Saturday 30 May 2015

ပေါင်မုန့်ခြောက်အမှုန့်ကပ် ပုဇွန်ကြော်











ဒီနေ့တော့ ပေါင်မုန့်ခြောက်အမှုန့်ကပ်ပြီး ကြော်ထားတဲ့ ပုဇွန်ကြော်လေး ကြော်ဖြစ်ပါတယ် ပုဇွန်ကြားတွေရလာတာနဲ့ ကြော်စားဖြစ်တဲ့ အကြော်တမျိုးပါ။

ထမင်းနဲ့စားနိုင်သလို ဒီအတိုင်း နှစ်သက်ရာ အချဉ်လေးတွေနဲ့ တွဲဖက်ပြီး စားနိုင်တာမို့ ကြော်စားကြည့်စေချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ပုဇွန်ကြား အကောင်ကြီးကြီး - ၆ကောင်
  2. ပေါင်မုန့်ခြောက် - ထမင်းစားဇွန်း မောက်မောက် ၄ဇွန်း
  3. ဂျုံမှုန့် - ထမင်းစားဇွန်း ၃ဇွန်း
  4. ကြက်ဥ - တစ်လုံး
  5. ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူးသာသာ

ပြင်ဆင်ချက်ပြုပ်ပုံ
  • ပုဇွန်ကို အခွံခွာ ခေါင်းဖြုတ် ကြောမှ အမဲကြောင်းထုတ်ကာ အမြှီးချန်ထားပေးပါ
  • ဗိုက်ဖက်ကို တချက်ခြင်း ၅ခုလောက်မွှန်းကာ အကြော ဖြတ်ထားပေးပါ
  • သန့်စင်ထားသော ပုဇွန်များကို အာလူးမှုန့်သံပုရာရည်တို့နှင့် နယ်ကာ ရေပြန်ဆေးပေးပါ
  • ပန်းကန်တခုစီထဲမှာဂျုံမှုန့်နှင့် ပေါင်မှုန့်ခြောက်အမှုန့်တို့ကို ပြင်ထားပါ
  • ကြက်ဥတလုံးကို ခေါက်ထားပါ
  • ပေါင်မုန့်ခြောက်အမှုန့်မှာ အငံပါပြီးသားမို့ အငံထပ်ထည့်စရာ မလိုပါ
  • အရင်ဆုံး ကြက်ဥထဲမှာ ပုဇွန်ကို နှစ်ပြီး ဂျုံမှုန့်နှင့် ကပ်အောင်လူးပေးပါ
  • ကြက်ဥနှင့် ဂျုံမှုန့်လူးထားသော ပုဇွန်ကို ပေါင်မုန့်ခြောက်မှာ ထပ်ပြီးလူးပေးပါ
  • အားလုံးပြီးပြီဆိုတာနဲ့ ကြော်ဖို့ပြင်ပေးပါ
  • ဒယ်အိုး တလုံးထဲမှာ ဆီကို အပူပေးပြီး ဆီပူလာပါက မီးကို အနည်းငယ် ထပ်လျော့ပေးပါ
  • ပြီးတာနဲ့ ပုဇွန်ကို တကောင်ဖြင်းထည့်ကြော်ပါ
  • တဖက်ကျက်ပါက တဖက်ကိုလှန်ပြီးကြော်ပေးပါ
  • နှစ်ဖက်လုံး ရွှေဝါရောင်သန်းလာပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်တာနဲ့ နှစ်သက်သလို စားနိုင်ပါပြီ။

