Showing posts with label အရည်သောက်ဆမ်း စားဖွယ်ရာများ. Show all posts
Showing posts with label အရည်သောက်ဆမ်း စားဖွယ်ရာများ. Show all posts

Wednesday, 5 August 2026

မှိုအစပ်ဟင်း

 

မနေ့က ဈေးကိုသွားတော့ Oyster Mushrooms မှိုလေးတွေ ဝယ်လာခဲ့တယ်။


အိမ်ရောက်တော့ မှိုကြိုက်တဲ့ သမီးကို ဘယ်လိုလေး စားချင်လဲလို့ မေးလိုက်တယ် ငရုတ်သီးလေးနဲ့ အစပ်လေး ချက်စားရင် ကောင်းမယ်တဲ့။


ဒါနဲ့ဘဲ ဝါးလိုက်ရင် ဝါးလို့ကောင်း စားလို့ကောင်းတဲ့ မှိုလေးတွေကို ခပ်စပ်စပ်လေး ချက်ပေးလိုက်မိပါတယ်။


စားပြီးတဲ့ အခါမှာတော့ လျှာတွေလဲ ဂျွမ်းထိုးကုန်ပါပြီ မေမေရေတဲ့။


သတ်သတ်လွတ် ဟင်းလေးဖြစ်သလို့ စားလို့အရမ်းကောင်းပြီး လွယ်ကူမြန်ဆန်စွာ ချက်လို့ရတဲ့အတွက် မာမာ ချက်တဲ့နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်၊၊


ပါဝင်ပစ္စည်းများ

****************


၁။ Oyster Mushrooms - 500g

၂။အချိုမှုန့် - လက်ဖက်ရည်ဇွန်း တဝက်သာသာ

၃။ ဆား - လက်ဖက်ရည်ဇွန်း တဝက်

၄။ ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း

၅။ နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ

၆။ ကြက်သွန်ဖြူ အမွှာကြီးကြီး -‌ လေးမွှာ

၇။ ကြက်သွန်နီ - အနေတော် တခြမ်း

၈။ ငရုတ်သီးစိမ်း အနီရောင် - မိမိစားနိုင်သလောက်သုံးပါ


ပြင်ဆင်ပုံ

**********

၁ ။ မှိုကို ရေဆေးပြီး မထူမပါးလေးတွေ မွှာထားပါ။

၂။ ကြက်သွန်နီကို အခွံခွာကာ ရေဆေးပြီးမှ ခပ်ပါးပါးလှီးပါ။

၃။ ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ။

၄။ ငရုတ်သီးစိမ်းကို ရေဆေးကာ မညက်တညက်လေး ထောင်းထားပါ။

၅။ ဒယ်အိုးတလုံးကို အပူပေးကာ ဆီထည့်ပါ

၆။ ဆီပူလာပါက နနွင်းမှုန့် ထည့်ပေးပါ

၇။ ပြီးတာနဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ကို နွမ်းရုံလေး ဆီသတ်ပါ

၇။ ကြက်သွန်များ နွမ်းတာနဲ့ ငရုတ်သီးစိမ်း ထောင်းထားတာကို ထည့်ကြော်ပါ။

၈။ ငရုတ်သီးနံ့ သင်းလာတာနဲ့ ဆားနှင့် မှိုကိုထည့်ကြော်ပါ။

၉။ မှိုများနွမ်းလာတာနဲ့ အရည်အနည်းငယ်နှင့် အချိုမှုန့်တို့ထည့်ကာ ရေဆူအောင် တည်ပေးပါ။

၁၀။ ရေပွက်ပွက် ဆူလာတာနဲ့ ကိုယ်လိုချင်သလောက် ရေထည့်ကာ အရသာမြည်း၍ လိုတဲ့အရသာ အချိုနဲ့အငံကို ပြင်ပေးပါ။

၁၁။ ရေပွက်ပွက် ဆူလာပြီး အရသာလဲ အနေတော်ရပြီ ဆိုတာနဲ့ မှိုအစပ်ဟင်းကို ထမင်းပူပူလေးနဲ့ တွဲဖက်ကာ သုံးဆောင်နိူင်ပါပြီရှင်။


#မှိုအစပ်ဟင်း #အရသာလျှာကသိ #လျှာဂျွမ်းထိုးဟင်း #မာအာ့လက်ရာစားဖွယ်ရာများ #မာမာ့ရဲ့မီးဖိုဆောင် #စားကြပါအုံးရှင့်

Wednesday, 15 April 2026

သပွတ်သီး ပဲကြာဇံ ဟင်းချို

 


မာမာ ဒီနေ့တော့ သပွတ်သီးကို ပဲကြာဇံနဲ့ အရည်သောက်ဆမ်း ကြော်ချက်လေး ချက်ပါတယ်။ 

ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။


ပါ၀င်ပစ္စည်းများ

  1. သပွတ်သီး - အနေတော် တစ်တောင့်
  2. ငါးပြုပ်ပြီးသား -အနေတော် တစ်တုံး
  3. ပဲကြာဇံ - အနည်းငယ်
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  5. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  7. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  8. ဆီ - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ


ပြင်ဆင်ပုံ

  • သပွတ်သီးရဲ့ အပေါ်ဖက်မှ အခွံများကို အခွံခွာဓါးဖြင့် ခွာပေးပါ
  • အခွံများ ခွာပြီးပါက ထိပ်နှစ်ဖက်ဖြတ်ကာ ရေဆေးပေးပါ
  • ရေဆေးပြီးမှ ထက်ဝက်ခြမ်းကာ ခပ်စောင်းစောင်း ထူထူလေးတွေ လှီးပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ငါးပြုပ်ကို အရိုးထွင်ပြီး အပေါ်ယံ အရည်ခွံကိုဖယ်ထားပါ
  • ပဲကြာဇံကို ရေမြုပ်အောင်ထည့်ပြီး ရေစိမ်ထားပါ
  • ဇောက်နက်သော အနေတော် အိုးတစ်လုံးထဲမှာပု ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ နနွင်းမှုန့် ထည့်ပေးကာ ကြက်သွန်ဖြူနှင့် ကြက်သွန်နီကိုထည့်ပြီး ကြော်ပေးပါ
  • ကြက်သွန်များ နွမ်းသွားတာနဲ့ ငါးပြုပ် သပွတ်သီး ဆားနှင့် အချိုမှုန့် တို့ကိုထည့်ပေးကာ ကြော်ပေးပါ
  • အရသာ သမသွားတာနဲ့ မိမိနှစ်သက်သလောက် ရေထည့်ပြီး တည်ပေးပါ
  • ဟင်းရည်အိုး ပွက်ပွက်ဆူလာတာနဲ့ ပဲကြာဇံကို ထည့်ပေးပါ
  • ပဲကြာဇံက ခနလေးနဲ့ နူးလွယ်ပါတယ်
  • သပွတ်သီး အစိမ်းရောင် မပြောင်းအောင် အိုးအဖုံးကိုဖွင့်ကာ တည်ပေးပါ
  • သပွတ်သီး နူးလာတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ မီးပိတ်ပေးပြီး အိုးကိုမီးဖိုပေါ်က ဖယ်ထားပြီး သုံးဆောင်နိူင်ပါပြီ။

Sunday, 12 October 2025

ကြာဇံချက်



မာမာတို့ဆီမှာ ရာသီဥတုက အရမ်းပူနေတဲ့အတွက် ပူပူစပ်စပ်လေးတွေ စားရင် အဆင်မပြေမှန်း သိနေပေမဲ့ ကြာဇံချက်ဘဲ သောက်ချင်စိတ်က ပေါ်လာပါတယ် ဒါကြောင့်မို့လို့ ဒီနေ့တော့ ကြာဇံချက်လေး ချက်ဖြစ်ပါတယ်။

ကြာဇံချက် ချက်နည်းလေး မကြာမကြာ တင်ဖြစ်တဲ့အတွက် ကြာဇံချက်ထဲ ထည့်ရမဲ့ ပါဝင်ပစ္စည်းတွေက အရင်ချက်နေကျအတိုင်း ပါဝင်ပစ္စည်းတွေက အတူတူပါဘဲ။

