Tuesday 21 July 2015

ကြက်အသည်း ဆီပြန်မွှေးမွှေးလေး



ကြက်အသည်း ဆီပြန်ဟင်းမွှေးမွှေးလေးပါ အသည်းဟင်းချက်ရင် မချက်တတ်တဲ့အခါ အရမ်းညှီပါတယ် နကိုထဲက သံဓါတ်များတဲ့ အစာမို့ ချက်တဲ့အခါမှာ အနံ့မပြင်းစေဖို့ ဟင်းခတ် အမွှေးအကြိုင်လေးတွေ သတိထားပြီး ထည့်ပေးဖို့တော့ လိုပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်အသည်း - 500g
  • ကြက်သွန်နီ - အနေတော် တလုံး 
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • လေးညှင်း - တပွင့်
  • ဖာလာစေ့ - တခု
  • စမုံစပါး - ၁၀စေ့ခန့်
  • ကရဝေးရွက် - တရွက်
  • ချင်း - လက်တဆစ်ခန့်
  • စပါးလင် - တလက်မခန့်
  • မဆလာ - လက်ဖက်ရည်ဇွန်း တဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်သာသာ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က် (ဆီသတ် ကြက်အသည်း အရသာနယ်ရာတွင် တ၀က်စီ ခွဲသုံးပါ)
  • ဆီ - ထမင်းစားဇွန်း ၅ဇွန်း
  • ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်းမောက်မောက်

ပြင်ဆင်ပုံ
  • ကြက်အသည်းကို ရေဆေးပြီး ဆား နနွင်း အရသာမှုန့်တို့နဲ့ နယ်ပြီး နှပ်ထားပေးပါ
  • ကြက်သွန်အဖြူ အနီ စမုံစပါး ချင်း စပါးလင် ငရုတ်သီးမှုန့် စပါးလင်တို့ကို ရောပြီး ထောင်းထားပါ
  • အားလုံးအဆင်သင့်ဖြစ်ပါက ဇောက်နက်သော အိုးတလုံးမှာ ဆီကိုထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ နနွင်းမှုန့်ကိုထည့်ပြီး ငရုတ်သီးထောင်းထားသော အနှစ်များနှင့်အတူ ကရဝေးရွက် လေးညှင်းပွင့်နှင့် ဖာလာစေ့ကို အနည်းငယ်ထုပြီးထည့်ကာ ဆီသတ်ပေးပါ
  • ဆီသတ်နံ့ မွှေးလာတာနဲ့ အရသာ နယ်ထားသော ကြက်အသည်းကို ထည့်မွှေပေးပါ
  • ထွက်လာသော အရည်များ ခမ်းကာနီးအထိ မကြာ မကြာမွှေပေးပါ
  • အရည်များ ခမ်းပြီး ကြက်အသည်းများ အရောင်ပြောင်းလာမှ ရေမြုပ်အောင်ထည့်ပြီး တည်ပေးပါ
  • ဆီပြန်ကာနီး ရေနည်းနည်းကျန်ချိန်မှာ မဆလာအုပ်ပြီး အရသာမြည်းပါ
  • လိုအပ်သလို ပြင်ပေးပြီး ဆီပြန်လာပါက ကြက်အသည်း ဆီပြန်ဟင်းမွှေးမွှေးလေး ရပါပြီ
ကြက်အသည်းဟင်းကို ငံပြာရည် မသုံးထားပါ ငံပြာရည်သုံးပါက သံဓါတ်အနံ့ကို ပိုပြီးပြင်းစေပါတယ်။

Tom Yum Soup


ဒီနေ့တော့ Tom Yum ဟင်းရည်လေး လုပ်သောက်ဖြစ်သွားပါတယ် ဆိုင်မှာသွားဝယ်ရင် တပွဲ $13 ပေးရတာမို့ မတန်ဘူး ထင်တာနဲ့ သုန့်ယမ်းအနှစ်ပုလင်းရယ် လိုတာလေးတွေရယ်ဝယ်ပြီး ပြင်ဆင်ချက်ပြုပ်လိုက်တော့လဲ ပြင်ဆင်ချိန်ရော ချက်ပြုပ်ချိန်ပါ ၁၅မိနစ်တောင် မကြာတာမို့$13 မကုန်ဘဲ ၀ ၀လင်လင် စားရသလို ဆိုင်ကအရသာထက် ပိုပြီးကောင်းလို့တောင် နေပါသေးတယ်။

မိသားစုအတွက် ကိုယ်တိုင်ချက်ပြုပ် ပြင်ဆင်ပေးရတဲ့ ပီတိဟာ ဘာနဲ့မှ မတူပါဘူး မေတ္တာ စေတနာ အရင်းခံတဲ့ ဟင်းတစ်မယ်မို့လို့ များစွာသော ပီတိများကို ရစေတာ အမှန်ပါဘဲ။

