ဒီနေ့တော့ ဈေးသွားရင်းက ကိုင်းခရမ်းချဉ်သီးလေးတွေ တွေ့တာနဲ့ ဝယ်လာခဲ့ပြီး အမဲသားကို ကိုင်းခရမ်းချဉ်သီးလေးနဲ့ ဆီပြန်လေး ချက်ပါတယ်။
ကိုင်းခရမ်းချဉ်သီးရဲ့ အချဉ်အရသာလေးကြောင့် အမဲသားဟင်းက မအီတော့ဘဲ ပိုပြီးစားလို့ ကောင်းစေတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- အမဲသား - 500 g
- ကြက်သွန်နီ - အနေတော် တစ်ဥ
- ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
- ချင်းထောင်းပြီးသား - ထမင်းစားဇွန်း တစ်ဇွန်း
- စပါးလင်ထောင်းပြီးသား - ထမင်းစားဇွန်း တစ်ဇွန်း
- ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ကိုင်းခရမ်းချဉ်သီး - အလုံးကြီးကြီး ငါးလုံး (သို့မဟုတ်)
- Ready made ခရမ်းချဉ်သီးဗူး - 400 g
- ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ဆီ - ထမင်းစားဇွန်း ဆယ်ဇွန်း
- ပျဉ်းတော်ငိမ်းရွက် - မိမိနှစ်သက်သလောက်
ပြင်ဆင်ပုံ
- အမဲသားကို အတုံးလိုက် ရေဆေးပြီး အနေတော် အတုံးလေးတွေ တုံးထားပါ
- တုံးထားသော အမဲသားများကို အရသာမှုန့် နနွင်းမှုန့်တို့နဲ့နယ်ကာ ၁၅မိနစ်လောက် နှပ်ထားပါ
- ကြက်သွန်နီကို အခွံခွာ အလုံးလိုက်ရေဆေးပြီး ခပ်နုတ်နုတ် လှီးထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
- ချင်းကို အခွံခွာပြီး ညက်နေအောင် ထောင်းထားပါ
- စပါးလင် အရင်ပိုင်းကို ရေစင်အောင် ဆေးပေးပြီး ညက်နေအောင် ထောင်းထားပေးပါ
- ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ (သို့မဟုတ်)
- Ready made ဗူး သုံးပါက အဖုံးဖွင့်ထားပါ
- ပျဉ်းတော်သိမ်းရွက်ကို ရေဆေးထားပါ
ချက်ပြုပ်ပုံ
- ဇောက်နက်သော အိုးတစ်လုံးကို အပူပေးပြီး ဆီထည့်ပါ
- ဆီပူလာတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီ ချင်း ပျဉ်းတော်သိမ်းရွက် စပါးလင်နှင့် ငရုတ်သီးမှုန့်တို့ထည့်ပြီး အဆက်မပြတ် မွှေပေးကာ မွှေးလာအောင် ဆီသတ်ပေးပါ
- ဆီသတ်နံ့ မွှေးလာတာနဲ့ ခရမ်းချဉ်သီးကို ထည့်မွှေပေးပါ
- ခရမ်းချဉ်သီးများ ကျေသွားတော့မှ အရသာ နယ်ထားသော အမဲသားများကို ထည့်မွှေပေးပြီး ဆီသတ်ထားပါ
- အမဲသားများ မာလာတော့မှ ရေမြုပ်အောင် ထည့်ပြီး အဖုံးအုပ်ကာ တည်ပေးပါ
- ပထမ တစ်ရည်ခမ်းလာတာနဲ့ နောက်တစ်ရည်ကို ချင့်ချိန်ထည့်ပြီး ဆားထည့်ကာ ရေဆူအောင် ထပ်တည်ပေးပါ
- ဆီပြန်တဲ့အထိ တည်ပေးကာ အရသာမြည်းပြီး မိမိစိတ်ကြိုပ် အရသာ ရအောက် ပြင်ပေးပါ
- အရသာ လိုသလို ပြင်ပြီး ချဉ်ဖြုန့်ဖြုန့် အရသာလေးနဲ့ အမဲသားဟင်း မွှေးမွှေးလေးကို စားပွဲပြင်နိုင်ပါပြီ။
No comments:
Post a Comment