ဒီနေ့တော့ ကြက်ကလီစာ အစာသွတ် အာလူးကတ်တလိတ်လေး လုပ်စားဖြစ်ပါတယ် အရသာ လျှာကသိဆိုသလိုဘဲ အသားလေးပါတော့ အရသာက တစ်မျိုးကောင်းတယ်ပေါ့နော် စားကောင်းလွန်းလို့ မာမာလုပ်ထားတဲ့ နည်းလေး ပြောပြချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- မြေနီအာလူး - 700 g
- အကြော်မှုန့် - 100 g
- ကြက်အသည်း - သုံးခု
- ကြက်အမြစ် - သုံးခု
- ကြက်နှစ်လုံး - ကိုးခု
- ကြက်ရင်ပုံသား - 150 g
- ကြက်သွန်နီ - အနေတော် တစ်လုံး
- ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (နှစ်မျိုးခွဲသုံးပါ)
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း (နှစ်မျိုးခွဲသုံးပါ)
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (နှစ်မျိုးခွဲသုံပါ)
- ချင်း - လက်တစ်ဆစ်ခန့်
- နံနံပင် - မိမိနှစ်သက်သလောက်ထည့်ပါ
- ဆီ - လိုသလောက်သုံးပေးပါ
- ကြက်ဥ - တစ်လုံး
အာလူးပြင်ဆင်ပုံ
- မြေနီအာလူး အစေးသီးကို ရေစင်အောင်ဆေးပါ
- ဇောက်နက်သော အိုးထဲမှာ အာလူးကို ရေမြုပ်အောင်ထည့်ပြီး နူးအောင်ပြုပ်ကာ အခွံခွာထားပါ
- အခွံခွာထားသော အာလူးကို အကြော်မှုန့် ဆား လက်ဖက်ရည်ဇွန်း တစ်ဝက် အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက် နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်နှင့် ကြက်ဥအကာတို့ထည့်ကာ အားလုံးကို သမအောင်ချေပြီးမှ အားလုံးကို စေးပိုင်လာအောင် နယ်ပေးပါ
အစာသွပ်လုပ်ရန် ပြင်ဆင်ပုံ
- ကြက်နှစ်လုံး ကြက်အမြစ် ကြက်သားတို့ကို သန့်စင်အောင်ဆေးကြောကာ ဆား လက်ဖက်ရည်ဇွန်း တစ်ဝက် နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက် အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်တို့နှင့်နယ်ကာ နာနတ်ပွင့်နှင့် ချင်းထည့်ကာ ရေမြုပ်အောင်ထည့်ပြီး ရေခမ်းတဲ့အထိ တည်ပေးပါ
- ရေခမ်းပါက အအေးခံပြီး ခပ်နုတ်နုတ်လေးတွေ လှီးပေးပါ
- ကြက်သွန်နီနှင့် ကြက်သွန်ဖြူတို့ကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
- နံနံပင်ကို ရေဆေးပြီး ခပ်နုတ်နုတ် လှီးထားပေးပါ
- ဒယ်အိုးထဲမှာ ဆီ ထမင်းစားဇွန်း ၂ဇွန်းကို ထည့်ပေးပြီး အပူပေးပါ
- ဆီပူလာတာနဲ့ ကြက်သွန်ဖြူ နှင့် ကြက်သွန်နီကိုထည့်ပြီး နွမ်းရုံလေး ကြော်လိုက်ပါ
- ကြက်သွန်များ နွမ်းတာနဲ့ လှီးထားသော အသည်းအမြစ်များကိုထည့်ပြီး ဆီသတ်ပေးပါ
- သုံးမိနစ်လောက် မွှေကြော်ကြော်ပေပြီး အအေးခံထားပါ
အစာသွပ်ပုံ
- အရင်ဆုံး လက်ဝါးနှစ်ဖက်ကို ဆီသုတ်ပေးပါ
- အရသာ နယ်ထားသော အာလူးကို ထမင်းစားဇွန်း ၃ဇွှန်းစာလောက်ယူပြီး လက်ဝါးနှစ်ဖက်ကြားထည့်ကာ အလုံးလေး လုံးလာအောင် လှိမ့်ပေးပါ
- အာလူးလုံးလေးရပါက လက်ဝါးနှစ်ဖက်ကြားညှပ်ကာ ပြားပြီး ခွက်ပုံစံလေး ရအောင်လုပ်ပေးပါ
- ထို ခွက်လေးထဲကို ကြက်သားအစာ ထမင်းစားဇွန်း တစ်ဇွန်းထည့်ပြီး အပေါ်က နံနံပင် အနည်းငယ်ပုံကာ ဘေးသားများနှင့် အစာကိုအုပ်ပြီး လုံးပေးပါ
- အာလူးကုန်တဲ့ထိ အစာထည့်ပြီး လုံးပေးပါ
- အာလူးကတ်တလိတ် ငါးလုံးစာ ရပါမယ်
- အစာများ ပိုနေပါက ပိုနေတဲ့အစာကို ထမင်းနဲ့စားနိုင်ပါတယ်
- အားလုံးပြီးတာနဲ့ ဒယ်အိုးထဲကို ဆီများများ ထည့်ပေးပြီး အပူပေးပါ
- ဆီပူလာပါက မီးကို အလယ်လောက်ထိလျော့ပြီးမှ အာလူးအစာသွပ်ကို ထည့်ကြော်ပါ
- အာလူးကတ်တလိတ် အစာသွပ် တစ်လုံးလုံး အကျက်ညီစေရန် မကြာမကြာ လှည့်လှည့်ပေးပါ
- အာလူးကတ်တလိတ် အစာသွပ် ရွှေဝါရောင် သန်းလာပါက ဆယ်ပြီးဆီစစ်ပေးပါ
- ဆီစစ်သွားပါက အရသာရှိသော ကြက်ကလီစာ အာလူးကတ်တလိတ်လေး ရပါပြီ။
တီတင့်ခင်ပွန်းသက်သတ်လွတ်နေ့ဖြစ်တဲ့သောကြာနေ့ဆိုရင် အာလူးကက်တလိတ် ကြော်လုပ်ပေးပြီး ကိုယ့်အတွက်တော့ ကြက်သားအစာသွပ်တယ် ... :P
ReplyDeleteအိမ်မှာလဲ ကိုယ်တွေက အသားအစာသွပ်ပြီး သမီးက သတ်သတ်လွတ်လေ :-D
ReplyDelete