ဒါကြောင့်မို့လို့ ဒီနေ့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ကြာဇံချက် ချက်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကြက်ရင်ပုံသား - နှစ်ဆယ်သား
  2. ဆား -လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ကြက်သားပြုပ်ရန်)
  3. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း (ကြက်သားပြုပ်ရန်)
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (ကြက်သားပြုပ်ရန်)
  5. ကြက်ရိုး - သုံးဆယ်သားခန့်
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ကြက်ရိုးပြုပ်ရန်)
  7. ပဲကြာဇံ အခြောက် – 200 g
  8. ကြက်သွန်နီ - ခပ်သေးသေး ၅လုံး (ဟင်းရည်ထဲထည့်ရန်)
  9. ကြက်သွန်နီ - အလုံးကြီးကြီး တစ်လုံး (အချဉ်တည်ရန်)
  10. ကြက်သွန်နီ အနေတော် တစ်လုံး (ကြက်သားဆီသတ်ရန်)
  11. ကြက်သွန်ဖြူ - သုံးမွှာ (ကြက်သားဆီသတ်ရန်)
  12. ငရုတ်သီးစိမ်း - စားနိူင်သလောက် (အချဉ်တည်ရန်)
  13. သံပုရာသီး - သုံးလုံးခန့် (အချဉ်တည်ရန်)
  14. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (အချဉ်တည်ရန်)
  15. ဂေါ်ဖီ - တစ်စိတ်ခန့် (အချဉ်တည်ရန်)
  16. နံနံပင် - စားနိူင်သလောက်
  17. မှိုခြောက် – 30 gခန့်
  18. ပဲလိပ်ခြောက် – 30 g
  19. ပန်းခြောက် – 30 gခန့်
  20. နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း တစ်၀က် (ဆီသတ်ရန်)
  21. ငရုတ်သီး အရောင်တင်မှုန့် – လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ဆီသတ်ရန်)
  22. ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်း
  23. ငါးငံပြာရည် – ထမင်းစားဇွန်း ၄ဇွန်း
  24. အချိုမှုန့် – လက်ဖက်ရည်ဇွန်း ၂ဇွန်း
  25. ဆီ – ထမင်းစားဇွန်း ၄ဇွန်း
  26. ကြက်သွန်ဖြူ  - လေးမွှာ (ဟင်းရည်အနံ့ အရသာအတွက် သုံးရန်)
  27. ငရုတ်ကောင်း - ၁၀စေ့ခန့် (ဟင်းရည်အနံ့ အရသာအတွက် သုံးရန်)

အချဉ်နှင့် တွဲဖက်စားရန်အတွက် ပြင်ဆင်ရန် 
ပါ၀င်ပစ္စည်းများ
  1. ကြက်သွန်နီကို အခွံခွာ၍ အလုံးလိုက် ရေဆေးပြီး ပါးပါးလှီးကာ ရေဆေးတစ်ထပ် ဆေးထားပါ
  2. ငရုတ်သီးစိမ်းကို ရေဆေးပြီး ပါးပါးလှီးထားပါ
  3. ဂေါ်ဖီကို ခပ်ပါးပါးလှီးပြီး ရေဆေးထားကာ အားလုံးကို ဆားနှင့် သံပုရာသီး တခြမ်းညှစ်၍ နယ်ထားပါ
  4. နံနံပင်ကို ရေဆေးပြီး အနေတော် လှီးထားပါ
  5. သံပုရာသီးကို အစိတ်လေးတွေ စိတ်ထားပါ
  6. ငရုတ်သီးအလှော်မှုန့်ကို  ပြင်ထားပါ
  7. ငါးငံပြာရည်ကို ပြင်ထားပါ

 ကြက်သားဆီသတ်ရန် ပြင်ဆင်ပုံ
  • ကြက်သားကို ရေဆေးပြီး ငါးငံပြာရည် ဆားနှင့် နနွင်းမှုန့်တို့ထည့်ကာ အရသာဝင်အောင် နယ်ပေးပါ
  • ပြီးတာနဲ့ ဇောက်နက်သော အနေတော်အိုးထဲမှာ ကြက်သားကို ရေမြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ
  • ပြုပ်ထားသော ရေခမ်းတာနဲ့ မိမိနှစ်သက်သလို အတုံးလေးတွေ တုံးထားပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီတို့ကို အခွံခွာပြီး ငရုတ်သီး အရောင်တင်မှုန့်နှင့် ညက်နေအောင် ထောင်းပေးပါ
  • ပြီးတာနဲ့ ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ငရုတ်သီးထောင်းပြီးသားကို ထည့်ပြီးဆီသတ်ပေးပါ
  • ဆီသတ်နေစဉ် မကြာမကြာ မွှေပေးပြီး ငရုတ်သီးထောင်းများ မွလာပါက ကြက်သားပြုပ်ကို ထည့်ပေးပါ
  • ဆီသတ်နံ့လေး သင်းလာပါက မီးပိတ်ထားပါ
ကြက်ရိုးပြုပ်ရန်
  • ကြက်ရိုးများကို အနေတော် ခုတ်ပိုင်းပြီး ရေဆေးပြီး ဇောက်နက်သော အိုးထဲမှာ ထည့်ပေးပါ
  • အရင်ဆုံး ကြက်ရိုးများမြုပ်အောင် ရေထည့်ပြီး ပြုပ်ပေးပါ
  • ကြက်ရိုး ပြုပ်နေစဉ် အပေါ်မှာ တက်လာသော အမြှုပ်များပို ခပ်ပြီးသွန်သွန်ပေးပါ
  • အရိုးမှ အချိုရည်များ ထွက်လောက်ပါက မီးပိတ်ထားပေးပါ
ဟင်းရည်ချက်ရန် ပြင်ဆင်ပုံ
  • ပဲကြာဇံ မှိုခြောက် ပန်းခြောက် ပဲလိပ်တို့ကို သတ်သတ်ဇလုံ တစ်လုံးစီမှာ ရေမြုပ်အောင်ထည့်ပြီး တစ်နာရီလောက် စိမ်ထားပါ
  • ရေစိမ်ချိန် ပြည့်ပါက ပဲကြာဇံ ပဲလိပ်နှင့် ပန်းခြောက်တို့ကို ရေဆေးပြီ ရေစစ်ထားပါ
  • မှိုခြောက်မှာ ကပ်နေသော သဲနှင့်ခဲများ စင်သွားအောင် ရေ ငါးထပ်လောက် ဆေးပြီးရေစစ်ထားပါ
  • ကြက်သွန်နီ အလုံးသေးများကို အခွံခွာပြီး ရေဆေးထားပါ
  • ကြက်သွန်ဖြူ သုံးမွှာကို အခွံခွာပြီး ရေဆေးကာ ငရုတ်ကောင်းနှင့် ရောထောင်းထားပါ
  • အားလုံး အဆင်သင့် ဖြစ်ပါက ကြက်ရိုးပြုပ်ရည် အိုးထဲကို ဆီသတ်ထားသော ကြက်သားများ ထည့်ပေးပါ
  • ရေကိုအနေတော် ချင့်ချိန်ထည့်ပြီး ဟင်းရည်အိုးကို ပွက်ဆူပွက်အောင် တည်ပေးပါ
  • ဟင်းရည်အိုး ပွက်ပွက်ဆူလာတာနဲ့ ကြက်သွန်နီ ပဲလိပ် မှိုခြောက် ပန်းခြောက်တို့ကို ထည့်ပေးကာ ပွက်ပွက် ဆူလာအောင် ထပ်ပြီး တည်ပေးပါ
  • ပြီးတာနဲ့ ပဲကြာဇံ ငါးငံပြာရည် ဆားနှင့် အရသာမှုန့်တို့ကို ထည့်ပြီးမွှေပေးကာ အရသာ မြည်းပေးပါ
  • အရသာကို မိမိစိတ်ကြိုက် ရလာအောင် ပြင်ပေးပြီး ထောင်းထားသော ငရုတ်ကောင်း ကြက်သွန်ဖြူထောင်းကို ခပ်ပေးပါ
  • ပြီးတာနဲ့ မီးပိတ်ပြီး ဟင်းရည်အိုးကို မီးဖိုပေါ်မှ ဖယ်ထားပေးပါ
  •  သံပုရာသီး ကြက်သွန်ချဉ် ငရုတ်သီးစိမ်း ငရုတ်သီးအလှော်မှုန့် နံနံပင်တို့နှင့် သုံးဆောင်နိူင်မည့် ကြာဇံချက် ပူပူလေး ရပါပြီ။

