Saturday 30 May 2015

ပုဇွန်ခေါင်းချိုး မျှစ်ချဉ်ပေါင်ကြော်






ခြံထဲမှာ ချဉ်ပေါင်အဖြူလေးတွေ များနေတာနဲ့ ခူးပြီးကြော်လိုက်တဲ့ ဟင်းတစ်မယ်ပေါ့နော် မာမာ့သားနဲ့သမီး အရမ်းကြိုက်တဲ့ ချဉ်ပေါင်ကြော် ဆိုရင်လဲ မမှားပါဘူး ခင်ရာဆွေမျိုး မြိန်ရာဟင်းကောင်းမို့ တစ်ခြားအသားဟင်းမပါလဲ ထမင်းမြိန်စေတဲ့ ဟင်းလေးပါ ဒါကြောင့်မို့လို့ ကြော်စားကြည့်စေချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. အရိုးသင်ပြီး ရေစင်အောင်ဆေးပြီး ရေစစ်ထားသော ချဉ်ပေါင်အဖြူ  - ဇကာအလတ် တစ်လုံးစာ
  2. ပြုပ်ပြီး ခပ်ပါးပါးလှီးထားသော မျှစ် - တရုတ်ဟင်းပြင်ပန်းကန် အလတ် တစ်လုံးစာ
  3. အခွံခွာ အမြှီးဖြုတ်ထားသော ပုဇွန်ခေါင်းချိုး - 100 g
  4. ပါးပါးလှီးထားသော ကြက်သွန်နီ - အနေတော် တစ်လုံး
  5. အနေတော်စိတ်ထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ
  6. ငရုတ်သီး လုံးခြမ်းကွဲ - ထမင်းစားဇွန်း နှစ်ဇွန်း
  7. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  9. ဆီ - ထမင်းစားဇွန်း ငါးဇွန်း
  10. နနွင်းမှုန့်. - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  11. ငရုတ်သီးစိမ်း - နှစ်သက်သလောက်

ပြင်ဆင်ချက်ပြုပ်ပုံ
  • လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
  • အောက်ခြေမကပ်သော အိုးကို အပူပေးပြီး ဆီနှင့်နနွင့်မှုန့်ကိုထည့်ပါ
  • ဆီပူလာပါက ကြက်သွန်နီနှင့် ငရုတ်သီးမှုန့်ကို ထည့်ပြီး မွှေးလာအောင်ကြော်ပေးပါ
  • ငရုတ်သီးနံ့မွှေးလာတာနဲ့ ပုဇွန်ကို ၂မိနစ်လောက်ထည့်ပြီး ကြော်ပေးပါ
  • ပြီးတာနဲ့ ချဉ်ပေါင်ရွက်ကို ထည့်ပြီးမွှေပါ
  • ချဉ်ပေါင်ရွက် နူးလာတာနဲ့ မျှစ်ကို ထည့်ကြော်ပါ
  • မိနစ်ဝက်လောက် ကြော်ပြီးတာနဲ့ ငံပြာရည် အရသာမှုန့် ကြက်သွန်ဖြူ နှင့် ငရုတ်သီးစိမ်းတို့ထည့်ပြီး သမအောင်မွှေပေးပါ
  • အားလုံးသမသွားပြီ ဆိုတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment