Monday 11 May 2015

သပွတ်သီးကြော်ချက်


ခ၀ဲသီးကြော်ချက်လိုဘဲ ကောင်းလွန်းတဲ့ သပွတ်သီးကြော်ချက်လေးပါ အသီးအနှံဆို အားပေးလွန်းတဲ့ အိမ်ကသမီးလေး အတွက်တော့ မာမာစိုက်သမျှ အပင်အားလုံးက သူ့အတွက် နတ်သုဒ္ဓါဟင်းတွေပါဘဲ စားခါနီး ခြံထဲဆင်းပြီး ဟိုမွှေဒီမွှေနဲ့ ဟင်းတစ်မယ်တော့ ထွက်လာတတ်တဲ့ မာမာ့ခြံလေးကို ကျေးဇူးတင်စရာပါ။

ဒီနေ့တော့ အရည်သောက် သပွတ်သီးကြော်ချက်လေး ချက်လိုက်ပါတယ် ချိုမြမြလေးပေါ့နော် ချက်နည်းလေးကလဲ အင်မတန်မှလွယ်ပါတယ် သပွတ်သီးလေးများ ရရင်တော့ ချက်ကြည့်စေချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. မနုလွန်း မရင့်လွန်းသော သပွတ်သီး - နှစ်လုံး
  2. ပါးပါးလှီးထားသော ကြက်သွန်နီ - တစ်ခြမ်း
  3. ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  8. အမြှီးဖြုတ် ခေါင်းဖြုတ် အစာလမ်းကြောင်း ထုတ်ထားသော ပုဇွန်ခေါင်းချိုး - အနည်းငယ်

 ပြင်ဆင်ပုံ
  • သပွတ်သီးအခွံများကို အခွံခွာ ဓါးဖြင့်အခွံခွာကာ အလုံးလိုက်ရေဆေးပြီး ထက်ခြမ်းခြမ်း လက်တစ်လုံးလောက်အထူ ခပ်စောင်းစောင်း လှီးပေးပါ
  • ပုဇွန်ကို အမှီးဖြုတ်ခေါင်းဖြုတ် အမည်းကြောင်းထုတ်ကာ သန့်စင်ပေးထားပါ
  • ဇောက်နက်နက် အိုးတစ်လုံးထဲ ဆီနှင့် နနွင်းမှုန့်အရင်ဆုံးထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ကြက်သွန်ဖြူ  ကြက်သွန်နီတို့ထည့်ပြီး နွမ်းသွားအောင် ကြော်လိုက်ပါ
  • ပြီးတာနဲ့ပုဇွန်ကိုထည့်ပြီး ၂မိနစ်လောက်ကြော်ပြီးတာနဲ့ သပွတ်သီး ဆား အရသာမှုန့်တို့ ထည့်ကြော်ပါ
  • မိနစ်ဝက်လောက် ကြော်ပေးပြီး ရေလက်ဖက်ရည် အကြမ်းပန်းကန်လုံး တစ်လုံးစာထည့်ပြီး ပွက်ပွက်ဆူအောင် အိုးအဖုံးမအုပ်ဘဲ တည်ပေးပါ
  • ရေဆူလာပြီဆို အရသာမြည်းပြီး ပူပူလေး သုံးဆောင်နိုင်ပါပြီ။
သပွတ်ပွင့်

သပွတ်သီးပင်

သပွတ်သီး

သပွတ်သီးချက်ရန် ပြင်ဆင်ထားပေးပါတယ်

သပွတ်သီးကြော်ချက် ချိုချိုလေး ရပါပြီ

1 comment:

  1. အိုင်အိုရာ မနေ့ က ငရုတ်ပင်နားမှာ တွေ့ တဲ့အသီးကြားကြားလေးလားမမာ။
    မနေ့ က သေချာကြည့်ပေမဲ့ အရွက်တွေ နဲ့ ရောနေတော့ သပွတ်သီးနဲ့ တူတာစိတ်ထင်လို့ လို့ ထင်တာ။ အိုင်အိုရာ က သပွတ်ရွက်လေးတွေ ပြုတ်တို့ ရတာတို့  ကြော်ချက်တို့ ဟင်းချိုတို့  အရမ်းကြိုက်တာ။
    အပင်လေးတွေ အဲဒီလောက်ဖြစ်ထွန်းအောင်စိုက်နိုင်တာလည်း တော်ရုံ ဂရုစိုက်လို့ တော့မရနိုင်ဘူးနော်မမာ။
    မမာ ကလက်ဆိတ်ရှိတယ်ပြောရမယ်။
    အပင်ပုံလေးတွေ မှတ်မှတ်ရရ တင်ပေးလို့ ကျေးဇူးပါနော်မမာ။
    အိုင်အိုရာ

    ReplyDelete