Thursday, 10 July 2025

ဗူးသီးချဉ်ရည်ဟင်း

 


မာမာ ဒီနေ့တော့ ချဉ်ရည်ဟင်း စားချင်တာနဲ့ ဗူးသီးကို ကိုင်းခရမ်းချဉ်သီးလေးတွေနဲ့ချက်ပြီး ခြံထွက်ဂျူးမြှစ်လေးအုပ် ကာချဉ်ရည်ဟင်း တစ်မယ် ချက်ပါတယ်။

ထမင်းစားလို့ မြိန်စေတဲ့ အရည်သောက်ဆမ်း ဟင်းတစ်မယ်အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချဉ်ရည်ဟင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ပုဇွန်ထုတ် - ဆယ်ကောင်
  2. ဗူးသီး - အနေတော် တစ်ခြမ်း
  3. ကိုင်းခရမ်းချဉ်သီး - အလုံးကြီး သုံးလုံး
  4. ဂျူးမြှစ် - သုံးပင်ခန့်
  5. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  7. ငရုတ်သီး အရောင်တင်မှုန့် - အနည်းငယ်
  8. ချင်း - လက်တဆစ်ခန့်
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  10. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  11. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  12. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  13. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  14. မန်ကျည်းသီးမှည့် - ထမင်းစားဇွန်း တစ်ဇွန်းစာ

ပြင်ဆင်ပုံ
  • ပုဇွန်များကို ရေဆေးပြီး အခွံခွာ ခေါင်းဖြုတ်ကာ မလိုတာတွေ ဖယ်ပေးထားပါ
  • ဗူးသီးကို အပြင်ခွံခွာပြီး သင့်သလိုလှီးပြီး ရေဆေးကာ ရေစစ်ထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • ဂျူးမြှစ်ကို ရေဆေးပြီး ရေစစ်ထားပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီးမှုန့်ထည့်ပြီး ညက်နေအောင် ထောင်းထားပါ
  • မန်ကျည်းသီးမှည့်ကို ရေတစ်ထပ်ဆေးပြီး ရေနွေးနှင့် စိမ်ထားပါ
ဟင်းချက်ပုံ
  • ဇောက်နက်သော အိုးထဲမွာ ပုဇွန်များ ဗူးသီးများ ခရမ်းချဉ်သီးများ နနွင်းမှုန့် ဆား ငါးငံပြာရည် အရသာမှုန့် ဆီနှင့် ကြက်သွန်ဖြူ ကြက်သွန်နီနှင့် ချင်းထောင်းတို့ကိုထည့်ပြီး နယ်ပေးပါ
  • အရသာ နယ်ပြီးပါက ရေအနည်းငယ်ထည့်ပြီး အရင်ဆုံး လုံးရည် ရေဆူအောင် တည်ပေးပါ
  • ရေဆူလာတာနဲ့ အထက်အောက် သမအောင်မွှေပေးပြီး အဖုံးအုပ်ကာ ပြန်တည်ထားပါ
  • အသီးအရွက်များ တော်တော်လေး နွမ်းလာတာနဲ့ ရေကိုလိုသလောက်ထည့်ပြီး ပွက်ပွက်ဆူအောင် ပြန်တည်ပေးပါ
  • ရေပွက်ပွက်ဆူကာ မန်ကျည်းသီးမှည့် အနှစ်ထည့်ပြီး ရေကို တစ်မိနစ်လောက် ထပ်ဆူအောင် ထားလိုက်ပါ
  • ပြီးတာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် လိုသလို ပြင်ပေးကာ ဂျူးမြှစ်ကို ပိုင်းဖြတ်၍ အုပ်ပေးပြီး မီးပိတ်ပေးပါ
  • ထမင်းမြိန်စေမဲ့ ဂျူးမြှစ်အရသာ မွှေးလွန်းတဲ့ ဗူးသီးချဉ်ရည်ဟင်း ပူပူလေးကို စားသုံးလို့ ရပါပြီ။

Monday, 7 July 2025

ကင်မ်ချီဟင်းချို


 မာမာ အခုရက်ထဲ ချဉ်ငံစပ်လေးတွေ စားချင်တာနဲ့ ဒီနေ့တော့ ကင်မ်ချီဟင်းချို ချက်သောက်ဖြစ်ပါတယ် ချက်ရတာလဲ လွယ်သလောက် သောက်ရတာလဲ အရမ်းကောင်းပါတယ်။

ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ကင်မ်ချီ ချည်ဟင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ကင်မ်ချီ - ထမင်းစားဇွန်း ငါးဇွန်း (အဆင်သင့် လုပ်ပြီးသားကင်မ်ချီ)
  2. အမဲသားပြား - မိမိနှစ်သက်သလောက်သုံးပါ
  3. ပဲပြားအပျော့ - နှစ်တုံး
  4. မုံလာဥနီ - အနေတော် တစ်ဥ
  5. တရုတ်မုန့်ညှင်းဖြူ - မိမိနှစ်သက်သလောက်
  6. အပ်မှို - မိမိနှစ်သက်သလောက်
  7. အမဲသား - အနေတော် လေးတုံးခန့်
  8. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  9. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  10. ချင်း - လက်တဆစ်ခန့်
  11. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  12. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  13. သံပုရာသီး - တစ်ခြမ်း
  14. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ပြင်ဆင်ပုံ
  • ကင်မ်ချီနှင့် အမဲသားပြားကို အဆင်သင့် ပြင်ထားပါ
  • မုံလာဥနီကို အပြင်ခွံခွာပြီး ထက်ဝက်ခြမ်းကာ သင့်သလိုလှီးပြီး ရေဆေးကာ ရေစစ်ထားပါ
  • တရုတ်မုန့်ညှင်းဖြူကို အနေတော်လှီးပြီး ရေဆေးကာ ရေစစ်ထားပါ
  • ပဲပြားကို ရေဆေးပြီ ခပ်ထူထူ အတုံးလေးတွေ လှီးထားပါ
  • အပ်မှိုကို ရေဆေးပြီး ရေစစ်ထားပါ
  • သံပုရာသီးကို ရေဆေးပြီး ထက်ခြမ်းခြမ်းထားပါ
  • အမဲသားကို ရေဆေးပြီး အိုးထဲထည့်ကာ ရေအနည်းငယ်ထည့်ပြီး ပြုပ်ထားပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
  • ဇောက်နက်သော အိုးထဲမှာ ပြုပ်ပြီး ထည့်ထားသော အမည်းသား လှီးထားသော မုံလာဥနီ ကြက်သွန်ထောင်း ကင်မ်ချီနှင့် မုန့်ညှင်းဖြူနှင့် ရေတို့ကိုထည့်ကာ တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့  အမဲသားပြား ဆား ငံပြာရည်နှင့် အရသာမှုန့်တို့ကို ထည့်ကာ တည်ပေးပါ
  • ရေဆူလာတာနဲ့ အထက်အောက် သမအောင်မွှေပေးပြီး အရသာကို မြည်းပေးပါ
  • ပြီးတာနဲ့ သံပုရာရည် အပ်မှိုနှင့် ပဲပြားတို့ကို ထည့်ပေးပြီး ရေဆူအောင် တည်ပေးကာ မီးပိတ်ပေးပါ
  • အရသာ ရှိလွန်းတဲ့ အမဲသား ကင်မ်ချီဟင်းချိုကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Monday, 9 June 2025

ဝက်နံရိုးဟင်းချို

 