ပါဝင်ပစ္စည်းများ

  1. Tom Yum ဟင်းချက်အနှစ် - ထမင်းစားဇွန်း ၄ဇွန်း
  2. ရေ - တရုတ်ဟင်းရည်သောက် ပန်းကန် နှစ်လုံး
  3. ပုဇွန်ထုတ် - ၇ကောင် ( အမြှီး ခေါင်း အခွံခွာ ကြောမှ အမဲကြောင်း ထုတ်ထားပါ )
  4. ကင်းမွန်လှီးပြီးသား - ၈ခု( ကင်းမွန်ကို ရေစင်အောင်တေးပြီး ပြောင်းပြန်လှန်ကာ ကန့်လန့် အစောင်း အရာပေးပြီး အနေတော် လှီးထားပါ )
  5. ဂဏန်းသား - ၈ခု (အနေတော် လှီးထားပါ )
  6. ပဲပြား  - ၂တုံး ( ကြော်ပြီးသား ပဲပြားကို အနေတော် လှီးထားပါ)
  7. Fish cake. - ၅ခု (fish cake ကို အနေတော် လှီးထားပေးပါ )
  8. မုံ့ညှင်းစိမ်း - အနည်းငယ် (ရေဆေးပြီး လက်တစ်ဆစ်လောက် အနေတော်ရအောင် လှီးထားပါ )
  9. မုံ့ညှင်းဖြူ - အနည်းငယ် (ရေဆေးပြီး လက်တစ်လုံးလောက် အနေရအောင် လှီးထားပါ )
  10. ရွှေပဲသီး - ၅တောင့် (ရေဆေးပြီး အကြောသင်ပေးထားပါ )
  11. မုံလာဥနီ  - အနည်းငယ် ( ရေဆေးပြီး ပန်းပွင့်ပုံ လှီးထားပေးပါ)
  12. ပဲပင်ပေါက် - အနည်းငယ်  (ရေဆေးပြီး စစ်ထားပါ)
  13. ကြာစွယ် - ၃ခု
  14. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  15. အရသာမှုန့်-  လက်ဖက်ရည်ဇွန်း တစ်ဝက်
  16. ဆန်ကြာဇံ အကြည် - 50 g ကို ရေစိမ်ထားပါ
  17. နှစ်သက်ရာ အသီးအရွက်များ ထပ်မံပြီး ထည့်နိုင်ပါသေးတယ်
  18. အခုပြင်ဆင်ထားသလောက်ဆိုရင် ပွဲကြီး ၂ပွဲစာ မိသားစု ၆ယောက်လောက် ကောင်းကောင်းစားနိုင်ပါတယ်
  19. မိသားစုနည်းရင် လိုအပ်သော အစာများကို လျော့ပြီးပြင်ပေးပါ

ချက်ပြုပ်ပုံ
  • အရင်ဆုံး ဇောက်နက်နက် အိုးထဲ ရေထည့်ပြီး ရေဆူအောင် တည်ပေးပါ
  • ရေဆူလာပါက ပုဇွန် ဂဏန်းချောင်း fish cake ဆားတို့ထည့်ပြီး ၂မိနစ်လောက် တည်ပေးပါ
  • ပြီးတာနဲ့ တုန်ယမ်းအနှစ်နှင့် မုံလာဥနီကို ထည့်ပြီ မိနစ်ဝက်လောက် ရေဆူပါစေ
  • ပြီးတာနဲ့ မုန့်ညှင်းဖြူ မုန့်ညှင်းစိမ်း အရသာမှုန့် ကြာဇံ ပဲပြား ကြာစွယ်တို့ထည့်ပြီး တမိနစ်လောက် ရေဆူပါစေ
  • အားလုံးပြီးတာနဲ့ကြာဇံ ရွှေပဲသီး ပဲပင်ပေါက်နှင့် အရသာမှုန့်ထည့်ကာ မိနစ်ဝက်လောက် ရေဆူပြီးတာနဲ့ ချဉ်ငံစပ် Tom Yum ဟင်းရည်ချဉ်စပ်လေးကို စားသုံးနိုင်ပါပြီ    
  • အချဉ်ပိုကြိုက်လျှင် သံပုရာရည် အနည်းငယ် ထည့်သောက်နိုင်ပါတယ်။ 




Monday 20 July 2015

ချဉ်ငံစပ် ကြမ်မဆိုင်ကြော်





ဒီနေ့တော့ ထမင်းမြိန်စေမဲ့ ကြမ်မဆိုင် ချဉ်ငံစပ်ဟင်းလေးနဲ့ မိတ်ဆက်ပေးပါမယ် ရာသီဥတုအပေါ် အကုန်ပုံချပြီး နကိုထဲက အစပ်ကြိုက်တဲ့ မာမာတစ်ယောက် ရာသီဥတု အေးလို့ အစပ်လေးတွေဘဲ ချက်ဖြစ်ခဲ့ပါတယ်။

ဒီနေ့တော့ ကြမ်မဆိုင်ကို ခပ်ကြမ်းကြမ်းလှီးပြီး ပန်းဂေါ်ဖီ မုံလာဥနီ ကြက်သွန်ဖြူ ကြက်သွန်နီ ငရုတ်သီး အကြမ်းဖတ်လေးတွေ အခြေခံပြီး စပ်စပ်လေး ကြော်ထားပါတယ် ထမင်းမြိန်ဆေးလေး ဆိုရင်လဲ မမှားဘူးပေါ့ရှင်။

ပါဝင်ပစ္စည်းများ

  1. ကြမ်မဆိုင် - တရုတ်ဟင်းပြင်ပန်းကန် တစ်လုံးစာ
  2. ပန်းဂေါ်ဖီ - တရုတ်ဟင်းပြင် ပန်းကန် တစ်ဝက်သာသာ
  3. မုံလာဥနီ - တရုတ်ဟင်းပြင် ပန်းကန် တစ်ဝက်သာသာ
  4. ငရုတ်သီး လုံးခြမ်းခွဲ - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  5. ကြက်သွန်နီ - အနေတော် တစ်လုံး
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ
  7. ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဇွန်း
  8. ဆီ - ထမင်းစားဇွှန်း လေးဇွန်း
  9. ဗနီကာ - ထမင်းစားဇွန်း တစ်ဇွန်း
  10. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြင်ဆင်ပုံ
  • ကြမ်မဆိုင်ကို ခပ်ကြမ်းကြမ်း လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ရှစ်စိပ်စိပ်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ အနေတော် စိပ်ထားပါ
  • မုံလာဥနီကို ရေဆေးပြီး ပန်းပွင့်ပုံဖော်ပြီး လှီးထားပါ
  • ပန်းဂေါ်ဖီကို ရေဆေးပြီး အနေတော် အခက်လေးများရအောင် လှီးထားပါ
  • ဆီ ပဲငံပြာရည်အကြည် ဗနီကာ အရသာမှုန့် ငရုတ်သီးမှုန့်တို့ကို ပြင်ထားပါ
ချက်ပြုပ်ပုံ
  • ဇောက်နက်ပြီး အောက်ခြေမကပ်သော အိုးတစ်လုံးကို အပူပေးပါ
  • အိုးပူလာတာနဲ့ ဆီထည့်ပြီး ကြက်သွန်နီကို မိနစ်ဝက်လောက် ကြော်လိုက်ပါ
  • ပြီးတာနဲ့ ငရုတ်သီးမှုန့်ထည့်ပြီး မွှေးလာအောင် ကြော်ပေးပါ
  • ငရုတ်သီးနံ့ မွှေးလာတာနဲ့ မုံလာဥနီနှင့် ပန်းဂေါ်ဖီကို ထည့်ကာ ပဲငံပြာရည်အကြည် အရသာမှုန့်တို့ထည့်ပြီး မိနစ်ဝက်ခန့် ကြော်ပေးပါ
  • ပြီးတာနဲ့ ကြမ်မဆိုင်ကိုထည့်ပြီး ဗနီကာထည့်ကာ တစ်မိနစ်လောက် မွှေပေးပါ
  • အားလုံးပြီးတာနဲ့ အရသာမြည်းပြီး လိုအပ်သလိုပြင်ပေးပါ
  • တစ်ခါတရံ ကြမ်မဆိုင်ရွက်များက ချဉ်ပြီး အငံပိုတတ်တဲ့အတွက်အငံအရသာကို လိုအပ်သလို ချင့်ချိန်ပြီး ထည့်ပေးပါ
  • အရသာ မြည်းပြီးပါက ကြက်သွန်ဖြူ  ထည့်မွှေကာချဉ်ငံစပ် ကြမ်မဆိုင်ဟင်းကို စားသုံးရန် ပြင်နိုင်ပါပြီ။

