Wednesday 27 May 2015

ကြက်သား ချိုချဉ်ကြော်




ဟင်းတွေချက်ဖြစ်ပေမဲ့ သမီးအဆိုင်းမင့် တင်ရမဲ့ရက်တွေဆို မာမာတစ်ယာက် ဘလော့ဆီ မရောက်နိုင်တော့ပါဘူး သူ့စာတွေကို မကူနိုင်ပေမဲ့ သူလိုချင်တာလေးတွေ လုပ်ပေးနိုင်အောင် နားစွင့်ရင်း ကူပေးနေရလို့ပါ။

ဒီဟင်းလေးကတော့ ကြက်သား သီးစုံချိုချဉ်လေးပါ ချိုချိုချဉ်ချဉ်မို့ ထမင်းကိုတော့ မြိန်စေပါတယ် ခြောက်ကပ်ကပ် မနက်စာထဲက ခွဲထွက်မိတဲ့ ဟင်းပွဲလေးပါ ကြော်ရတာ လွယ်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ခပ်ပါးပါး လှီးထားသော ကြက်ရင်ပုံသား - 150 g
  2. အတုံးလေးများရအောင် လှီးထားသော ကြက်သွန်နီ - အနေတော် တစ်ဥ
  3. ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  4. လေးစိပ်စိတ်ထားသော ခရမ်းချဉ်သီး - ခပ်ကြီးကြီး တစ်လုံး
  5. အနေတော် လှီးထားသော ကြယ်သီးမှို - လေးခု
  6. ပန်းပွင့်ပုံဖော် လှီးထားသော မုံလာဥနီ - လှီးပြီးသား ဆယ့်ငါးခု
  7. အနေတော် လှီးထားသော ဘရိုကိုလီ - ဆယ်ခက်
  8. တစ်လက်မစီလောက် လှီးထားသော ကြက်သွန်မိတ် - နှစ်ပင်
  9. ခရမ်းချဉ်သီးဆော့ - ထမင်းစားဇွန်း နှစ်ဇွန်း
  10. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  11. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  12. ဆီ - ထမင်းစားဇွန်း သုံးဇွန်း

ပြင်ဆင်ပုံ
  • လိုအပ်သော အသီးအရွက်များ အသားများကို အဆင်သင့်ဖြစ်အောင် ပြင်ထားပေးပါ
  • အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ကြက်သားကို ထည့်ကြော်လိုက်ပါ
  • ကြက်သား အရောင်ပြောင်းလာတာနဲ့ ရေမြုပ်အောင်ထည့်ပြီး ရေခမ်းတဲ့အထိ တည်လိုက်ပါ
  • ရေခမ်းတာနဲ့ ကြက်သွန်နီနဲ့ကြက်သွန်ဖြူကို အရင်ထည့်ပြီး မိနစ်ဝက်လောက် ကြော်လိုက်ပါ
  • မိနစ်ဝက် ပြည့်တာနဲ့မုံလာဥနီ မှို ဘရိုကိုလီတို့ကို ထည့်ပြီး တစ်မိနစ်လောက် ကြော်ပေးပါ
  • တစ်မိနစ်လောက် ကြော်ပြီးတာနဲ့ ဆား သကြား ခရမ်းချဉ်သီးဆော့တို့ထည့်ပြီး ကြော်ပေးပါ
  • ကြော်ချိန် တစ်မိနစ် သာသာလောက် ရပြီဆိုတာနဲ့ ခရမ်းချဉ်သီးနှင့် ကြက်သွန်မိတ်တို့ ထည့်မွှေပေးပြီး ပူပူလူလူလေး စားနိုင်ပါပြီ။

1 comment:

  1. ကြက်သားချိုချဉ်ကြော်နဲ့အတူ ပုဇွန်ကြော်ကြွပ်ကြွပ်လေးပါ တစ်ပါတည်းအားပေးသွားတယ် မာမာရေ...

    ReplyDelete