မာမာ မနေ့က ဈေးသွားရင်းက ဟင်းချိုချက်ဖို့  ဝက်နံရိုးလေးတွေ ဝယ်လာခဲ့ပြီး ဝက်နံရိုးပေါင်း ဟင်းချိုလေး လုပ်စားဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ မနေ့က လုပ်စားဖြစ်တဲ့ ဝက်နံရိုးပေါင်း ဟင်းချိုရည် လုပ်နည်းလေးကို ဒီနေ့မှာ မျှဝေပေးလိုက် ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ဝက်နံရိုး -500 g
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  4. ချင်း - ခပ်ပါးပါး ငါးပြား
  5. ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ
  6. ငရုတ်ကောင်းမှုန့် - အနည်းငယ်
  7. ကြွေပန်းကန်လုံး - အနေတော် တစ်လုံး ( ဝက်ရိုးထည့်ရန်)
  8. သခွားသီး - တစ်လုံး
  9. ပေါင်းအိုး - တစ်လုံး
ပြင်ဆင်ပြုလုပ်ပုံ
  • ဝက်နံရိုးများကို အနေတော် ခုတ်ပေးကာ ရေစင်အောင်ဆေးပြီး ပန်ကန်လုံး တစ်လုံးထဲမှာ ထည့်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  • ချင်းကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့  ဝက်နံရိုးပေါင်းဖို့ ပြင်ဆင်ပေးပါ
ဝက်နံရိုး ပေါင်းရန်
  • သခွားသီးကို အခွံခွာပြိး လှီးထားပါ
  • ပန်ကန်ထဲမှာ ထည့်ထားသော ဝက်နံရိုးများ သခွားသီး ဆား အရသာမှုန့် ချင်းနှင့် ကြက်သွန်ဖြူတို့ထည့်ပြီး အရသာဝင်အောင် နယ်ပေးပါ
  • အရသာ နယ်ပြီးတာနဲ့ ရေအနည်းငယ် ထည့်ပေးပါ
  • ဝက်နံရိုး ပန်းကန်ထည့်မည့် ပေါင်းအိုးထဲကို ပေါင်းခံခုံလေး ထိတဲ့အထိ ရေထည့်ပေးပါ
  • ထိုပေါင်းခံ ခုံလေးပေါ်မှာ ပေါင်းခံမည့် ဇကာလေးကို တင်ပေးပါ
  • ထို ဇကာလေးလေး အပေါ်မှာ အရသာ နယ်ထားသော ဝက်နံရိုး ပန်းကန်ကို တင်ပေးပါ
  • ပြီးတာနဲ့ အိုးအဖုံးကို သေသေချာချာ ပိတ်ပေးပြီး steam ခလုတ်ကိုနှိပ်ကာ မိနစ်လေးဆယ် နာရီခလုတ်ကို ချိန်ပေးကာ ပေါင်းပေးပါ
  • ဝက်နံရိုး ပေါင်းတဲ့အချိန် ပြည့်တာနဲ့ အိုးထဲမှ လေကုန်အောင် ထုတ်ပေးပါ
  • ပြီးမှ အိုးအဖုံးကို ဖွင့်ပေးကာ ဝက်နံရိုး ပန်းကန်ထဲမှ ဝက်ရိုးပြုပ်ရည်ကို မိမိနှစ်သက်သလောက် ရေနွေးပူပူလေး ထပ်ရောက အရသာ မြည်းပေးပါ
  • မိမိစိတ်ကြိုက် အရသာ ရလာပြီ ဆိုတာနဲ့ ဝက်နံရိုးပေါင်း ပန်ကန်ကို အပြင်သို့ ထုတ်ပေးပါ
  • ပြီးတာနဲ့ ငရုတ်ကောင်းမှုန့် ထည့်ပေးကာ ဝက်နံရိုးပေါင်း ဟင်းချိုကို သုံဆောင်နိူင်ပါပြီ။

Tuesday, 20 May 2025

အမဲအူပြုပ်

 

မာမာ ဒီနေ့တော့ အမဲအူကြမ်းလေးတွေ ဝယ်လာပြီး အမဲအူကြမ်းပြုပ်လေး ပြုပ်ဖြစ်ပါတယ် သောက်လို့လဲ အရမ်းကောင်းပါတယ်။

ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး အမဲအူကြမ်း ပြုပ်ထားတဲ့ ပြုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။


ပါ၀င်ပစ္စည်းများ
  1. အမဲအူကြမ်း - ကီလိုဝက်
  2. ချင်း -  တစ်လက်မခန့် 
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး ဆယ့်နှစ်မွှာ
  4. စပါးလင် - နှစ်ပင်
  5. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  7. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
  8. သံပုရာသီး - တစ်လုံး (ရေဆေးပြီး လှီးထားပါ)
  9. နံနံပင် - နှစ်သက်သလောက်(‌ရေဆေးပြီး လှီးထားပါ)
ပြင်ဆင်ပုံ
  • အမဲအူကို ရေစင်အောင် ဆေးထားပါ
  • ချင်းကို အခွံခွာပြီး ရေဆေးကာ အတုံးလိုက် ထုထားပါ
  • စပါးလင်ကို အပင်လိုက် ‌ရေဆေးကာ အပင်လိုက်ထုံးပြီး ထုထားပါ
  • အမဲအူ အတုံးလိုက်ကို နနွင်းမှုန့် ဆား အရသာမှုန့်  ချင်းနဲ့ စပါးလင်တို့ ထည့်ကာ အရသာဝင်အောင် နယ်‌ပေးပါ
  • ပြီးတာနဲ့ ရေအနည်းငယ်ထည့်ကာ အဖုံးအုပ်ပြီး ပြုပ်ပေးပါ
  • အရင်ဆုံး ထည့်ထားတဲ့ ရေမခမ်းခင် နောက်ထပ်ရေမြုပ်အောင်ထည့်ပြီး ရေခမ်းတဲ့အထိ ထပ်ပြုပ်ပေးပါ
  • ရေခမ်းသွားတာနဲ့ အနေတော် အတုံးလေးတွေ တုံးပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာကာ ရေဆေးပြီး ဓါးပြားရိုက်ထားပါ
  • ဇောက်နက်သော အိုးထဲမှာ ရေခပ်များများထည့်ပြီး အမဲအူများထည့်ကာ ပြုပ်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့  အရသာအတွက် ဆားနှင့် အရသာမှုန့်ကို  သင့်သလို ထပ်ထည့်ပေးကာ ပွက်ပွက် ဆူလာအောင်  ပြုပ်ပေးပါ
  • ဟင်းရည်အရသာကို မြည်းပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပြီး  ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူနှင့် ငရုတ်ကောင်းမှုန့်ထည့်ပေးကာ မီးမျှင်းမျှင်းနှင့် တည်ထားပါ
  • ဟင်းရည်သောက်ခါနီး ပူနေပါမှ အရသာရှိပြီး မွှေးရနံ့သင်းပျံ့တဲ့ အမဲအူ အရသာကို ရမှာ ဖြစ်ပါတယ်။
  • ဟင်းရည် အဆင်သင့် ဖြစ်တာနဲ့ အမဲအူဟင်းချိုကို နံနံပင်နှင့် သံပုရာရည်ညှစ်ထည့်ကာ မိမိနှစ်သက်တာလေးတွေနဲ့ တွဲဘက်ပြီး သောက်သုံးရန် ပြင်ပေးနိူင်ပါပြီ။

