Sunday 10 May 2015

ပင်လယ်စာဆီပြန်


အချိန်အခါ နေရာဒေသအလိုက် အစားအသောက်တွေကို သင့်တော်သလို စားသုံးကြရပါတယ် ဒါပေမဲ့ နှစ်သက်ခြင်း မနှစ်သက်ခြင်းတို့ကလည်း ကိုယ်ကြီးပြင်းရာ နေရာဒေသအပေါ် တော်တော်လေး မူတည်နေပါတယ်။

မာမာဆို မြန်မာပြည်မှာမွေး မြန်မာပြည်မှာ ကြီးခဲ့သူဆိုတော့ အနောက်တိုင်း အစာတွေ အာမတွေ့သလို တကယ်မနှစ်သက်ပါဘူး ဒီတော့လဲ မနက်မိုးလင်း အိပ်ယာကနိုးတာနဲ့ ထမင်းကြမ်းခဲ ငပိကင်နဲ့စားချင်မိသလို ပဲပြုပ်ဆီဆမ်းလေးနဲ့လဲ လွေးလိုက်ချင်တာပါဘဲ အဆင်ပြေမယ်ဆိုရင်တော့ လမ်းထိပ်ထွက်ပြီး မုန့်ဟင်းခါးလေး အုန်းနို့ခေါက်ဆွဲလေးလဲ စားချင်သေးတာပါ။

အခုတော့ မနက်မိုးလင်းလို့မှ ကောက်ညှင်းပေါင်းလေး ဆီထမင်းလေး မရနိုင်တဲ့နိုင်ငံမှာ ကိုယ့်ဘာသာကိုယ် ဘာချက်ရမလဲ ဘာလုပ်စားရမလဲဆိုတဲ့ အတွေးကိုယ်စီနဲ့ ငါ့ဝမ်းပူဆာ မနေသာ ကိစ္စကို ဖြေရှင်းရပါတယ်။

ကိုင်း ဒီနေ့တော့ ဘာဘဲဖြစ်ဖြစ် ပင်လယ်စာ အစုံထုတ်ကို ငရုတ်သီး မဆလာနိုင်နိုင်နဲ့ ဆီပြန်ချက်ပါမယ် မြန်မာ့နည်းမြန်မာ့ ဟန်လေးပေါ့နော်။

ပါဝင်ပစ္စည်း

  • ပင်လယ်စာ Seafood Marinara - 500g
  • ကြက်သွန်နီ - အနေတော် တလုံး
  • ကြက်သွန်ဖြူ - ၄မွှာ
  • ဂျင်း - လက်တဆစ်
  • စပါးလင် - နှစ်လက်မခန့်
  • မဆလာ Garam Masala - ထမင်းစားဇွန်း တဇွန်း (ကုလားလေးမဆလာလဲ သုံးနိုင်)
  • ငရုတ်သီးအရောင်တင်မှုန့် Sweet Paprika- ထမင်းစားဇွန်း တဇွန်း( ရိုးရိုးငရုတ်သီး အရောင်တင်မှုန့်လဲသုံးနိုင်)
  • ဆီ - ထမင်းစားဇွန်း ၅ဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ငါးငံပြာရည် - ထမင်းစားဇွန်း တဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ကရဝေးရွက် - ၃ရွက်




ပြင်ဆင်ပုံ
  • ပင်လယ်စာ အထုတ်ထဲမှ ဂုန်းကောင်လေးများကို အစာအိတ်များ ဖယ်ပေးကာ သန့်စင်ပေးပါ
  • ကျန်သော ပုဇွန် နှင့်ကင်းမွန်များက ရေဆေးပြီး သန့်စင်ပြီးသားများမို့ ဘာမှလုပ်ရန်မလိုပါ
  • ကြပ်သွန်နီ ကြက်သွန်ဖြူ ဂျင်း စပါးလင်တို့ကို နုတ်နုတ်စဉ်း ခပ်ပါးပါးလှီးထားပါ
  • မဆလာ ငရုတ်သီးအရောင်တင်မှုန့် ကရဝေးရွက်တို့ကိုအဆင်သင့် ပြင်ထားပါ
  • ပင်လယ်စာများထဲကို ဆား ငံပြာရည် နနွင်းမှုန့်တို့ထည့်ပြီး အရသာနယ်ထားပါ
  • အောက်ခြေမကပ်သော အိုးထဲမှာ ဆီကိုထဲ့ပါ ဆီပူလာတာနဲ့ ကြက်သွန်နီ ကြက်သွန်ဖြူ ဂျင်း စပါးလင် ကရဝေးရွက်တို့ကို မွှေးလာအောင် ဆီသတ်ပေးပါ
  • မွှေးလာပါက ငရုတ်သီး အရောင်တင်မှုန့်နှင့် မဆလာကိုထည့်ပြီ မွှေးလာအောင်မွှေပြီး ဆီသတ်ပေးပါ 
  • မဆလာနံ့ သင်းလာပါက အရသာနယ်ထားသော ပင်လယ်စာများကို ထည့်ပြီးဆီသတ်ပေးပါ
  • ဆီသတ်နေချိန် ပက်လယ်စာမှ ထွက်လာသော အရည်များ ခြောက်လာပြီး ဟင်းလုံးမိသွားပါက ရေ လက်ဖက်ရည် ပန်းကန်လုံး တ၀က်မရှိတရှိထည့်ပြီး ဆီပြန်လာအောင် ချက်ပေးပါ
  •  ဆီပြန်လာပါက အရသာမြည်းကာ လိုသလိုပြင်ပေးပြီး ပင်လယ်စာ မဆလာဟင်း မွှေးမွှေးလေးကို သုံးဆောင်လို့ ရပါပြီ။



No comments:

Post a Comment