ပုဇွန်ခေါင်းချိုး မျှစ်ချဉ်ပေါင်ကြော်






ခြံထဲမှာ ချဉ်ပေါင်အဖြူလေးတွေ များနေတာနဲ့ ခူးပြီးကြော်လိုက်တဲ့ ဟင်းတစ်မယ်ပေါ့နော် မာမာ့သားနဲ့သမီး အရမ်းကြိုက်တဲ့ ချဉ်ပေါင်ကြော် ဆိုရင်လဲ မမှားပါဘူး ခင်ရာဆွေမျိုး မြိန်ရာဟင်းကောင်းမို့ တစ်ခြားအသားဟင်းမပါလဲ ထမင်းမြိန်စေတဲ့ ဟင်းလေးပါ ဒါကြောင့်မို့လို့ ကြော်စားကြည့်စေချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. အရိုးသင်ပြီး ရေစင်အောင်ဆေးပြီး ရေစစ်ထားသော ချဉ်ပေါင်အဖြူ  - ဇကာအလတ် တစ်လုံးစာ
  2. ပြုပ်ပြီး ခပ်ပါးပါးလှီးထားသော မျှစ် - တရုတ်ဟင်းပြင်ပန်းကန် အလတ် တစ်လုံးစာ
  3. အခွံခွာ အမြှီးဖြုတ်ထားသော ပုဇွန်ခေါင်းချိုး - 100 g
  4. ပါးပါးလှီးထားသော ကြက်သွန်နီ - အနေတော် တစ်လုံး
  5. အနေတော်စိတ်ထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ
  6. ငရုတ်သီး လုံးခြမ်းကွဲ - ထမင်းစားဇွန်း နှစ်ဇွန်း
  7. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  9. ဆီ - ထမင်းစားဇွန်း ငါးဇွန်း
  10. နနွင်းမှုန့်. - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  11. ငရုတ်သီးစိမ်း - နှစ်သက်သလောက်

ပြင်ဆင်ချက်ပြုပ်ပုံ
  • လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
  • အောက်ခြေမကပ်သော အိုးကို အပူပေးပြီး ဆီနှင့်နနွင့်မှုန့်ကိုထည့်ပါ
  • ဆီပူလာပါက ကြက်သွန်နီနှင့် ငရုတ်သီးမှုန့်ကို ထည့်ပြီး မွှေးလာအောင်ကြော်ပေးပါ
  • ငရုတ်သီးနံ့မွှေးလာတာနဲ့ ပုဇွန်ကို ၂မိနစ်လောက်ထည့်ပြီး ကြော်ပေးပါ
  • ပြီးတာနဲ့ ချဉ်ပေါင်ရွက်ကို ထည့်ပြီးမွှေပါ
  • ချဉ်ပေါင်ရွက် နူးလာတာနဲ့ မျှစ်ကို ထည့်ကြော်ပါ
  • မိနစ်ဝက်လောက် ကြော်ပြီးတာနဲ့ ငံပြာရည် အရသာမှုန့် ကြက်သွန်ဖြူ နှင့် ငရုတ်သီးစိမ်းတို့ထည့်ပြီး သမအောင်မွှေပေးပါ
  • အားလုံးသမသွားပြီ ဆိုတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ သုံးဆောင်နိုင်ပါပြီ။

Thursday 28 May 2015

ချဉ်ပေါင်ဟင်း



မာမာ ချက်ဖြစ်ခဲ့တဲ့ ချဉ်ပေါင်းဟင်းလေးပါ ဒီနေ့တော့  ခြံထဲဆင်းပြီးခူးကာ အရည်သောက်ဟင်းလေး တစ်မယ် ချက်ဖြစ်လိုက်တယ်ပေါ့နော် ထမင်းဆာရင် ဟင်းလာတယ်ဆိုတဲ့ စကားလေးအတိုင်းဘဲ မာမာတော့ ချဉ်ပေါင်ဟင်းလေး တစ်မယ်ထဲနဲ့ ထမင်းကိုမြိန်အောင် စားနိုင်ခဲ့သူပါ။

ချဉ်ပေါင်ဟင်းက ချက်တတ်ရင် စားလို့ကောင်းပါတယ် မချက်တတ်ရင်တော့ ဖိုးသိုးဖတ်သတ်နဲ့မို့ စားလို့တယ်ပြီး မကောင်းလှပါဘူး ဒါကြောင့်မို့ မာမာချက်တဲ့ နည်းလေးပြောပြပါရစေ။

ပါဝင်ပစ္စည်းများ

  1. အရွက်ခြွေပြီး ရေစင်အောင်ဆေးထားသော ချဉ်ပေါင်ရွက် - ဇကာအလတ် တစ်လုံး
  2. ပြုပ်ပြီး ပါးပါးလှီးထားသော မျှစ် - တရုတ်ဟင်းပြင်ပန်းကန် အလတ်တစ်လုံး
  3. ရေစင်အောင်ဆေးပြီး တစ်ဝက်ပိုင်းထားသော ရုံးပတေသီး - ၇တောင့်
  4. အခွံချွတ်ပြီး သန့်စင်ထားသော ပုဇွန် - လက်ဖက်ရည် အကြမ်းပန်းကန် တစ်လုံး
  5. ပါးပါးရိတ်ရိတ် လှီးထားသော ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  6. ပါးပါးရိတ်ရိတ် လှီးထားသော ကြက်သွန်ဖြူ - အအမွှာကြီးကြီး ၃မွှာ
  7. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  9. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်မရှိတစ်ရှိ
  11. ဆီ - ထမင်းစားဇွန်း ၂ဇွန်း
  12. ငါးငပိရည်ကျို - ထမင်းစားဇွန်း၎ဇွန်း