Saturday, 17 May 2025

ဗူးသီးချဉ်ရည်ဟင်း






ဒီနေ့တော့ ချဉ်ရည်ဟင်း စားချင်တာနဲ့ ဗူးသီးကို ကိုင်းခရမ်းချဉ်သီးလေးတွေနဲ့ ချဉ်ရည်ဟင်း တစ်မယ် ချက်ပါတယ် ထမင်းစားလို့ မြိန်စေတဲ့ အရည်သောက်ဆမ်း ဟင်းတစ်မယ်အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချဉ်ရည်ဟင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ပုဇွန်ထုတ် - ဆယ်ကောင်
  2. ဗူးသီး - အနေတော် တစ်ခြမ်း
  3. ကိုင်းခရမ်းချဉ်သီး - အလုံးကြီး သုံးလုံး
  4. မျှင်ငပိ - အနည်းငယ်
  5. နံနံပင် - ၇ ခက်ခန့်
  6. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  7. ကြက်သွန်ဖြူ  - အမွှာကြီးကြီး နှစ်မွှာ
  8. ငရုတ်သီးမှုန့် - အနည်းငယ်
  9. ချင်း - လက်တဆစ်ခန့်
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  11. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  12. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  13. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  14. မန်ကျည်းသီးမှည့် - ထမင်းစားဇွန်း တစ်ဇွန်းစာ
  15. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ပြင်ဆင်ပုံ
  • ပုဇွန်များကို ရေဆေးပြီး အခွံခွာ ခေါင်းဖြုတ်ကာ မလိုတာတွေ ဖယ်ပေးထားပါ
  • ဗူးသီးကို အပြင်ခွံခွာပြီး သင့်သလိုလှီးပြီး ရေဆေးကာ ရေစစ်ထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • နံနံပင်ကို ရေဆေးပြီး ရေစစ်ထားပါ
  • မျှင်ငပိကို ရေအနည်းငယ်နှင့် ဖျော်ထားပါ
  • ကြက်သွန်ဖြူ  ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီးမှုန့်ထည့်ပြီး  ညက်နေအောင် ထောင်းထားပါ
  • မန်ကျည်းသီးမှည့်ကို ရေတစ်ထပ်ဆေးပြီး ရေနွေးနှင့် စိမ်ထားပါ
ဟင်းချက်ပုံ
  • ဇောက်နက်သော အိုးထဲမွာ ပုဇွန်များ ဗူးသီးများ ခရမ်းချဉ်သီးများ နနွင်းမှုန့် ဆား မျှင်ငါးငပိ အရည်ဖျော် ငါးငံပြာရည် အရသာမှုန့် ဆီနှင့်  ကြက်သွန်ဖြူ  ကြက်သွန်နီနှင့် ချင်းထောင်းတို့ကိုထည့်ပြီး နယ်ပေးပါ
  • အရသာ နယ်ပြီးပါက ရေအနည်းငယ်ထည့်ပြီး အရင်ဆုံး လုံးရည် ရေဆူအောင် တည်ပေးပါ
  • ရေဆူလာတာနဲ့ အထက်အောက် သမအောင်မွှေပေးပြီး အဖုံးအုပ်ကာ ပြန်တည်ထားပါ
  • အသီးအရွက်များ  တော်တော်လေး နွမ်းလာတာနဲ့  ရေကိုလိုသလောက်ထည့်ပြီး ပွက်ပွက်ဆူအောင် ပြန်တည်ပေးပါ
  • ရေပွက်ပွက်ဆူကာ မန်ကျည်းသီးမှည့် အနှစ်ထည့်ပြီး ရေကို တစ်မိနစ်လောက် ထပ်ဆူအောင် ထားလိုက်ပါ
  • ပြီးတာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် လိုသလို ပြင်ပေးကာ နံနံပင် အုပ်ပေးပြီး မီးပိတ်ပေးပါ
  •  ထမင်းမြိန်စေမဲ့  အရသာ မွှေးလွန်းတဲ့ ဗူးသီးချဉ်ရည်ဟင်း ပူပူလေးကို စားသုံးလို့ ရပါပြီ။

Tuesday, 29 April 2025

ကျောက်ဖရုံသီးဟင်းခါး

 


မာမာ ဒီနေ့တော့ ကျောက်ဖရုံသီး တစိတ်၀ယ်လာကာ ဟင်းခါးတမယ် ချက်ဖြစ်ပါတယ် ငရုတ်ကောင်းမှုန့် ခပ်များများလေးနဲ့ ချက်တဲ့အတွက် သောက်လို့အရမ်းကောင်းပါတယ်။

ဒါကြောင့်မို့လို့ အရည်သောက်ဆမ်း စားမြိန်ဟင်း တမယ်အတွက် မာမာချက်ထားတဲ့ ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကျောက်ဖရုံသီး - အနေတော်တစိတ်
  2. ငါးပြုပ်ပြီး အရိုးထွင်ပြီးသား - ထမင်းစားဇွန်း နှစ်ဇွန်းစာ
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  4. ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  5. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. ငရုတ်ကောင်းမှုန့် - အနည်းငယ်
  7. ရေ - လိုသလောက်

ပြင်ဆင်ပုံ
  • ကျောက်ဖရုံသီးကို အခွံခွာပြီး ရေဆေးပေးကာ  ခပ်ထူထူ အတုံးလေးတွေ တုံးပေးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  • အားလုံးအဆင်သင့်ဖြစ်ပါက ကြက်သွန်ဖြူနှင့် ငရုတ်ကောင်း တို့ကို ညက်နေအောင် ထောင်းထားပါ
  • ဇောက်နက်သော အိုးတစ်လုံးထဲမှာ ငါးပြုပ်ပြီးသားနှင့် ရေတို့ထည့်ကာ တည်ပေးပါ
  • ရေဆူလာတာနဲ့ ကျောက်ဖရုံသီး ဆားနှင့်အရသာမှုန့်တို့ ထည့်ပေးပါ
  • ကျောက်ဖရုံသီးများ နူးလာပါက အရသာမြည်းကာ မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • ပြီးတာနဲ့ ကြက်သွန်ထောင်းကို ထည့်မွှေပြီးတာနဲ့ စားသုံးရန် ပြင်ဆင်နိူင်ပါပြီ
  • ငါးပိထောင်း ချဉ်ငံစပ်လေးနှင့် လိုက်ဖက်လွန်းသော ကျောက်ဖရုံသီးဟင်းခါး အရည်သောက်ဆမ်းဟင်းကို နှစ်သက်သလို သုံးဆောင် နိူင်ပါပြီ။

Wednesday, 23 April 2025

မယ်ဇလီရွက်ဟင်းချို

 


မနေ့က လမ်းလျှောက်အပြန် မယ်ဇလီပင်တန်းမှာ အရွက်တွေ နုနေတာတွေ့လို့ လက်လှမ်းမှီသလောက် လက်တဆုတ်စာခူးပြီး ပြန်လာလိုက်တယ်။

အိမ်ရောက်တော့ မနက်ဖြန်ချက်ရင် အဆင်သင့်ဖြစ်အောင် ပြုပ်ထားလိုက်တယ်။

မနက်ကျတော့ ပူပူလေးစားရအောင် ချက်လိုက်တယ်ပါတယ်။

မယ်ဇလီဟင်းချိုက ချက်တတ်ရင် သောက်လေ သောက်လေ မ၀နိုင်လေပါဘဲ။
 
မချက်တတ်ရင်တော့ အခါးဖက် အန ််််််််််််််််််််််််််််််််််််််််််််််််််််််််််် သောက်လို့မကောင်းလှပါဘူး ။

အခုဟင်းရလေးကို မာမာ့အမေချက်တဲ့ နည်းအတိုင်း ချက်ချင်ပေမဲ့ ထမင်းရည်မရှိလို့ ဆန်မှုန့်ကို အရည်ဖျော်ပြီး ချက်ထားပါတယ်။

အမေ့လက်ရာနီးနီးတော့ ကောင်းပါတယ်လို့တော့ ပြောပါရစေ။

 ပါ၀င်ပစ္စည်းများ
  1. မယ်ဇလီကိုင်းအရွက် - လက်တစ်ဆုတ်စာ
  2. ငါးကျည်းကြပ်တိုက်ခြောက် - သုံးကောင် (မရှိလျှင် ငါးတစ်မျိုးမျိုးကို ပြုပ်ပြီးထည့်ပါ)
  3. ခရမ်းသီး - အရှည်သီး သုံးတောင့်
  4. ခရမ်းချဉ်သီး - အနေတော် နှစ်လုံး
  5. ကြက်သွန်နီ - အနေတော် သုံးဥ
  6. ကြက်သွန်နီ - တစ်ခြမ်း (ဟင်းဆီသတ်ရန်)
  7. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်ဥ
  8. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း ၄ပုံတစ်ပုံ
  10. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  11. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  12. ဆန်အစိမ်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ

ပြင်ဆင်ပုံ
  • မယ်ဇလီရွက်ကို ရေမြုပ်အောင်ထည့်ပြီး ပထမတစ်ရည် မိနစ်၂၀လောက်ပြုပ်ပြီး သွန်ပြစ်ပါ
  • နောက်တစ်ရည်လဲပြီး ၅မိနစ်လောက်ပြုပ်ကာ ရေသွန်ပြီး ရေအေးစိမ်ကာ အရွက်များ ခြွေထားပါငါးကြည်းကြပ်တိုက်ကို ရေနာရီ၀က်လောက်စိမ်ပြီး အရိုးများထွင်ထားပါခရမ်းသီးကို အနေတော်ပိုင်းဖြတ်ပြီး ရေစိမ်ထားပါ
  • ခရမ်းချဉ်သီးကို အလုံးလိုက် ရေဆေးပြီး ၄စိတ်စိတ်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးထားပါ
  • ကြက်သွန်နီ တစ်ခြမ်းကို ပါးပါးလေးတွေ လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ဆန်စိမ်းမှုန့်ကို ရေနည်းနည်းနဲ့ဖျော်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်ပါက အိုးတစ်လုံးကို အပူပေးပြီး ဆီနှင့်နနွင်းမှုန့်ထည့်ပါ
  • ဆီပူလာပါက ကြက်သွန်အဖြူ နှင့် ကြက်သွန်နီတို့ကိုထည့်ပြီး ကြော်ပေးပါ
  • ကြက်သွန်များ နူးလာပါက ငါးကြည်းခြောက်နှင့် ခရမ်းသီးကို ထည့်ပြီးဆီသတ်ပါ
  • ၂မိနစ်လောက် မွှေပြီးတာနဲ့ကြက်သွန်နီနှင့် ရေကို တရုတ်ဟင်းပြင်ပန်းကန် ၂လုံးစာထည့်ပြီး ရေဆူအောင်တည်ပါ
  • ရေဆူလာတာနဲ့ အရည်ဖျော်ထားသော ဆန်မှုန့်ရည်ကို ထည့်ပြီးမွှေပေးပါ
  • ကြက်သွန်နီနဲ့ ခရမ်းသီး နူးလာတာနှင့် ခရမ်းချဉ်သီး ဆားနှင့် အရသာမှုန့်တို့ထည့်မွှေပေးပါ
  • အရသာမြည်းပြီး လိုသလိုပြင်ကာ မယ်ဇလီရွက်ကို ထည့်မွှေပြီး တစ်မိနစ်လောက် ပေးဆူကာ မီးပိတ်ပေးပါ
  • မီးပိတ်ပြီးတာနဲ့အခါးဓါတ် မပါသလောက် ဖြစ်နေတဲ့ ဟင်းရည်ပူပူလေးကို သောက်နိုင်ပါပြီ
  • မယ်ဇလီဟင်းချိုရဲ့ လှို့ဝှက်ချက်လေးက ထမင်းရည်ထည့်ရခြင်းပါ 
  • ထမင်းရည် ထည့်တဲ့အတွက် အခါးကို သက်သာစေပြီး ဟင်းရည်ကို ခပ်ပြစ်ပြစ်လေး ရစေပါတယ် မာမာကတော့ ထမင်းရည် မရှိတဲ့အတွက် ဆန်အစိမ်းမှုန့်ကို အရည်ဖျော်ပြီး ထည့်ထားပါတယ် ထမင်းရည်ထည့်တဲ့ အရသာအတိုင်း ရစေပါတယ်။

Sunday, 6 April 2025

ကြက်သားလုံး သခွားသီးဟင်းချို



မာမာ ဒီနေ့တော့ အိမ်မှာအဆင်သင့် ရှိနေတဲ့ သခွားသီးနဲ့ ပဲကြာဇံကို ကြက်သားလုံး  လေးတွေနဲ့ ဟင်းချိုရည်လေးတမယ် ချက်ဖြစ်ပါတယ်။

 ဒါကြောင့်မို့လို့ အရည်သောက်ဆမ်း ဟင်းချိုတစ်မယ်အတွက် အလွယ်ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင် ဟင်းချိုရည်ထဲထည့်တဲ့ အသီးအရွက်တွေကတော့ မိမိနှစ်သက်တဲ့ အသီးအရွက်တွေ ထည့်နိူင်ပါတယ်။

ပါဝင်ပစ္စည်းများ
  1. သခွားသီး - အနေတော် နှစ်လုံး
  2. ပဲကြာဇံ - အနည်းငယ်
  3. ကြက်သားလုံး - ဆယ်လုံးခန့်
  4. ဆား - လိုသလောက်
  5. အရသာမှုန့် - လိုသလောက်
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  7. ကြက်ပြုပ်ရည် - 3 cups
ပြင်ဆင်ပုံ
  • ပဲကြာဇံကို ရေမြုပ်အောင်ထည့်ပြီး  နာရီဝက်လောက် ရေစိမ်ထားပါ
  • သခွားသီးကို အခွံခွာက ပြီးတာနဲ့ အနေတော် ပိုင်းဖြတ်ထားပါ
  • ကြက်ပြုပ်ရည်နှင့် ကြက်သားလုံးကို အဆင်သင့် ပြင်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ အိုးထဲမှာ ကြက်ပြုပ်ရည်နှင့် ရေထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ ကြက်သားလုံး ဆားနှင့် အရသာမှုန့်တို့ထည့်ပြီး တည်ပေးပါ
  • ပြီးတာနဲ့  ပဲကြာဇံ ကြက်သွန်ဖြူနှင့်  သခွားသီတို့ကို ထည့်ပေးပြီး ဆက်တည်ပေးပါ
  • ဟင်းရေ ပွက်ပွက်ဆူလာတာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • အရသာ ပြင်ပြီးတာနဲ့ ဟင်းချိုရည် ပူပူလေးကို သောက်သုံးရန် ပြင်ပေးနိူင်ပါပြီ။

Saturday, 22 February 2025

ဘုံလုံသီးကြော်ချက်


ဒီနေ့တော့ ဘုံလုံသီးလေးတွေကို ပုဇွန်သေးသေးလေးတွေနဲ့ အရည်သောက်ဆမ်း ဟင်းတစ်မယ် ချက်ဖြစ်ပါတယ် လွယ်ကူမြန်ဆန်တဲ့ ချက်နည်းလေးဖြစ်ကာ ထမင်းစားလို့ မြိန်စေတဲ့အတွက် အရည်သောက်ဆမ်း ဟင်းလေးလဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။ 

ပါ၀င်ပစ္စည်းများ
  1. ဘုံလုံသီး  - အနေတော် တတောင့်
  2. ပုဇွန် - မိမိနှစ်သက်သလောက်
  3. ကြက်သွန်ဖြူ  - အမွှာကြီးကြီး နှစ်မွှာ
  4. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  7. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  8. ဆီ - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ

ပြင်ဆင်ပုံ
  • ဘုံလုံသီးအပေါ်ဖက်မှ အဖြူရောင် အမှေးများကို ဓါးနှင့် စိတ်ရှည်ရှည် ခြစ်ပေးပါ
  • အမှေး များ ခြစ်ပြီးပါက ထိပ်နှစ်ဖက်ဖြတ်ကာ အတောင့်လိုက် ရေဆေးပေးပါ
  • ရေဆေးပြီးမှ မိမိနှစ်သက်သလိုပုံစံ ခပ်ထူထူလေးတွေ လှီးပေးပါ
  • ပုဇွန်များကို ရေဆေးကာ မလိုတာတွေ ဖယ်ပေးထားပါ
  • ကြက်သွန်ဖြူ ကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ဇောက်နက်သော အိုးတစ်လုံးထဲမှာ ပုဇွန် ဘုံလုံသီး ဆား ဆီ အရသာမှုန့် နနွင်းမှုန့် ကြက်သွန်ဖြူ ကြက်သွန်နီတို့ကိုထည့်ပေးကာ အရသာ၀င်အောင် ခပ်ဖွဖွနယ်ပေးပါ
  • အရသာ နယ်ပြီးတာနဲ့ ရေအနည်းငယ်ထည့်ကာ တည်ပေးပါ
  • ဟင်းအိုး လုံးရည် ပွက်ပွက်ဆူလာတာနဲ့ ဘုံလုံသီး အစိမ်းရောင် မပြောင်းအောင် အိုးအဖုံးကို ဖွင့်ပေးကာ ရေကို တရုတ်ဟင်းရည်သောက် ပန်းကန်လုံး တစ်လုံးခွဲစာထည့်ကာ ရေပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေဆူပြီး ဘုံလုံသီးများ နူးလာတာနဲ့ ငရုတ်ကောင်းမှုန့်ထည့်၍ အရသာမြည်းပြီး လိုသလိုပြင်ကာ မီးပိတ်ပေးပြီး အိုးကိုမီးဖိုပေါ်ကဖယ်ထားပြီး ပန်းကန်ထဲ ပြောင်းထည့်ပေးကာ သုံးဆောင်နိူင်ပါပြီ။

Thursday, 20 February 2025

ကန်စွန်းကြီးရွက် ချဉ်ရည်ဟင်း

 




ဒီနေ့တော့ ကန်စွန်းကြီးပင်က ကန်စွန်းကြီးအညွန့်လေးတွေ ဝယ်လာပြီး ပုဇွန်လေးတွေနဲ့ရောကာ ချဉ်ရည်ဟင်း အရည်သောက်ဆမ်း ဟင်းတစ်မယ် ချက်ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ကန်စွန်းကြီးရွက် ချဉ်ရည်ဟင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။


ပါဝင်ပစ္စည်းများ
  1. ကန်စွန်းကြီးရွက် - အနေတော် ဇကာတစ်လုံး
  2. ခရမ်းချဉ်သီး - အနေတော် သုံးလုံး
  3. ပုဇွန် - မိမိနှစ်သက်သလောက်ထည့်ပါ
  4. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  5. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  6. ချင်း - လက်တဆစ်ခန့်
  7. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  9. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  10. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  11. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  12. မန်ကျည်းသီးမှည့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  13. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  14. ရှမ်းနံနံ - နှစ်သက်သလောက်

ပြင်ဆင်ပုံ
  • မန်ကျည်းသီးမှည့်ကို ရေဆေးပြီး ရေနွေးနှင့် စိမ်ထားပါ
  • ရှမ်းနံနံရွက်ကို ရေဆေးပြီး ပိုင်းဖြတ်ထားပါ
  • ကန်စွန်းရိုးကို အနေတော် ပိုင်းဖြတ်ပေးပြီး ရေဆေးထားပါ
  • ပုဇွန်များကို ရေဆေးပြီး ခေါင်းဖြုတ်၍ မလိုတာတွေဖယ်ကာ သန့်စင်ထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးကာ မထူမပါး လှီးထားပါ
  • ကြ‌က်သွန်ဖြူ ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီး အရောင်တင်မှုန့်နှင့် ညက်နေအောင်ရောပြီး ထောင်းထားပါ
  • ဇောက်နက်သော အိုးထဲမွာ လှီးထားသော ကန်စွန်းကြီးရွက်များ ခရမ်းချဉ်သီးများ ပုဇွန်များ နနွင်းမှုန့် ဆား ငံပြာရည် အရသာမှုန့် ဆီနှင့် ငရုတ်သီးထောင်းတို့ကိုထည့်ပြီး နယ်ပေးပါ
  • အရသာ နယ်ပြီးပါက ရေအနည်းငယ်ထည့်ပြီး အရင်ဆုံး ရေဆူအောင် တည်လိုက်ပါ
  • ရေဆူလာတာနဲ့ အထက်အောက် သမအောင်မွှေပေးပြီး အဖုံးအုပ်ကာ ပြန်တည်ထားပါ
  • ကန်စွန်းကြီးရွက်များ တော်တော်လေး နွမ်းလာတာနဲ့ ရေလိုသလောက်ထည့်ပြီး ပွက်ပွက်ဆူအောင် ပြန်တည်ပေးပါ
  • ရေပွက်ပွက်ဆူကာ ကန်စွန်းကြီးရွက်များ နူးလာပါက မန်ကျည်းသီးမှည့် အနှစ်ကိုထည့်ပြီး ရေပွက်ပွက်ဆူအောင် လေးမိနစ်လောက် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာပါက အရသာမြည်းပြီး လိုသလို ပြင်ပေး၍ ရှမ်းနံနံပင်အုပ်ကာ အရသာမြည်းပြီး မီးပိတ်ပေးပါ
  • ရှမ်းနံနံရွက် အနံ့လေး မွှေးနေတဲ့ ကန်စွန်းကြီးရွက် ချဉ်ရည်ဟင်း အရည်သောက်ဆမ်းလေး ရပါပြီ။

Thursday, 6 February 2025

ချဉ်ရည်ဟင်း



ဒီနေ့တော့ ချဉ်ရည်ဟင်း စားချင်တာနဲ့ မုံလာဥ နီနီလေးတွေရယ် မုန့်ညှင်းရွက်နဲ့  ဒန့်ဒလွန်သီးတို့ကို ကိုင်းခရမ်းချဉ်သီးလေးတွေနဲ့ ချဉ်ရည်ဟင်း တစ်မယ် ချက်ပါတယ်။

ထမင်းစားလို့ မြိန်စေတဲ့ အရည်သောက်ဆမ်း ဟင်းတစ်မယ်အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချဉ်ရည်ဟင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ပုဇွန်ထုတ် - ဆယ်ကောင်
  2. ဒန့်ဒလွန်သီး - ငါးတောင့်
  3. မုံလာဥနီ - ဆယ်ပင်ခန့်
  4. မုန့်ညှင်းရွက် - အနေတော်တစ်စည်း
  5. ကိုင်းခရမ်းချဉ်သီး - အလုံးကြီး သုံးလုံး
  6. မျှင်ငပိ - အနည်းငယ်
  7. နံနံပင် - ၇ ခက်ခန့်
  8. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  9. ကြက်သွန်ဖြူ  - အမွှာကြီးကြီး နှစ်မွှာ
  10. ငရုတ်သီးမှုန့် - အနည်းငယ်
  11. ချင်း - လက်တဆစ်ခန့်
  12. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  13. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  14. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  15. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  16. မန်ကျည်းသီးမှည့် - ထမင်းစားဇွန်း တစ်ဇွန်းစာ
  17. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ပြင်ဆင်ပုံ
  • ပုဇွန်များကို ရေဆေးပြီး အခွံခွာ ခေါင်းဖြုတ်ကာ မလိုတာတွေ ဖယ်ပေးထားပါ
  • ဒန့်ဒလွန်သီးကို အခွံမှ အမြှေးများ ကုန်အောင်ခြစ်ကာ အကြောများ သင်ပေးပြီး ရေဆေးကာ ပိုင်းထားပါ
  • မုံလာဥနီကို အပြင်ခွံခွာပြီး သင့်သလိုလှီးပြီး ရေဆေးကာ ရေစစ်ထားပါ
  • မုန့်ညှင်းရွက်ကို ရေဆေးပြီး အနေတော် ပိုင်းဖြတ်ထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • နံနံပင်ကို ရေဆေးပြီး ရေစစ်ထားပါ
  • မျှင်ငပိကို ရေအနည်းငယ်နှင့် ဖျော်ထားပါ
  • ကြက်သွန်ဖြူ  ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီးမှုန့်ထည့်ပြီး  ညက်နေအောင် ထောင်းထားပါ
  • မန်ကျည်းသီးမှည့်ကို ရေတစ်ထပ်ဆေးပြီး ရေနွေးနှင့် စိမ်ထားပါ
ဟင်းချက်ပုံ
  • ဇောက်နက်သော အိုးထဲမွာ ပုဇွန်များ မုံလာဥနီ မုန့်ညှင်းရွက် ခရမ်းချဉ်သီးများ နနွင်းမှုန့် ဆား မျှင်ငါးငပိ အရည်ဖျော် ငါးငံပြာရည် အရသာမှုန့် ဆီနှင့်  ကြက်သွန်ဖြူ  ကြက်သွန်နီနှင့် ချင်းထောင်းတို့ကိုထည့်ပြီး နယ်ပေးပါ
  • အရသာ နယ်ပြီးပါက ရေအနည်းငယ်ထည့်ပြီး အရင်ဆုံး လုံးရည် ရေဆူအောင် တည်ပေးပါ
  • ရေဆူလာတာနဲ့ အထက်အောက် သမအောင်မွှေပေးပြီး အဖုံးအုပ်ကာ ပြန်တည်ထားပါ
  • အသီးအရွက်များ  တော်တော်လေး နွမ်းလာတာနဲ့ ဒန့်ဒလွန်သီးနှင့်  ရေလိုသလောက်ထည့်ပြီး ပွက်ပွက်ဆူအောင် ပြန်တည်ပေးပါ
  • ရေပွက်ပွက်ဆူကာ ဒန့်ဒလွန်သီးနှင့် မုံလာဥများ နွမ်းလာတာနဲ့ မန်ကျည်းသီးမှည့် အနှစ်ထည့်ပြီး ရေကို တစ်မိနစ်လောက် ထပ်ဆူအောင်ထားလိုက်ပါ
  • ပြီးတာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် လိုသလို ပြင်ပေးကာ နံနံပင် အုပ်ပေးပြီး မီးပိတ်ပေးပါ
  •  ထမင်းမြိန်စေမဲ့  အရသာ မွှေးလွန်းတဲ့ ချဉ်ရည်ဟင်း ပူပူလေးကို စားသုံးလို့ ရပါပြီ။

