Wednesday, 3 January 2024

ပဲကုလားဟင်း

 


မာမာ ဒီနေ့တော့ ပလာတာ လုပ်ဖြစ်တာနဲ့ အိမ်မှာရှိတဲ့ အသီးအရွက်တွေထည့်ကာ ပဲကုလားဟင်း  အရည်သောက်ဆမ်းလေးကို  ချက်ဖြစ်ခဲ့ပါတယ်။

ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ မဆလာနံ့ မွှေးမွှေးလေးနဲ့ ပဲကုလားဟင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကုလားပဲခြမ်းပဲဆံ - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ်ခွက်
  2. ခရမ်းသီး - အရှည် နှစ်လုံး
  3. အာလူး - ခပ်ကြီးကြီး နှစ်လုံး
  4. မန်ကျည်းသီးမှည့် - ကွမ်းသီးဆံလုံးလောက် 
  5. ပျဉ်းတော်သိမ်းရွက် - အခက်ကြီးကြီး နှစ်ခက်
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ (သို့မဟုတ်)
  7. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (ပဲပြုပ်ထဲထည့်ရန်)
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (ဆီသတ်ရန်)
  11. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  12. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  13. ချင်း - လက်တစ်ဆစ်ရဲ့တစ်၀က်
  14. ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  15. မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  16. ဆီ - ထမင်းစားဇွန်း လေးဇွန်း

ပြင်ဆင်ပုံ
  • ကုလားပဲခြမ်း ပဲဆံကို ရေဆေးပြီး ရေမြုပ်အောင်ထည့်ကာ နနွင်းမှုန့် ထည့်ပြီး ပဲနူးသွားအောင် ပြုပ်ထားပါ
  • အာလူးကို အခွံခွာပြီး အနေတော်တုံးကာ ရေဆေးထားပါ
  • မန်ကျည်းသီးမှည့်ကို ရေတစ်ထပ်ဆေးပြီး ရေစိမ်ထားပါ
  • ခရမ်းသီးကို ထက်ဝက်ခြမ်းကာ အနေတော် လှီးပေးပြီး ရေစိမ်ထားပါ
  • ပျဉ်းတော်သိမ်းရွက်များကို ရေဆေးပြီး ရေစစ်ထားပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီးမှုန့်တို့နဲ့ရောပြီး ထောင်းထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးတစ်လုံးကို အပူပေးပြီး ဆီထည့်ပါ
  • ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ကာ ငရုတ်သီးထောင်းကိုထည့်ပြီး မွှေးလာအောင် ဆီသတ်ပေးပါ 
  • ဆီသတ်နံ့ မွှေးလာတာနဲ့ ပျဉ်းတော်သိမ်းရွက်များကိုထည့်ပြီး ဆီသတ်ပါ
  • ပြီးတာနဲ့ ဟင်းချက်ရန်ပြင်ထားသော အာလူးနှင့် ခရမ်းသီးများကို ရေစစ်ပြီး ထည့်ပေးကာ ဆီသတ်ပေးပါ
  • အသီးအရွက်များ ထည့်ပြီးတာနဲ့ဆား (သို့မဟုတ်) ငံပြာရည်ကို တစ်ခါထဲ ထည့်မွှေပေးပါ
  • အသီးများ နည်းနည်း နွမ်းလာတာနဲ့ ပဲပြုပ်ထားသော ဇောက်နက်သည့် အိုးတစ်လုံးထဲပြောင်းထည့်ပြီး ရေကို တရုတ်ဟင်းရည်သောက် ပန်းကန် ၂လုံးစာထည့်ပြီး အသီးများနူးအောင် တည်ပေးပါ
  • အသီးများ နူးများလာတာနဲ့ ရေစိမ်ထားသော မန်ကျည်းသီးမှည့်ကို လက်နဲ့ဖျော်ပြီး မန်ကျည်းရည်ကို ထည့်ပေးပါ
  • ဟင်းရည်ပွက်ပွက် ဆူလာပါက မဆလာနှင့် အရသာမှုန့်ထည့်ပြီး မွှေပေးကာ အရသာကို လိုသလိုပြင်ပြီးပလာတာနှင့် သုံးဆောင်နိူင်ပါပြီ။

No comments:

Post a Comment