ပြင်ဆင်ချက်ပြုပ်ပုံ
  • ချဉ်ပေါင်ရွက် နနွင်းမှုန့်နှင့် ရေ လက်ဖက်ရည်ပန်းကန် တလုံးစာတို့ကို ဇောက်နက်သော အိုးတလုံးထဲထည့်ပြီး ချဉ်ပေါင်ရွက်ကို သစ်သားယောင်းမဖြင့် ကျေအောင်ချေပြီး တည်ပေးပေးပါ
  • ပုဇွန် ဆီ ငံပြာရည် ငရုတ်သီးမှုန့် အရသာမှုန့် ကြက်သွန်နီ ကြက်သွန့်ဖြူတို့ကို အရသာဝင်အောင် နယ်ထားပေးပါ
  • ကြေသွားအောင် ချေထားသော ချဉ်ပေါင်ရွက်များ ကျေသွားပါက အရသာနယ်ထားသော ပုဇွန်ကိုထဲ့ပြီး မွှေပေးပါ
  • အားလုံးသမသွားပါက ရေ တရုတ်ဟင်းရည်သောက် ပန်းကန်အလတ် ၂လုံးခွဲစာထည့်ပြီး တည်ပေးပါ
  • ရေဆူလာပြီဆိုတာနဲ့ မျှစ်ပြုပ်ကိုထည့်ပြီး ရေပွက်ပွက်ဆူအောင် တည်ပေးပါ
  • မျှစ်နူးလောက်ပြီဆိုတာနဲ့ ငပိရည်ကျိုကို ထည့်ပြီး အရသာမြည်းပါ
  • အရသာ အနေတော် ဖြစ်ပြီဆိုတာနဲ့ ရုံးပတေသီးကိုထည့်ပြီး ၂မိနစ်လောက် ပွက်အောင်ဆက်တည်ပြီး စားသုံးရန် ပြင်နိုင်ပါပြီ။







သတ်သတ်လွတ် ခေါက်ဆွဲကြော







သတ်သတ်လွတ် ခေါက်ဆွဲကြော်လေးပါ အသားမစားတဲ့ သမီးငယ်အတွက် အသီးအရွက် ခေါက်ဆွဲကြော်လေး ကြော်ဖြစ်ခဲ့ပါတယ် နှမ်းဆီမွှေးမွှေး သကြားနံ့သင်းသင်းလေးမို့ သမီးအရမ်းကြိုက်တဲ့ အကြော်လေးပါ သတ်သတ်လွတ်လေး စားမယ်ဆိုရင် ကြော်ကြည့်စေချင်ပါတယ်နော်။

ပါဝင်ပစ္စည်းများ

  1. ပျော့သွားအောင် ပြုပ်ပြီး ရေဆေးကာ ရေစစ်ထားသော ကြက်ဥခေါက်ဆွဲ - ၃ခွေ
  2. အနေတော် လှီးထားသော ဘေဘီပြောင်းဖူး - ၅ဖူး
  3. အနေတော် လှီးထားသော ပန်းဂေါ်ဖီ - ၁၅ခုနီးပါး
  4. ထက်ဝက်ပိုင်းထားသော ရွှေပဲသီး - ၅တောင့်
  5. လေးထောင့်အဖတ်လေးများ လှီးထားသော ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  6. ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  7. တစ်လက်မခန့်အရှည်လှီးထားသော ပဲတောင့်ရှည် - ၃တောင့်
  8. ပန်းပွင့်ပုံဖော်ပြီး လှီးထားသော မုံလာဥနီ - ၁၅ခုခန့်
  9. ခပ်ကြမ်းကြမ်း လှီးထားသော ဂေါ်ဖီ - တစ်စိတ်
  10. ဆီ - ထင်းစားဇွန်း ၅ဇွန်း
  11. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  12. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  13. နှမ်းဆီ - လက်ဖက်ဇွန်း သုံးပုံတစ်ပုံ
    ပဲငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း

