သားဆီသတ်ရန် ပြင်ဆင်ပုံ
- ပြုပ်ထားသော ရေခမ်းတာနဲ့ မိမိနှစ်သက်သလို အတုံးလေးတွေ တုံးထားပါ
- ကြက်သွန်ဖြူ ကြက်သွန်နီတို့ကို အခွံခွာပြီး ငရုတ်သီး အရောင်တင်မှုန့်နှင့် ညက်နေအောင် ထောင်းပေးပါ
- ပြီးတာနဲ့ ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
- ဆီပူလာတာနဲ့ ငရုတ်သီးထောင်းပြီးသားကို ထည့်ပြီးဆီသတ်ပေးပါ
- ဆီသတ်နေစဉ် မကြာမကြာ မွှေပေးပြီး ငရုတ်သီးထောင်းများ မွလာပါက ကြက်သားပြုပ်ကို ထည့်ပေးပါ
- ဆီသတ်နံ့လေး သင်းလာပါက မီးပိတ်ထားပါ
ကြက်ရိုးပြုပ်ရန်
- ကြက်ရိုးများကို အနေတော် ခုတ်ပိုင်းပြီး ရေဆေးပြီး ဇောက်နက်သော အိုးထဲမှာ ထည့်ပေးပါ
- အရင်ဆုံး ကြက်ရိုးများမြုပ်အောင် ရေထည့်ပြီး ပြုပ်ပေးပါ
- ကြက်ရိုး ပြုပ်နေစဉ် အပေါ်မှာ တက်လာသော အမြှုပ်များပို ခပ်ပြီးသွန်သွန်ပေးပါ
- အရိုးမှ အချိုရည်များ ထွက်လောက်ပါက မီးပိတ်ထားပေးပါ
ဟင်းရည်ချက်ရန် ပြင်ဆင်ပုံ
- ပဲကြာဇံ မှိုခြောက် ပန်းခြောက် ပဲလိပ်တို့ကို သတ်သတ်ဇလုံ တစ်လုံးစီမှာ ရေမြုပ်အောင်ထည့်ပြီး တစ်နာရီလောက် စိမ်ထားပါ
- ရေစိမ်ချိန် ပြည့်ပါက ပဲကြာဇံ ပဲလိပ်နှင့် ပန်းခြောက်တို့ကို ရေဆေးပြီ ရေစစ်ထားပါ
- မှိုခြောက်မှာ ကပ်နေသော သဲနှင့်ခဲများ စင်သွားအောင် ရေ ငါးထပ်လောက် ဆေးပြီးရေစစ်ထားပါ
- ကြက်သွန်နီ အလုံးသေးများကို အခွံခွာပြီး ရေဆေးထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ငရုတ်ကောင်းနှင့် ရောထောင်းထားပါ
- အားလုံး အဆင်သင့် ဖြစ်ပါက ကြက်ရိုးပြုပ်ရည် အိုးထဲကို ဆီသတ်ထားသော ကြက်သားများ ထည့်ပေးပါ
- ရေကိုအနေတော် ချင့်ချိန်ထည့်ပြီး ဟင်းရည်အိုးကို ပွက်ဆူပွက်အောင် တည်ပေးပါ
- ဟင်းရည်အိုး ပွက်ပွက်ဆူလာတာနဲ့ ကြက်သွန်နီ ပဲလိပ် မှိုခြောက် ပန်းခြောက်တို့ကို ထည့်ပေးကာ ပွက်ပွက် ဆူလာအောင် ထပ်ပြီး တည်ပေးပါ
- ပြီးတာနဲ့ ပဲကြာဇံ ငါးငံပြာရည် ဆားနှင့် အရသာမှုန့်တို့ကို ထည့်ပြီးမွှေပေးကာ အရသာ မြည်းပေးပါ
- အရသာကို မိမိစိတ်ကြိုက် ရလာအောင် ပြင်ပေးပြီး ထောင်းထားသော ငရုတ်ကောင်း ကြက်သွန်ဖြူထောင်းကို ခပ်ပေးပါ
- ပြီးတာနဲ့ မီးပိတ်ပြီး ဟင်းရည်အိုးကို မီးဖိုပေါ်မှ ဖယ်ထားပေးပါ
- သံပုရာသီး ကြက်သွန်ချဉ် ငရုတ်သီးစိမ်း ငရုတ်သီးအလှော်မှုန့် နံနံပင်တို့နှင့် သုံးဆောင်နိူင်မည့် ကြာဇံချက် ပူပူလေး ရပါပြီ။
No comments:
Post a Comment