Tuesday 14 July 2015

My Little Garden

မုန့်ညှင်းပင်

Kale

Kale

ရွှေပဲ




ခရမ်းသီးပင်




Sunday 12 July 2015

ငါးပေါင်းချဉ်စပ်


ဒီနေ့တော့ တနင်္ဂနွေနေ့မှာ သားအမိ သားအဖ ၃ယောက် အိမ်မှာ ရှားရှားပါးပါး အားလပ်ရက်လေး ဆုံကြတယ် ဒါကြောင့်မို့ ထမင်းမိန်မိန် စားကြဖို့ရာ မနေ့က ၀ယ်လာတဲ့ ငါးလေးကို ပေါင်းလိုက်ပါတယ်။

မာမာက ငါးပေါင်းတဲ့အခါ ပေါင်းအိုးသုံးရင် မြန်မှန်းသိပေမဲ့ စပါးလင်ခင်းပြီး ရိုးရိုးအိုးလေးနဲ့ ပြုပ်ပြီး ချက်ရတာကို ပိုပြီးသဘောကျလို့ ရိုးရိုးအိုးလေးနဲ့ဘဲ ချက်လိုက်ပါတယ်။

မီးရှိန်ပြင်းပြင်းနဲ့ ရေခမ်းတိုင်း ရေထပ်ထပ်ထည့်ပြီး ၄နာရီလောက် တည်ထားကာ အရိုးနူးအိနေတဲ့ ငါးပေါင်းဟင်း ချက်နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ငါးတကောင် 500 g (ပင်လယ်ငါးကို သုံးထားပါတယ် )
  2. သံမယိုသီး - တစ်လုံးနှင့်တစ်ခြမ်း
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. ငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  7. ခရမ်းချဉ်သီး - အလုံးကြီးကြီး ၂လုံး
  8. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  9. ကြက်သွန်နီ - ဉအသေး ၅လုံး
  10. ကြက်သွန်နီ - အနေတော် တစ်လုံး
  11. ငရုတ်သီး အရောင်တင်မှုန့် -  လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  12. ချင်း - လက်တစ်ဆစ်ခန့်
  13. ဆီ - ထမင်းစားဇွန်း ၄ဇွန်း
  14. စပါးလင်အရွက် - လက်တစ်ဆုတ်စာသာသာ

ပြင်ဆင်ပုံ
  • ငါးကို အကြေးခွံခွာပြီး အူကလီစာများ ထုတ်ကာ ခပ်ထူထူပိုင်းပြီး ရေစင်အောင်ဆေးပါ
  • ငါးကို ဆား ငံပြာရည် အရသာမှုန့် နနွင်းမှုန့်နှင် သံပုရာညှစ်ကာ ဖိဖိပြီး ဆုတ်ဆုတ်နယ်ပေးပါ
  • ငါးပြုပ်မည့်အိုး အတွင်းအောက်ခြေမှာ စပါးလင်ကိုခင်းပြီး စပါးလင်အပေါ်မှာ ငါးများစီပြီး တင်ပေးပါ
  • ရေကို ငါးအပေါ်မြုပ်အောင်ထည့်ပြီး မီးပြင်းပြင်းနဲ့ ပြုပ်ပေးပါ
  • ငါးပြုပ်ရည် ခမ်းပါက ရေထပ်ထပ်ထည့်ပြီး ၄နာရီလောက် ပြုပ်းပေးပါ
  • ငါးအရိုးနူးလာပါက စပါးလင်ဖတ်များ ဖယ်ကာ ရေမြုပ်အောင် ထပ်ထည့်ပြီး မီးအရှိန်နည်းနည်းလျော့ထားပါ
  •  ကြက်သွန်နီကို အလုံးလိုက် အခွံခွာပြီး ရေဆေးကာ ငါးပြုပ်အိုးထဲထည့်ပေးပါ
ငရုတ်သီးဆီသတ်ရန်
  • ကြက်သွန်နီတလုံး ချင်း ကြက်သွန်ဖြူတို့ကို ညက်အောင်ထောင်းပြီး ဆီကို အပူပေးကာ ဆီပူလာပါက ထည့်ပြီး ဆီသတ်ပေးပါ
  • ကြက်သွန်များ နွမ်းလာပါက ငရုတ်သီးမှုန့်ထည့်ပြီး မွှေးလာအောင် ဆီသတ်ပေးပါ
  • ပြီးတာနဲ့ ငါးပြုပ်အိုးထဲ လောင်းထည့်ပေးပါ
  • ငါးပြုပ်အိုးကို ဆက်တည်ပေးပါ 
  • ရေပွက်ပွက်ဆူလာပြီး ကြက်သွန်နီ အလုံးများ နူးလာတာနဲ့ ခရမ်းချဉ်သီးကို လေးစိတ်စိတ်ပြီး အိုးထဲထည့်ပေးပြီး ဆက်တည်ပါ
  • ရေအနေတော်ထားပြီး ခရမ်းချဉ်သီး နွမ်းလာတာနဲ့ အရသာမြည်းပြီ လိုသလို ပြင်ပေးကား စားသုံးရန် ပြင်နိုင်ပါပြီ။