ပြင်ဆင်ချက်ပြုပ်ပုံ
  • လိုအပ်သော အသီးအရွက်များကို ရေစင်အောင်ဆေးပြီးမှ လိုအပ်သလို လှီးဖြတ်ကာ ရေစစ်ထားပေးပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီတို့ကို အခွံခွာပြီး အလုံးလိုက် ရေဆေးပြီးမှ လိုအပ်သလို လှီးပေး ထုပေးပါ
  • ရေနွေး 8 cups လောက်ကို ဆူအောင်နည်ပေးပြီးမှ ခေါက်ဆွဲခွေကို ထည့်ပြုပ်ပေးပါ
  • အနေတော် အနေအထားရပါက ဇကာထဲ သွန်ချကာ ခေါက်ဆွဲဖတ်များ အေးလာတဲ့ထိ ရေဆေးပေးပါ
  • ရေဆေးပြီးတာနဲ့ ရေစင်အောင် စစ်ထားပေးပါ
  • ရေစစ်တာနဲ့ခေါက်ဆွဲဖတ်များကို ဇလုံကျယ်ကျယ်ထဲ ထည့်ကာ ဆား ပဲငံပြာရည်တို့နဲ့နယ်ပေးပါ
  • အောက်ခြေမကပ်သော ဒယ်အိုးကို အပူပေးပါ အိုးပူလာပါက ဆီထည့်ပေးပါ
  • ဆီပူလာတာနဲ့ သကြားကို အရင်ထည့်ကြော်ပါ
  • သကြားပျော်လာပြီး အညိုရောင် ပြောင်းလာတာနဲ့ကြက်သွန်ဖြူကို အရင်ထည့်ကြော်ပါ
  • ကြက်သွန်ဖြူ မွှေးလာတာနဲ့ ကြက်သွန်နီ ပန်းဂေါ်ဖီ ဘေဘီပြောင်းဖူး ပဲသီး ဂေါ်ဖီ မုံလာဥနီတို့ကို ထည့်ကြော်ပေးပါ
  • အသီးအရွက်များ အရမ်းနူးမသွားစေရန် ၂မိနစ်လောက် ကြော်ပြီးတာနဲ့ အရသာနယ်ထားသော ခေါက်ဆွဲကို ထည့်ကြော်ပါ
  • အသီးအရွက်များနှင့် သမသွားအောင် မွှေပေးပြီး တမိနစ်လောက် မွှေပြီးတာနဲ့ ရွှေပဲသီးနှင့် နှမ်းဆီထဲ့ပြီး တမိနစ်လောက် ကြော်ပြီးတာနဲ့ သတ်သတ်လွတ် ခေါက်ဆွဲကြော်လေး ရပါပြီ
  • အပေါ့အငံကို လိုသလိုမြည်းပြီး ပြင်ပေးပြီး သုံးဆောင်နိုင်ပါပြီ။

Wednesday 27 May 2015

ကြက်သား ချိုချဉ်ကြော်




ဟင်းတွေချက်ဖြစ်ပေမဲ့ သမီးအဆိုင်းမင့် တင်ရမဲ့ရက်တွေဆို မာမာတစ်ယာက် ဘလော့ဆီ မရောက်နိုင်တော့ပါဘူး သူ့စာတွေကို မကူနိုင်ပေမဲ့ သူလိုချင်တာလေးတွေ လုပ်ပေးနိုင်အောင် နားစွင့်ရင်း ကူပေးနေရလို့ပါ။

ဒီဟင်းလေးကတော့ ကြက်သား သီးစုံချိုချဉ်လေးပါ ချိုချိုချဉ်ချဉ်မို့ ထမင်းကိုတော့ မြိန်စေပါတယ် ခြောက်ကပ်ကပ် မနက်စာထဲက ခွဲထွက်မိတဲ့ ဟင်းပွဲလေးပါ ကြော်ရတာ လွယ်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ခပ်ပါးပါး လှီးထားသော ကြက်ရင်ပုံသား - 150 g
  2. အတုံးလေးများရအောင် လှီးထားသော ကြက်သွန်နီ - အနေတော် တစ်ဥ
  3. ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  4. လေးစိပ်စိတ်ထားသော ခရမ်းချဉ်သီး - ခပ်ကြီးကြီး တစ်လုံး
  5. အနေတော် လှီးထားသော ကြယ်သီးမှို - လေးခု
  6. ပန်းပွင့်ပုံဖော် လှီးထားသော မုံလာဥနီ - လှီးပြီးသား ဆယ့်ငါးခု
  7. အနေတော် လှီးထားသော ဘရိုကိုလီ - ဆယ်ခက်
  8. တစ်လက်မစီလောက် လှီးထားသော ကြက်သွန်မိတ် - နှစ်ပင်
  9. ခရမ်းချဉ်သီးဆော့ - ထမင်းစားဇွန်း နှစ်ဇွန်း
  10. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  11. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  12. ဆီ - ထမင်းစားဇွန်း သုံးဇွန်း

