ဟင်းရံစဉ်းစားရတာ တစ်ခါတစ်လေ ခေါင်းတော့ တော်တော်လေး နောက်မိတယ် အသားမစားတဲ့သူအတွက် တစ်မျိုးစဉ်းစားရသလို အသားစားပြန်တော့ အသားပေါင်းစုံ မစားသူအတွက် တစ်မျိုးစီစဉ်ရပြန်တယ်။
ဒီနေ့တော့ အမဲသားလေးလဲ ဝယ်လာခဲ့ပြီး အမဲနှပ်လေး ချက်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ အမဲသားနှပ် အိအိမွှေးမွှေး ချက်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ(အမဲသား အရသာနယ်ရန်)
- အမဲသား - တစ်ကီလို (အနေတော်တုံးထားပါ)
- ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- ချင်း - ခပ်ပါးပါး နှစ်ပြား
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
အရသာနယ်ရန်
- အမဲသားကို ရေဆေးပြီး အနေတော် အတုံးလေးတွေ တုံးထားပါ
- ချင်းကိုအခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
- အိုးတစ်လုံးထဲမှာ အမဲသား ဟင်းချိုမှုန့် နနွင်းမှုန့် ဆားနှင့်ချင်းထောင်းတို့ကို တို့ရောနယ်ကာ အရသာ ၀င်အောင် နာရီ၀က်လောက် ထားပါ
- အရသာ နှပ်ပြီးတာနဲ့ အမဲသားကို ရေမြုပ်ရုံလေး အရင်ထည့်ကာ ပြုပ်ပေးပါ
- ပထမတစ်ရည် ခမ်းကာနီး နောက်တစ်ရည် အသားမြုပ်အောင် ထည့်ပြီး ပြုပ်ပေးပါ
- အမဲသားကို နူးတဲ့အထိ ပြုပ်ပေးထားပါ
ဟင်းချက်ရန်လိုအပ်သော ပစ္စည်း
- ဆီ - ထမင်းစားဇွန်း ဆယ့်ငါးဇွန်း
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ကြက်သွန်ဖြူထောင်းရန် - အမွှာကြီးကြီး ငါးမွှာ
- ကြက်သွန်နီ မညက်တစ်ညက်ထောင်းရန် - ခပ်ကြီးကြီး နှစ်ဥ
- ချင်းထောင်းရန် - တစ်လက်မခန့်
- စပါးလင်ထောင်းပြီးသား - ထမင်းစားဇွန်း တစ်ဇွန်း
- ငရုတ်သီးမှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
- ကရဝေးရွက် - သုံးရွက်
- လေးညှင်း -နှစ်ပွင့်
- ဖာလာ - နှစ်စေ့
- သစ်ဂျပိုးခေါက် -နှစ်လက်မခန့်
- ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
- ပျဉ်းတော်သိမ်းရွက် - အခက်ကြီးကြီး နှစ်ခက်
ဆိတ်သားနှပ်ရန်ပြင်ဆင်ပုံ
- အိုးထဲမှာ ဆီထည့်ပြီး ဆီကိုအပူပေးပါ
- ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ကာ ကြက်သွန်ဖြူ ကြက်သွန်နီ ချင်း စပါးလင်ထောင်း ဖာလာစေ့ လေးညှင်းပွင့် ပျဉ်းတော်သိမ်းရွက် ကရဝေးရွက်နှင့် ငရုတ်သီးမှုန့်တို့ကို မွှေးလာတဲ့ထိ ဆီသတ်ပေးပါ
- ဆီသတ်နံ့ မွှေးလာတာနဲ့ နူးနေအောင် ပြုပ်ထားသော အမဲသားနှင့် ဆားကိုထဲ့ပြီး ဆီသတ်ပေးပါ
- အသားများနှင့် ငရုတ်သီးဆီသတ် သမသွားပါက ရေမြုပ်အောင်ထည့်ပြီး ရေမခမ်းစေဘဲ ဆီကျန်ရေကျန်တဲ့ထိ တည်ပေးပါ
- ရေမခမ်းခင် အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
- ရေခမ်းပြီး ဆီပြန်လာပါက ဟင်းအနှစ်များများနှင့် ဆိတ်သားနှပ် အိအိလေးကို စားသုံးနိူင်ပါပြီ။
- ဤနည်းအတိုင်း ဆိတ်သားနှင့် သိုးသားတို့ကိုလဲ နှပ်နိူင်ပါတယ်။
No comments:
Post a Comment