Saturday 11 July 2015

ကြက်ကလီစာအစာသွပ် အာလူးကတ်တလိတ်ကြော်








ဒီနေ့တော့ ကြက်ကလီစာ အစာသွတ် အာလူးကတ်တလိတ်လေး လုပ်စားဖြစ်ပါတယ် အရသာ လျှာကသိဆိုသလိုဘဲ အသားလေးပါတော့ အရသာက တစ်မျိုးကောင်းတယ်ပေါ့နော် စားကောင်းလွန်းလို့ မာမာလုပ်ထားတဲ့ နည်းလေး ပြောပြချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. မြေနီအာလူး - 700 g
  2. အကြော်မှုန့် - 100 g
  3. ကြက်အသည်း - သုံးခု
  4. ကြက်အမြစ် - သုံးခု
  5. ကြက်နှစ်လုံး - ကိုးခု
  6. ကြက်ရင်ပုံသား - 150 g
  7. ကြက်သွန်နီ - အနေတော် တစ်လုံး
  8. ကြက်သွန်ဖြူ  - အမွှာကြီးကြီး သုံးမွှာ
  9. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (နှစ်မျိုးခွဲသုံးပါ)
  10. အရသာမှုန့် - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း (နှစ်မျိုးခွဲသုံးပါ)
  11. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (နှစ်မျိုးခွဲသုံပါ)
  12. ချင်း - လက်တစ်ဆစ်ခန့်
  13. နံနံပင် - မိမိနှစ်သက်သလောက်ထည့်ပါ
  14. ဆီ - လိုသလောက်သုံးပေးပါ 
  15. ကြက်ဥ - တစ်လုံး

အာလူးပြင်ဆင်ပုံ
  • မြေနီအာလူး အစေးသီးကို ရေစင်အောင်ဆေးပါ
  • ဇောက်နက်သော အိုးထဲမှာ အာလူးကို ရေမြုပ်အောင်ထည့်ပြီး နူးအောင်ပြုပ်ကာ အခွံခွာထားပါ
  • အခွံခွာထားသော အာလူးကို အကြော်မှုန့် ဆား လက်ဖက်ရည်ဇွန်း တစ်ဝက် အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက် နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်နှင့် ကြက်ဥအကာတို့ထည့်ကာ အားလုံးကို သမအောင်ချေပြီးမှ အားလုံးကို စေးပိုင်လာအောင် နယ်ပေးပါ
အစာသွပ်လုပ်ရန် ပြင်ဆင်ပုံ
  • ကြက်နှစ်လုံး ကြက်အမြစ် ကြက်သားတို့ကို သန့်စင်အောင်ဆေးကြောကာ ဆား လက်ဖက်ရည်ဇွန်း တစ်ဝက် နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက် အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်တို့နှင့်နယ်ကာ နာနတ်ပွင့်နှင့် ချင်းထည့်ကာ ရေမြုပ်အောင်ထည့်ပြီး ရေခမ်းတဲ့အထိ တည်ပေးပါ
  • ရေခမ်းပါက အအေးခံပြီး ခပ်နုတ်နုတ်လေးတွေ လှီးပေးပါ
  • ကြက်သွန်နီနှင့် ကြက်သွန်ဖြူတို့ကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • နံနံပင်ကို ရေဆေးပြီး ခပ်နုတ်နုတ် လှီးထားပေးပါ
  • ဒယ်အိုးထဲမှာ ဆီ ထမင်းစားဇွန်း ၂ဇွန်းကို ထည့်ပေးပြီး အပူပေးပါ
  • ဆီပူလာတာနဲ့  ကြက်သွန်ဖြူ နှင့် ကြက်သွန်နီကိုထည့်ပြီး နွမ်းရုံလေး ကြော်လိုက်ပါ
  • ကြက်သွန်များ နွမ်းတာနဲ့ လှီးထားသော အသည်းအမြစ်များကိုထည့်ပြီး ဆီသတ်ပေးပါ
  • သုံးမိနစ်လောက် မွှေကြော်ကြော်ပေပြီး အအေးခံထားပါ
အစာသွပ်ပုံ
  • အရင်ဆုံး လက်ဝါးနှစ်ဖက်ကို ဆီသုတ်ပေးပါ
  • အရသာ နယ်ထားသော အာလူးကို ထမင်းစားဇွန်း ၃ဇွှန်းစာလောက်ယူပြီး လက်ဝါးနှစ်ဖက်ကြားထည့်ကာ  အလုံးလေး လုံးလာအောင် လှိမ့်ပေးပါ
  • အာလူးလုံးလေးရပါက လက်ဝါးနှစ်ဖက်ကြားညှပ်ကာ ပြားပြီး ခွက်ပုံစံလေး ရအောင်လုပ်ပေးပါ
  • ထို ခွက်လေးထဲကို ကြက်သားအစာ ထမင်းစားဇွန်း တစ်ဇွန်းထည့်ပြီး အပေါ်က နံနံပင် အနည်းငယ်ပုံကာ ဘေးသားများနှင့် အစာကိုအုပ်ပြီး လုံးပေးပါ
  • အာလူးကုန်တဲ့ထိ အစာထည့်ပြီး လုံးပေးပါ
  • အာလူးကတ်တလိတ် ငါးလုံးစာ ရပါမယ်
  • အစာများ ပိုနေပါက ပိုနေတဲ့အစာကို ထမင်းနဲ့စားနိုင်ပါတယ်
  • အားလုံးပြီးတာနဲ့ ဒယ်အိုးထဲကို ဆီများများ ထည့်ပေးပြီး အပူပေးပါ
  • ဆီပူလာပါက မီးကို အလယ်လောက်ထိလျော့ပြီးမှ အာလူးအစာသွပ်ကို ထည့်ကြော်ပါ
  • အာလူးကတ်တလိတ် အစာသွပ် တစ်လုံးလုံး အကျက်ညီစေရန် မကြာမကြာ လှည့်လှည့်ပေးပါ
  • အာလူးကတ်တလိတ် အစာသွပ် ရွှေဝါရောင် သန်းလာပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားပါက အရသာရှိသော ကြက်ကလီစာ အာလူးကတ်တလိတ်လေး ရပါပြီ။