ပြင်ဆင်ပုံ
  • လိုအပ်သော အသီးအရွက်များ အသားများကို အဆင်သင့်ဖြစ်အောင် ပြင်ထားပေးပါ
  • အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ကြက်သားကို ထည့်ကြော်လိုက်ပါ
  • ကြက်သား အရောင်ပြောင်းလာတာနဲ့ ရေမြုပ်အောင်ထည့်ပြီး ရေခမ်းတဲ့အထိ တည်လိုက်ပါ
  • ရေခမ်းတာနဲ့ ကြက်သွန်နီနဲ့ကြက်သွန်ဖြူကို အရင်ထည့်ပြီး မိနစ်ဝက်လောက် ကြော်လိုက်ပါ
  • မိနစ်ဝက် ပြည့်တာနဲ့မုံလာဥနီ မှို ဘရိုကိုလီတို့ကို ထည့်ပြီး တစ်မိနစ်လောက် ကြော်ပေးပါ
  • တစ်မိနစ်လောက် ကြော်ပြီးတာနဲ့ ဆား သကြား ခရမ်းချဉ်သီးဆော့တို့ထည့်ပြီး ကြော်ပေးပါ
  • ကြော်ချိန် တစ်မိနစ် သာသာလောက် ရပြီဆိုတာနဲ့ ခရမ်းချဉ်သီးနှင့် ကြက်သွန်မိတ်တို့ ထည့်မွှေပေးပြီး ပူပူလူလူလေး စားနိုင်ပါပြီ။

ပုဇွန်ကြော် ကြွတ်ကြွတ်လေး





ဒီနေ့တော့ ပုဇွန်အခွံခွာပြီးသားလေးတွေကို တန်ပူရာမှုန့်နဲ့ကြော်လိုက်ပါတယ် ပုဇွန်က ချက်စားရင်လဲ အရည်ကြည် ပုဇွန်လေးတွေမို့ စားလို့သိပ်မကောင်းတာနဲ့အခုလို ကြော်စားလိုက်တာပါ။

ပါဝင်ပစ္စည်းများ




  1. အခွံချွတ်ပြီး သန့်စင်ထားသော ပုဇွန် - 100 g
  2. တန်ပူရာမှုန့် - ထမင်းစားဇွန်းမောက်မောက် ၃ဇွန်း
  3. ရေ - ထမင်းစားဇွန်း ၃ဇွန်း
  4. ဆီ - လက်ဖက်ရည် အကြမ်းပန်းကန် တစ်လုံး
  5. အချဉ် - နှစ်သက်သလောက်
ပြင်ဆင်ပုံ
  • တန်ပူရာမှုန့်ကို ရေနှင့် ခပ်ပြစ်ပြစ် ဖျော်ပေးပါ
  • ရေဖျော်ထားသော တန်ပူရာမှုန့်ထဲကို ပုဇွန်ရောနယ်ပေးပါ
  • ဆီကိုအပူပေးပြီး ဆီပူလာတာနဲ့ပုဇွန်နှင့်တန်ပူရာ အနှစ်ကို တကောင်ခြင်းဆီ ဇွန်းနှင့်ခပ်ပြီး ဆီအိုးထဲ ထည့်ပေးပါ
  • တဖက်ရွှေဝါရောင်သန်းလာပါက နောင်တဖက်ကိုလှန်ပြီး ဆက်ကြော်ပေးပါ
  • နှစ်ဖက်လုံး ရွှေဝါရောင် သန်းလာပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားပါက နှစ်သက်ရာ အချဉ်လေးနှင့် တွဲဖက်ပြီး သုံးဆောင်နိုင်ပါပြီ။

