ဒီနေ့တော့ မုန့်လာဥဖြူနဲ့ ရုံးပတေသီးလေးတွေရယ်ကိုရောပြီး ချဉ်ရည်ဟင်း တစ်မယ်ချက်ပါတယ် ထမင်းစားတဲ့အခါ အရည်သောက် ဟင်းလေးပါမှ ထမင်းက စားလို့ကောင်းလို့ ကောင်းပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချဉ်ရည်ဟင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- မုံလာဥဖြူ - ခပ်ကြီးပြီး တစ်ဥ (450 g)
- ရုံးပတေသီး - ဆယ်တောင့်
- နံနံပင် - မိမိနှစ်သက်သလောက်
- ကြက်သွန်နီ - အနေတော် တစ်ခြမ်း
- ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
- ချင်း - လက်တဆစ်ခန့်
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
- ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
- မန်ကျည်းသီးမှည့် - ထမင်းစားဇွန်း တစ်ဇွန်း
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ပုဇွန်ထုတ် - ဆယ်ကောင်
ပြင်ဆင်ပုံ
- မုံလာဥကို အပြင်ခွံခွာပြီး ထက်ဝက်ခြမ်းကာ သင့်သလိုလှီးပြီး ရေဆေးကာ ရေစစ်ထားပါ
- ပုဇွန်ကို ရေဆေးပြီး မလိုတာတွေဖယ်ပြီး အခွံခြွတ်ထားပါ
- နံနံပင်ကို ရေဆေးပြီး ရေစစ်ထားပါ
- ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
- ရုံးပတေသီးကို အတောင့်လိုက် ရေဆေးပြီး အမြှီးနှင့် ထိပ်ဖက်တို့ကိုဖြတ်ကာ ထက်ဝက်ပိုင်းထားပါ
- မန်ကျည်းသီးမှည့်ကို ရေတစ်ထပ်ဆေးပြီး ရေနွေးနှင့် စိမ်ထားပါ
- ဇောက်နက်သော အိုးထဲမွာ လှီးထားသော မုံလာဥများ ပုဇွန်များ နနွင်းမှုန့် ဆား ငါးငံပြာရည် အရသာမှုန့် ဆီနှင့် ကြက်သွန်ဖြူ ကြက်သွန်နီနှင့် ချင်းထောင်းတို့ကိုထည့်ပြီး နယ်ပေးပါ
- အရသာ နယ်ပြီးပါက ရေအနည်းငယ်ထည့်ပြီး အရင်ဆုံး လုံးရည်ကို ရေဆူအောင် တည်ပေးပါ
- ရေဆူလာတာနဲ့ အထက်အောက် သမအောင် မွှေပေးပြီး အဖုံးအုပ်ကာ ပြန်တည်ထားပါ
- မုံလာဥများ တော်တော်လေး နွမ်းလာတာနဲ့ ရေလိုသလောက်ထည့်ပြီး ပွက်ပွက်ဆူအောင် ပြန်တည်ပေးပါ
- ရေပွက်ပွက်ဆူကာ မုံလာဥများ နွမ်းလာတာနဲ့ မန်ကျည်းသီးမှည့် အနှစ်ထည့်ပြီး ရေကို တစ်မိနစ်လောက် ထပ်ဆူအောင်ထားလိုက်ပါ
- ပြီးတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ ရုံးပတေသီးနှင့် နံနံပင် အုပ်ပေးပြီး မီးပိတ်ပေးပါ
- ထမင်းမြိန်စေမဲ့ အရသာ မွှေးလွန်းတဲ့ မုံလာဥဖြူ ချဉ်ရည်ဟင်း ပူပူလေးကို ရပါပြီ။
No comments:
Post a Comment