Thursday 9 July 2015

အာလူးကတ်တလိတ်ကြော်







ဒီနေ့မနက်တော့ သတ်သတ်လွတ် အာလူးကတ်တလိတ် မွှေးမွှေးလေး ကြော်စားဖြစ်ပါတယ် နံနံပင်နံ့မွှေးမွှေးလေးနဲ့မို့ အင်မတန်မှ စားလို့ကောင်းလွန်းလို့ မျှဝေပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
  1. အားလူး - 700 g 
  2. တန်ပူရာအကြော်မှုန့် - 100 g
  3. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် 
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  6. နံနံပင်- ၅ပင်ခန့်
  7. ဆီ - လိုသလောက်
  8. ကြက်ဥ - တစ်လုံး
  9. ဆီ - အနည်းငယ် (လက်ကိုသုတ်ရန်)
ပြင်ဆင်ပုံ
  • မြေနီအာလူး အာလူးအစေးသီးကို ရေစင်အောင်ဆေးပြီး အခွံမခွာဘဲ နူးနေအောင် ပြုပ်ပေးပါ
  • မိုက်ခဝေ့ မီးဖိုနှင့်ပြုပ်ပါက ရေ အနည်းငယ်ထည့်ပြီး ၁၂မိနစ်နစ်ခန့် ပြုပ်ပေးပါ
  • နံနံပင်ကို ရေဆေးပြီး ရေစစ်ထားကာ အနေတော်အရွယ် လှီးထားပေးပါ
  • အာလူးနူးပါက အအေးခံပြီး အခွံခွာပေးပါ
  • အခွံခွာပြီးသား အာလူးကို စတီးဇလုံ တစ်လုံးထဲထည့်ပြီး ဆား အရသာမှုန့် တန်ပူရာမှုန့် နနွင်းမှုန့်တို့ထည့်ပြီး အာလူးကျေအောင်ချေကာ နယ်ပေးပါ
  • အာလူးကျေသွားပါက ငရုတ်ကျီပွေ့နှင့် ငရုတ်ဆုံ မရှိက ဇလုံထဲမှာဘဲ စေးပိုင်လာတဲ့ထိ ထောင်းပေးပါ
  • အာလူးများ စေးပိုင်လာပါက ကြက်ဥအကာနှင့် နံနံပင်တို့ သမသွားအောင် ထည့်နယ်ပေးပါ
  • ပြီးတာနဲ့ ထမင်းစားဇွန်း တစ်ဇွန်းစာယူပြီး လက်နှင့်ဆုတ်လုံးပေးပါ
  • အားလုံးဆုတ်လုံးပေးပြီးပါက လက်ဝါးနှစ်ဖက်ကို ဆီသုတ်ပေးကာ အာလူးလုံး တစ်လုံးချင်းယူကာ လက်ဝါးနှစ်ဖက်ကြားထည့်ပြီး ၀ိုင်းသွားအောင် လုံးပေးပါ
  • အာလူးလုံးလေးများ အဆင်သင့်ဖြစ်ပါက ဆီကို ဒယ်အိုးထဲထည့်ပြီး အပူပေးပါ
  • ဆီပူလာပါက အာလူးလုံးလေးများ မထည့်ခင် မီးကို အလယ်လောက်ထိ လျော့ပေးပါ
  • မီးလျော့ပြီးမှ အာလူးလုံးများကို တစ်လုံးခြင်းထည့်ပြီ ကြော်ပေးပါ
  • တစ်ဖက်ရွှေဝါရောင် သန်းလာပါက နောက်တစ်ဖက်ကို လှန်ပေးပါ
  • အာလူးကတ်တလိတ်ကြော် တစ်လုံးလုံး ရွှေဝါရောင်သန်းလာပါက ဆယ်ပြီး ဆီစစ်ပေးပါ
  • ဆီစစ်သွားပါက နံနံပင်နံ့မွှေးမွှေးလေးနဲ့ သတ်သတ်လွတ်အာလူး ကတ်တလိတ်လေးကို စားသုံးနိုင်ပါပြီ။

Wednesday 8 July 2015

ဆန်ပြမ်းဘိန်းမုန့်

 






ဒီနေ့တော့ မာမာ အိုးလေး ဘိန်းမုန့်လုပ်ပါတယ် ရာသီဥတု အေးချိန်လေးမှာ ချက်ခြင်းလုပ်တဲ့ ပူပူနွေးနွေး မုန့်လေးတွေဘဲ စားချင်နေတာမို့ တနေ့တမျိုး မရိုးရအောင်ကို လုပ်စားနေမိပါတော့တယ်။

မြန်မာပြည်ကိုလဲ အလွမ်းပြေစေ အရသာရှိတဲ့ မုန့်လေးလဲ စားရလေအောင် မာမာပြင်ဆင်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ




  1. ဆန်မှုန့် - 1 cup
  2. နွားနို့ - 3/4 cup
  3. အုန်းနို့ - 3/4 cup
  4. ဆား - လက်ဖက်ရည်ဇွန်း ၃ပုံတစ်ပုံ
  5. ဆိုဒါ - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. နှမ်း - အနည်းငယ်
  7. ထက်ခြမ်းခြမ်းထားသော မြေပဲအစိမ်း - အနည်းငယ်
  8. အုန်းသီးစိတ် - အနည်းငယ်
  9. ဘိန်းစေ့ - အနည်းငယ်ေ
  10. ထောပတ် - ထမင်းစားဇွန်း ၅ဇွန်းခန့်
  11. ကြက်ဥ - တစ်လုံး
  12. သကြား - ထမင်းစားဇွန်း ၂ဇွန်း အချိုကြိုက်လျှင် ၃ဇွန်းထည့်ပါ
  13. မကပ်သောဒယ်အိုး - အသေးတစ်လုံး
ပြင်ဆင်ပုံ
  • ဆန်မှုန့် နွားနို့ အုန်းနို့ ဆိုဒါ ဆားတို့ကို ရောမွှေပြီး တနာရီလောက် ဖောက်ထားပေးပါ
  • မုန့်ဖောက်ပြီးတာနဲ့ ကြက်ဥနှင့် သကြားကို ရောမွှေပြီး မုန့်နှစ်ထဲ ရောခလောက်ပေးပါ
  • နှမ်း မြေပဲ အုန်းသီး ဘိန်းစေ့ ထောပတ်တို့ကို အဆင်သင့် ပြင်ပေးပါ
  • ဒယ်အိုးကို အပူပေးပါ အိုးပူလာတာနဲ့ မီးကို နံပါတ်၂လောက်သို့ လျှော့လိုက်ပြီး ထောပတ်ကို ထည့်ပါ
  • ထောပါတ်ပူလာတာနဲ့ မုန့်နှစ်ရည်ကို ယောက်ချိုဇွန်း တဇွန်းစာ ခပ်ထည့်ကာ အဖုံးအုပ်ပေးပါ
  • မုန့်သားပွတက်လာတာနဲ့ နှမ်း မြေပဲ အုန်းသီးစိတ် ဘိန့်စေ့ဖြူးပြီး အဖုံးပြန်အုပ်ပေးပါ
  • မုန့်သားအရောင် ကြည်လာတာနဲ့ မုန့်အပေါ်ကို ထောပတ်အနည်းငယ် သုပ်ပြီး တဖက်ကို လှန်ကာ အဖုံးပြန် အုပ်ပေးထားပါ
  • မိနစ်ဝက်လောက် ပြည့်တာနဲ့ ဘိန်းမုန့် မွှေးမွှေးစိမ့်စိမ့်လေး ရပါပြီ
  • ကျန်မုန့်နှစ်များကို မုန့်နှစ်ကုန်တဲ့အထိ အထက်ပါ နည်းအတိုင်း ဆက်လုပ်ပေးပါ
  • မုန့်လေးခုစာ ရပါလိမ့်မယ် မုန့်များအားလုံး လုပ်ပြီးပြီဆိုရင်တော့ အချိုပွဲအတွက် ဘိန်းမုန့်မွှေးမွှေးလေးကို ပြင်ပေးနိုင်ပါပြီ။

Saturday 4 July 2015

ကြက်သားပေါင်း







ဒီနေ့တော့ ကြက်သားပေါင်းလေး ပေါင်းဖြစ်ပါတယ် အသားအတိုင်း ချက်ရတာ ညီးငွေ့လာတော့ တမျိုးပြောင်းပြီး ပေါင်းဖြစ်သွားပါတယ်။

တရုတ်စားသောက်ဆိုင်က ဝယ်စားတဲ့ ၀က်သားပေါင်း အရသာအတိုင်း ရတာမို့ စားရတာ အင်မတန် ကောင်းလှပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်တဲ့ နည်းလေးကို မျှ ဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ကြက်ပေါင် - 500 g
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  4. ဂျုံမှုန့် - ထမင်းစားဇွန်း ၄ဇွန်း
  5. ကြက်သွန်နီ - အနေတော် ၂လုံး
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၆မွှာ
  7. ချင်း - လက်တဆစ်ခန့်
  8. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  9. ကြက်ဥ - ၂လုံး

ပြင်ဆင်ပုံ
  • ကြက်ပေါင်ကို ရေစင်အောင်ဆေးပြီး ရေစစ်ကာ အရိုးများဖယ်၍ နုတ်နုတ်စင်းပေးထားပါ
  • ကြက်ဥကို ပန်းကန်တလုံးထဲမှာ ဖောက်ထည့်ပြီး ခလောက်ပေးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေစင်အောင်ဆေးကာ ခပ်နုတ်နုတ် လှီးပေးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာကာ ရေဆေးပြီး ဓါးပြားရိုက်ကာ ခပ်နုတ်နုတ် လှီးပေးထားပါ
  • ငရုတ်ကောင်းကို မှုန့်နေအောင် ထောင်းပေးထားပါ
  • ချင်းကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းပေးထားပါ
  • ဇလုံတလုံးထဲမှာ ကြက်သား ချင်း ဆား အရသာမှုန့် ဂျုံမှုန့်နှင့် ငရုတ်ကောင်းမှုန့် တို့ထည့်ပြီး အရသာဝင်အောင် ရောပြီးနယ်ပေးပါ
  • အားလုံးနယ်ပြီးပါက ကြက်သွန်နီ ကြက်သွန်ဖြူ နှင့် ခလောက်ထားသော ကြက်ဥများ ထည့်ပြီး မွှေပေးပါ
  • အားလုံးပြီးတာနဲ့ ပန်းကန်လုံး တခုထဲ ပြောင်းပြီးထည့်ကာ ရေခဲသေတ္တာထဲမှာ အနည်းဆုံး ၂နာရာရီခန့် ထည့်ထားပေးပါ။
ပေါင်းနည်း

  1. နှပ်ထားသော ကြက်သား အရာသာနယ်များကို ပေါင်းမည့် ပန်းကန်ထဲသို့ ပြောင်းထည့်ပေးပါ
  2. ပေါင်းအိုးအောက်ခံအိုးကို ရေ တ၀က်သာသား ထည့်ပြီး ဆူအောင်တည်ပေးပါ
  3. ရေဆူလာပါက ပေါင်းဇကာထဲကို ကြက်သားပန်းကန်လေးများ ထည့်ပြီး ပေါင်းခံရေနွေးအိုးပေါ်တင်ပေးပါ
  4. ပေါင်းဇကာကို အဖုံးအုပ်ပြီး ၄၅မိနစ်ခန့် ပေါင်းပေးပါ
  5. ပေါင်းချိန် ၄၅မိနစ် ပြည့်ပါက ကြက်သားပေါင်း မွှေးမွှေးလေးကို စားသုံးရန်အတွက် ပြင်ဆင်ပေးလို့ ရပါပြီ။