Friday 15 May 2015

ရှမ်းနံနံ ဗယာကြော်



ရေစိမ်ထားသော ပဲခြမ်း

ရှမ်းနံနံနှင့် ပျဉ်းတော်သိမ်းရွက်

ပျဉ်းတော်သိမ်းရွက်ကြော်ရန်



ရေစိမ်ထားသော ပဲများကို ဗလင်ဒါထဲ 
ထည့်ကြိတ်ထားသောပဲနှင့် လိုအပ်သောပစ္စည်းများ

အားလုံးကိုရောနယ်ပြီး ဗယာကြော် 
တခုစာယူပြီး ဆီထဲထည့်ကြော်ပေးပါ

အစားအသောက် တခုကို ဘယ်ပစ္စည်း ဘယ်လောက်ထည့်ပါဆိုပြီး ပုံမှန် ဟင်းချက်နည်းတွေထက် တခါတလေ ကိုယ့်စိတ်ကူးနဲ့ကိုယ် အဆင်ပြေအောင် ချက်လိုက်တဲ့ ဟင်းတွေက ပိုပြီးအရသာရှိ ပိုပြီးကောင်းတတ်ပါတယ်။

ဒီနေ့လဲ သတ်သတ်လွတ်စားတဲ့ သမီးအတွက် ဗယာကြော် ကြော်ဖို့ပြင်ဆင်ရင်း သမရိုးကျ ကြော်နေကျထဲက နည်းနည်းခွဲထွက်ပြီး ကြော်လိုက်တာ စားမလောက် ဗယာကြော်လေးဖြစ်သွားလို့ ကိုယ့်ဘာသာကိုယ် ပီတိတွေ ဖြစ်မိသွားပါတယ်။

ဗယာကြော် ကြော်တဲ့အခါ အရင်ထည့်နေကျ  ပူစီနံအစား ရှမ်းနံနံရွက်ကို အစားထိုးပြီး ထည့်ကာ ကြော်ထားပါတယ် ပြောချင်တာလေး နောက်တစ်ခုက ဗယာကြော် ကြော်တဲ့အခါ မိမိနှစ်သက်တဲ့ အရွက်လေးတွေ ထည့်ပြီးတော့ ကြော်နိုင်ပါတယ် ဒါကြောင့်မို့လို့ ဒီနေ့တော့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ကုလားပဲခြမ်း - 2 cups
  2. ပျဉ်းတော်သိမ်းရွက် - ထမင်းစားဇွန်း ၃ဇွန်းမောက်မောက်
  3. ရှမ်းနံနံရွက် - ထမင်းစားဇွန်း ၃ဇွန်းမောက်မောက်
  4. ပဲအစိမ်းမှုန့် - ထမင်းစားဇွန်း ၄ဇွန်း အတိ
  5. ဆန်အစိမ်းမှုန့် -  ထမင်းစားဇွန်း ၄ဇွန်း အတိ
  6. ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. ငရုတ်သီးစိမ်း - နှစ်သက်သလောက်
  9. ကြက်သွန်နီ - ထမင်းစားဇွန်း ၁၀ဇွန်းခန့် (လှီးပြီးသား)
  10. ကြက်သွန်ဖြူ  - အမွှာကြီးကြီး ၈မွှာ
  11. ဆီ - လိုသလောက် သုံးပေးပါ
ဗယာကြော် ကြော်ရန် ပါဝင်ပစ္စည်းများ