Friday 3 July 2015

မန္တလေးပဲကြော် မွမွအိအိလေး



ကောက်ညှင်းမှုန့် ပဲ ချင်း ကြက်သွန်ဖြူ

ဇလုံကျယ်ကျယ် တလုံးထဲထည့်ပြီး ရောနယ်ပါ

ကြော်ပြီး သုံးဆောင်ရန် အသင့်ရပါပြီ

ဒီနေ့တော့ မန္တလေးပဲကြော်လေး ကြော်စားဖြစ်ပါတယ် အရင်ကြော်နည်းကို ပုံစံတစ်မျိုးပြောင်းပြီး ကြော်ထားပါတယ်။

 ကောက်ညှင်းမှုန့်ထဲ ဆန်မှုန့်မရောဘဲ ပဲကိုပိုပြီး ထည့်လိုက်တဲ့အတွက် ကောက်ညှင်းသား အိအိမွှေးမွှေးလေး ဖြစ်သွားတဲ့အတွက် ပိုပြီးတော့လဲ စားလို့ကောင်းသွားတဲ့အတွက် မာမာပြင်ဆင်တဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကောက်ညှင်းမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး
  2. ပြုပ်ပြီးသား Red  Kidney  Beans - 240 g တစ်ဗူး
  3. ချင်း - တစ်လက်မခန့်
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၇မွှာ
  5. ဆီ -  လိုသလောက် သုံးပေးပါ
  6. မန်ကျည်းသီးမှည့် အနှစ် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  8. ငရုတ်သီး အလှော်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  9. ငရုတ်သီးစိမ်း - စားနိုင်သလောက်
  10. နံနံပင် - အပင်ကြီးကြီး နှစ်ပင်
  11. ငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  12. ကြက်သွန်ဖြူ  - အမွှာကြီးကြီး သုံးမွှာ
  13. ရေခပ်နွေးနွေး - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
ပြင်ဆင်ပုံ
  • ဇလုံကျယ်ကျယ် တစ်လုံးထဲမှာ ကောက်ညှင်းမှုန့်ကို ထည့်ထားပါ
  • ပြုပ်ပြီးသား ပဲများကို အရည်များ ဖယ်ထားပါ
  • အရည်ဖယ်ထားသောပဲကို ဇလုံတစ်ခုထဲမှာထည့်ပြီး မညက်တစ်ညက် ချေထားပါ
  • ချင်းကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တစ်ညက် ထောင်းပေးပါ
  • အားလုံး အဆင်သင့်ဖြစ်ပါက ကောက်ညှင်းမှုန့်ထည့်ထားသော ဇလုံထဲမှာ ချေထားသောပဲ ထောင်းထားသော ချင်း ထောင်းထားသော ကြက်သွန်ဖြူ  ဆားနှင့် အရသာမှုန့်တို့ကို ထည့်ပေးပါ
  • ပဲဗူးထဲမှ ဖယ်ထားသော ပဲပြုပ်အရည်ကိုလဲ ကောက်ညှင်းထည့်ထားသော ဇလုံထဲသို့ နည်းနည်းချင်း ထည့်ပေးကာ သမသွားအောင် နယ်ပေးပါ
  • ကောက်ညှင်းဆန် အပျော့အမာပေါ် မူတည်ပြီး ပဲပြုပ်အရည်ကို လိုတိုးပိုလျှော့ လုပ်ပြီး ထည့်နယ်ပါ
  • မုန်းသား ပျော့ပြီး စေးလာပါက နှစ်နာရီလောက် နှပ်ထားပါ
  • မုန့်သားနှပ်ထားချိန် ပြည့်တော့မှ ကြော်ပေးပါက ကြော်နေစဉ် ကောက်ညှင်းသား ဆီမပေါက်မှာ ဖြစ်ပါတယ်
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာပါက မီးကိုအနေတော်လောက်အထိ လျှော့ပေးပါ
  • ပြီးတာနဲ့ မုန့်သားကို ထမင်းစားဇွန်း တစ်ဇွန်းခွဲစာယူပြီး အရင်ဆုံး လက်နဲ့ဆုတ်ပြီး လုံးပေးပါ 
  • ပြီးမှ လက်ဝါးပေါ်တင်ပြီး ထူထူပြားပြားလေးလုပ်ကာ ဆီအိုးထဲထည့်ပြီး  ကြော်ပေးပါ
  • အိုးဆန့်သလောက် ထည့်ကြော်ပေးပြီး တစ်ဖက်ကျက်ရင် တစ်ဖက်ကို လှန်ပေးပါ
  • နှစ်ဖက်လုံး မုန့်သားကျက်လာပါက ဆယ်ပြီးဆီစစ်ပေးပါ
အချဉ်စပ်နည်း
  • မကျီးသီးမှည့် အနှစ် လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို ရေနွေးနွေးလေးနဲ့ဖျော်ပါ
  • ငရုတ်သီးအလှော်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • ငံပြာရည် ထမင်းစားဇွန်း နှစ်ဇွန်း
  • ကြက်သွန်ဖြူ  အမွှာကြီးကြီး ၃မွှာကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းပြီးထည့်ပါ
  • ငရုတ်သီးစိမ်း စားနိုင်သလောက်ကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထည့်ပါ
  • နံနံပင်ကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထည့်ပါ
  • သကြား ထမင်းစားဇွန်း တစ်ဇွန်းထည့်ပါ
  • ရေနွေးနွေးလေး လက်ဖက်ရည် အကြမ်းပန်းကန် တစ်လုံးသာသာနှင့် ရောပြီးဖျော်ပေးပါ
  • ချိုချဉ်ငံစပ် အရသာ ကောင်းလှသော အချဉ်လေးရပါပြီ
မန္တလေး ပဲကြော်နှင့် တွဲဖက်ကာ ချိုချဉ်ငံစပ် အရသာကောင်းလှသော အချဉ်လေးနှင့် မိမိနှစ်သက်သလို စားသုံးနိုင်ပါပြီ။