ပြင်ဆင်ပုံ
  • ကုလားပဲခြမ်းကို ဇလုံထဲထည့်ပြီး ပဲအထက် ရေလက်ခြောက်လုံးလောက် မြုပ်အောင်ထည့်ပြီး တစ်ညသိပ် ရေစိမ်ထားပါ
  • ရေစိမ်ပြီး ပွလာသော ပဲများကို ရေ ၃ထပ်လောက် စင်အောင်ဆေးပြီး ဇကာထဲထည့်ကာ ရေစစ်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ အတုံးလေးတွေ ရအောင်လှီးပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တညက် ထောင်းပေးပါ
  • ပျဉ်းတော်သိမ်းရွက်ကို ရေစင်အောင်ဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
  • ရှမ်းနံနံကို ရေစင်အောင်ဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်သေးသေးလေးတွေ လှီးထားပါ
  • ဆား အရသာမှုန့် ပဲအစိမ်းမှုန့်နှင့် ဆန်မှုန့်နှင့် ဆီတို့ကို အဆင်သင့် ပြင်ထားပါ
  • ပဲများ ရေစစ်သွားပါက အသားငါး ကြိတ်သော ဘလင်ဒါထဲထည့်ကာ မိနစ်ဝက် တစ်ခါကြိတ်ပြီး စက်ကိုခနရပ်ကာ ဘေးမှာကပ်နေသော ပဲများ အထဲကို တွန်းချပေးပြီး အထက်ပါ နည်းအတိုင်း ၄ခါလောက် ကြိတ်ပေးပါ
  • ကြိတ်ထားသော ပဲခြမ်းများ ခပ်ကြမ်းကြမ်း အနေရပြီဆိုရင် ဇလုံတစ်ခုထဲ ပြောင်းထည့်ပြီး ဆား ကြက်သားမှုန့် ဆန်အစိမ်းမှုန့် ပဲအစိမ်းမှုန့် ကြက်သွန်ဖြူ  ကြက်သွန်နီ ပျဉ်းတော်သိမ်းရွက် ရှမ်းနံနံရွက် ငရုတ်သီးစိမ်းတို့ ထည့်ကာ အားလုံးကို သမအောင် နယ်ပေးပါ
  • အားလုံး အဆင်သင့် ဖြစ်ပြီဆိုရင် ဆီခပ်များများကို ဒယ်အိုးထဲထည့်ပြီး အပူပေးပါ
  • ဆီပူ မပူကို ပဲဆုတ် ခပ်သေးသေးလေးဆုတ်ကာ ထည့်ကြည့်ပါ
  • ချက်ခြင်းဘဲ ပဲဆုပ်လေး ဆီပေါ်တက်လာပြီဆိုရင် ဆီပူလာပြီမို့လို့ မီးကိုနည်းနည်း ထပ်လျော့ကာ ဗယာကြော် တခုစာယူပြီး ခပ်ဖွဖွ ဆုပ်ပေးကာ ဆီအိုးထဲကို တစ်ခုခြင်း အိုးဆန့်သလောက် ထည့်ပေးပါ
  • တစ်ခုနဲ့တစ်ခု မကပ်အောင် ထည့်ပေးပြီး တစ်ဖက်ကျက်လျှင် တစ်ဖက်ကို လှန်ပေးပါ
  • နှစ်ဖက်လုံး ရွှေဝါရောင် သန်းလာတာနဲ့ဆယ်ပြီး ဆီစစ်ပေးကာ စားသုံးရန် ပြင်ပေးနိုင်ပါပြီ။
ငရုတ်သီးတောင့် အခြောက်ကြော်နှင့် ပျဉ်းတော်သိမ်းရွက်ကြော်တို့ကြော်ပြီး ဗယာကြော်မွှေးမွှေးလေးနဲ့ တွဲဖက်ပြီး စားနိုင်ပါတယ်။

Thursday 14 May 2015

ကိုရီးယား ဘာဘီကျူးအနှစ်လူး ပုဇွန်ကင်



ပုဇွန်ကြား

အမြှီးချန်ပြီး အခွံခွာ ခေါင်းဖြုတ် 
အစာလမ်းကြောင်း ဖယ်ထားသောပုဇွန်

Spicy b b q mannade အနှစ်

ပုဇွန်ကို ဆီ ကြက်သွန်မိတ် Spicy b b q 
အနှစ်တို့နဲ့ နယ်ပေးထားပါ

အရသာနယ်ပြီး အနည်းဆုံး မိနစ်၂၀လောက် 
နှပ်ထားပေးပါ
Grill pan နှင့်၃မိနစ်လောက် ကင်ချက်လေး 
ချက်ပေးပါ

အသားဟင်း ချက်တယ်လို့ ပြောလိုက်ရင် မသိမသာလေး မျက်နှာပျက်သွားတတ်တဲ့ သမီးအတွက် သူစားတတ်တဲ့ အသီးအနှံက ရှားပါးလွန်းတဲ့ နိုင်ငံမှာ မနက်အိပ်ယာက နိုးတာနဲ့ သူ့အတွက် ဘာလေးချက်ပေးရင် ကောင်းမလဲ အသားလေးတော့ စားပါဟဲ့ဆိုပြီး ချော့မော့ကျွေးရတာလဲ အလုပ်တခုလိုပါဘဲ။

ဒီနေ့တော့ သူစားပါစေတော့ရယ်ဆိုပြီး ပုဇွန်ဟင်းလေး ချက်လိုက်ပါတယ် ပုဇွန်ဆိုရင် သူတခါတရံ စားတတ်တာမို့ ဒီနေ့တော့ ကိုရီးယားဘာဘီကျူး ဟင်းအနှစ်ဆော့နဲ့နယ်ဖတ်ကာ Grill panနဲ့ ကင်ချက်လေး ချက်ပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ




  1. ပုဇွန်ကြား - 500 g
  2. Spicy B b q အနှစ် - ထမင်းစားဇွန်း ၃ဇွန်း
  3. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း (ပုဇွန်အရသာနယ်ထဲ ထည့်ရန် )
  4. ကြက်သွန်မိတ် - ၂ပင်
  5. ဆီ - အနည်းငယ် (ဟင်းချက်ရာတွင် သုံးရန်)
ပြင်ဆင်ပုံ
  • ပုဇွန်များကို အမြှီးချန်ထားပြီး ခေါင်းဖြုတ် အခွံခွာ ကြောမှ အမဲကြောင်းထုတ်ကာ သန့်စင်ထားပေးပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး ခပ်စောင်းစောင်းလေးများ လှီးထားပေးပါ
  • ပန်းကန်တခုထဲထည့်ပြီး ဆီ ကြက်သွန်မိတ် Spicy b b q ဟင်းအနှစ်တို့ထည့်ပြီး အားလုံးကို နယ်ပေးကာ အနည်းဆုံး မိနစ်၂၀ လောက် နှပ်ထားပေးပါ
  • Grill Panကို အပူပေးပြီး ဆီအနည်းငယ်ထဲ့ကာ နှပ်ထားသောပုဇွန်များကို ထည့်ပြီးချက်ပေးပါ
  • ပုဇွန်အကွေး ငါးအနွေးမို့ ဟိုဘက်ဒီဘက် လှန်ပေးကာ ၃မိနစ်လောက် ချက်ပေးပြီးရင် ရပါပြီ။

Monday 11 May 2015

ပုဇွန်ကင်


ဒီနေ့တော့ ပုဇွန်ထုတ်လေးတွေကို အရသာမှုန့် ဆား ကြက်သွန်ဖြူအရည် Lemon Pepper, Parsley Flakesတို့နှင့် အရသာနယ်ပြီး Grill pan နဲ့ ကင်ကာ ဟင်းတမယ် လုပ်ထားပါတယ် သိပ်ပြီးရိုးရှင်းလွန်းပေမဲ့ ရေချိုပုဇွန်တွေက ကင်ပြီးစားရတာ အရသာကောင်းပါတယ် ရေငံပုဇွန်တွေက အရသာနည်းပြီး အနံ့ထွက်တတ်ပါတယ် အခုလို အရသာတွေနဲ့ နယ်ပြီးနှပ်ထားမှ ရေငံပုဇွန်အနံ့ ပျောက်ပြီး အရသာကောင်းပါတယ်။
ပါဝင်ပစ္စည်းများ

  • Banana Prawns. - 300g
  • Lemon Pepper - လက်ဖက်ဇွန်း တဇွန်းမောက်မောက်
  • Parsley Flakes - လက်ဖက်ရည်ဇွန်း တဇွန်းမောက်မောက်
  • ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • အခွံခွာပြီး ထောင်းကာ အရည်ညှစ်ယူထားသော ကြက်သွန်ဖြူ အမွှာကြီးကြီး - ၅မွှာ
  • ဆီ - ထမင်းစားဇွန်း ၂ဇွန်း
ပြင်ဆင်ပုံ
  • ပုဇွန်ကို အရသာနည်ပြီးနှပ်ထားပါ
  • Grill Panကို အပူပေးပြီး ဆီထည့်ပေးပါ
  • ဆီပူလာပါက ပုဇွန်ကို တကောင်ခြင်းထည့်ပြီး အိုးဆန့်သလောက်ထည့်ကာ ကင်ပေးပါ
  • အောက်ဖက်ပိုင်းမှ မွှေးပြီး ပုဇွန်အရောင်ပြောင်းလာပါက တဖက်ကိုလှန်ပြီး ကင်ပေးပါ
  • ပုဇွန်အကွေး ငါးအနွေးမို့ အကြာကြီး ကင်စရာမလိုဘဲ ၃မိနစ်လောက် ပျမ်းမျှကင်ပေးရင်ရပါပြီ
  • ပုဇွန်ကင်ပူပူလေးကို နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။

ပုဇွန်ကိုရေဆေးပြီး ဆား အရသာမှုန့် ကြက်သွန်ဖြူအရည် Lemon Pepper ,Parsley Flakes တို့နှင့်
အရသာနည်ပြီး ဆယ့်ငါးမိနစ်လောက် နှပ်ထားပေးပါ

Grill pan ထဲ ဆီအနည်းငယ်ထည့်ပြီး ကင်ပေးထားပါတယ်