Thursday 2 July 2015

အသီးအရွက် ဝမ်တုန်ကြော်



ဝမ်တုန်အရွက်ထုတ်

လိုအပ်သောပစ္စည်းများ

ရေစင်အောင်ဆေးပြီး အဆင်သင့် ပြင်ထားပေးပါ

ကြော်ပြီးပါက အအေးခံထားပါ

ဝမ်တုန်ရွက်ကို ထောင့်ချွန်းခင်းပြီး 
အလယ်မှာ အစာကိုပုံပေးပါ

အနားများကို ရေစွတ်ပြီး ခေါက်ပေးပါ

နှစ်သက်သည့် ပုံစံလေးများ ခေါက်ပေးပါ

တခုနှင့်တခု မကပ်စေရန် ခပ်ခွာခွာထားပေးပြီး
 ကြော်ရန်အဆင့်သင့်ဖြစ်သော ၀မ်တုန်ထုတ်များ 
ရပါပြီ။

ဒီနေ့တော့ အသားမစားတဲ့ သမီးအတွက် အသီးအရွက်တွေနဲ့ ၀မ်တုန်ကြော်လေး လုပ်ပေးဖြစ်ပါတယ် အသီးအရွက်လို့ဆိုပေမဲ့ အရသာရှိအောင် ပြင်ဆင်တတ်ရင် စားချင်စဖွယ်ဖြစ်သလို အဟာရလဲ ဖြစ်စေပါတယ် သတ်သတ်လွတ် စားတဲ့သူတွေအတွက် အဆင်ပြေစေမဲ့ ၀မ်တုန်ကြော်လေးမို့ ကြော်စားကြည့်စေချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. မုံလာဥနီ - ဥကြီးကြီး တစ်ဥ
  2. ကြက်သွန်နီ - အနေတော် တစ်လုံး
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  4. ချင်း - အနည်းငယ် (ထောင်းပြီးသား လက်ဖက်ရည်ဇွန်း တဇွန်း )
  5. ပဲတောင့်ရှည် - ၈တောင့်ခန့်
  6. ဂေါ်ဖီ - တစ်စိတ်
  7. ကြက်သွန်မိတ် - ၂ပင်
  8. မှို - ၄ပွင့်ခန့်
  9. ငရုတ်သီးစိမ်း - ၂တောင့်
  10. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  11. သကြား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  12. ပြောင်းကော်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  13. ပဲငံပြာရည် - အကြည် ထမင်းစားဇွန်း တဇွန်း
  14. ဆီ - ထမင်းစားဇွန်း ၂ဇွန်း
  15. နှမ်းဆီ - လက်ဖက်ရည်ဇွန်း တစ်ဝက်
  16. ဆီ - ကြော်ရန် လိုသလောက် (ဆီများများနှင့်ကြော်လျှင် ပိုပြီးစားကောင်းပါတယ် )
  17. ၀မ်တုန်အရွက် - ၂၀ရွက်ခန့်

ပြင်ဆင်ပုံ
  • မုံလာဥနီကို ခပ်သေးသေး လှီးထားပါ
  • ကြက်သွန်မိတ်ကို အနေတော် လှီးထားပါ
  • ဂေါ်ဖီကို ခပ်နုတ်နုတ် လှီးထားပါ
  • ကြက်သွန်နီကို ခပ်နုတ်နုတ် လှီးထားပါ
  • မှိုကို ခပ်နုတ်နုတ် လှီးထားပါ
  • ကြက်သွန်ဖြူကို ဓါးပြားရိုက်ပြီး ခပ်နုတ်နုတ် လှီးထားပါ
  • ငရုတ်သီးစိးကို ခပ်ပါးပါး လှီးထားပါ
  • ချင်းကို ညက်နေအောင် ထောင်းထားပါ
  • ပဲငံပြာရည် ဆား သကြား ပြောင်းကော်မှုန့် နှမ်းဆီ ဆီတို့ကို ပြင်ထားပေးပါ
  • အသီးအရွက်များ အားလုံးကို ရေဆေးကာ ရေစစ်ပြီးမှ လှီးပေးပါ
ပြုလုပ်ပုံ
  • ပါဝင်ပစ္စည်းများ အဆင်သင့် ဖြစ်ပြီဆိုတာနဲ့ ဆီ ထမင်းစားဇွန်း၂ဇွန်းကို အပူပေးပါ
  • ဆီပူလာတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းတို့ကို မိနစ်ဝက်လောက် အရင်ထည့်မွှေပါ
  • ပြီးတာနဲ့ မုံလာဥနီ ပဲသီး ဂေါ်ဖီ မှို ငရုတ်သီးစိမ်း ပဲငံပြာရည်အကြည် ဆား သကြား ပြောင်းကော်မှုန့်တို့ကို တခုပြီးတခု ဆက်တိုက် ထည့်ပြီး မွှေပေးပါ
  • ၃မိနစ်လောက် မွှေပြီးတာနဲ့နှမ်းဆီနှင့် ကြက်သွန်မိတ် ထည့်ပြီးမွှေကာ အအေးခံထားပေးပါ
  • ၀မ်တုန်ရွက် အထုတ်ကို အစာများ အအေးခံထားတုန်း ရေခဲသေတ္တာထဲမှ ထုတ်ပြီး ရေခဲပျော်အောင် အခန်းအပူချိန်အတိုင်း ထားပေးပါ
  • အစာများအေးသွားပါက ၀မ်တုန်ရွက်ကို ထောင့်ချွန်းခင်ပြီး အစာထမင်းစားဇွန်း တဇွန်းခန့်ပုံပြီး အနားများကို ရေစွတ်ကာ နှစ်သက်သည့်ပုံစံလေးများ ရအောင်ခေါက်ပေးပါ
  • ခေါက်ပြီးသားများ တခုနှင့်တခု မကပ်စေရန် ခွာထားပေးပါ
  • အားလုံးပြီးပါက ဆီကိုအပူပေးပြီး ဆီအရမ်းပူလာပါက မီးကို အနေတော်လျှော့ပြီးမှ ၀မ်တုန်အထုတ်လေးများကို ထည့်ကြော်ပါ
  • အားလုံး ရွှေဝါရောင်သန်းလာပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားပါက အရသာရှိသော အသီးအရွက် ၀မ်တုန်ကြော်များကို နှစ်သက်ရာ အချဉ်တို့နှင့် တွဲဖက်ပြီး စားနိုင်ပါပြီ