Sunday, 2 February 2025

ဘဲရိုး ခေါက်ဆွဲပြုပ်

 


 
မာမာဒီနေ့တော့ ရာသီဥတု အပြောင်းအလဲကြောင့် နေရတာ မကောင်းသလို နှာစေးချောင်းဆိုးလဲ ဖြစ်နေတော့ ထမင်းလဲ မစားချင်တာနဲ့  ဘဲရိုးလေးတွေ ဝယ်လာပြီး  စွပ်ပြုပ်ပြုပ်ပါတယ်။
ငရုတ်ကောင်းမှုန့် နိူင်နိူင်လေးနဲ့ သောက်ရတာ သောက်လို့ကောင်းတဲ့အတွက် မာမာပြင်ဆင်ပြီး ပြုပ်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ဘဲရိုး - ကီလိုဝက်
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း 
  3. ငရုတ်ကောင်းမှုန့် - အနည်းငယ်
  4. ကြက်သွန်မိတ် - သုံးပင်
  5. ကြက်သွန်ဖြူ   - အမွှာကြီးကြီး လေးမွှာ
  6. ချင်း - ခပ်ပါးပါး သုံးပြား
  7. ခေါက်ဆွဲပြုပ်ပြီးသား - လိုသလောက်

ချက်ပြုပ်ပြင်ဆင်ပုံ

  1. ဘဲရိုးကို  အတုံးေလးေတွ တုံးပေးပြီး ရေဆေးကာ ရေစစ်ထားပါ
  2. ပြီးတာနဲ့ ဘဲရိုးများကို ဆား နှင့် အရသာမှုန့်တို့ ထည့်နယ်ပေးပါ
  3. ကြက်သွန်ဖြူနှင့် ချင်းကို အခွံခွာပြီး ရေဆေးကာ ဓားပြားရိုက်ထားပါ
  4. ကြက်သွန်မိတ်ကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  5. အရသာ နယ်ထားသော ဘဲရိုးများကို Pressure Cooker အိုးထဲသို့ ပြောင်းထည့်ပေးပါ
  6. Pressure Cooker အိုးထဲမှာ ဘဲရိုးများနှင့်အတူ ကြက်သွန်ဖြူ နှင့်ချင်းတို့ ထည့်ပြီး မိနစ်နှစ်ဆယ် တည်ပေးပါ
  7. မိနစ်နှစ်ဆယ် ပြည့်ပါက အသားများ နူးလာပါလိမ့်မယ်
  8. အိုးထဲမှ လေများကုန်အောင် ထုတ်ပေးပြီးမှ အိုးအဖုံးဖွင့်ကာ ရေကိုမိမိ နှစ်သက်သလောက် ထည့်ပေးပြီး ငါးမိနစ်ခန့် ပြန်တည်ပေးပါ
  9. ပြီးတာနဲ့ အိုးအဖုံး ပြန်ဖွင့်ပေးပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပြီး မီးပိတ်ပေးပါ
  10. စွပ်ပြုပ်ပြင်ဆင်မည့် ပန်းကန်ထဲမှာ ခေါက်ဆွဲဖတ် ဘဲရိုးနှင့် စွပ်ပြုပ် အရည်ထည့်ပြီး ငရုတ်ကောင်းမှုန့်နှင့် ကြက်သွန်မိတ် ထည့်ပေးကာ ကြက်ရိုးပြုပ် ပူပူလေးကို သုံးဆောင်နိူင်ပါပြီ။

Sunday, 26 January 2025

ကန်စွန်းရွက် ချဉ်ရည်ဟင်း

 









ဒီနေ့တော့ အိမ်မှာစိုက်ထားတဲ့ ကန်စွန်းပင်က ကန်စွန်းညွန့်လေးတွေခူးကာ ပုဇွန်လေးတွေနဲ့ရောပြီး ချဉ်ရည်ဟင်း အရည်သောက်ဆမ်း ဟင်းတစ်မယ် ချက်ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ကန်စွန်းရွက် ချဉ်ရည်ဟင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။


ပါဝင်ပစ္စည်းများ
  1. ကန်စွန်းရွက် - အနေတော် ဇကာတစ်လုံး
  2. ခရမ်းချဉ်သီး - အနေတော် သုံးလုံး
  3. ပုဇွန် - မိမိနှစ်သက်သလောက်ထည့်ပါ
  4. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  5. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  6. ချင်း - လက်တဆစ်ခန့်
  7. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  9. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  10. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  11. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  12. မန်ကျည်းသီးမှည့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
  13. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  14. ရှမ်းနံနံ - နှစ်သက်သလောက်

ပြင်ဆင်ပုံ
  • မန်ကျည်းသီးမှည့်ကို ရေဆေးပြီး ရေနွေးနှင့် စိမ်ထားပါ
  • ရှမ်းနံနံရွက်ကို ရေဆေးပြီး ပိုင်းဖြတ်ထားပါ
  • ကန်စွန်းရိုးကို ထက်ဝက်ခြမ်းကာ အနေတော် ပိုင်းဖြတ်ပေးပြီး ရေဆေးထားပါ
  • ပုဇွန်များကို ရေဆေးပြီး ခေါင်းဖြုတ်၍ မလိုတာတွေဖယ်ကာ သန့်စင်ထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးကာ မထူမပါး လှီးထားပါ
  • ကြ‌က်သွန်ဖြူ ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီး အရောင်တင်မှုန့်နှင့် ညက်နေအောင်ရောပြီး ထောင်းထားပါ
  • ဇောက်နက်သော အိုးထဲမွာ လှီးထားသော ကန်စွန်းရွက်များ ခရမ်းချဉ်သီးများ ပုဇွန်များ နနွင်းမှုန့် ဆား ငံပြာရည် အရသာမှုန့် ဆီနှင့် ငရုတ်သီးထောင်းတို့ကိုထည့်ပြီး နယ်ပေးပါ
  • အရသာ နယ်ပြီးပါက ရေအနည်းငယ်ထည့်ပြီး အရင်ဆုံး ရေဆူအောင် တည်လိုက်ပါ
  • ရေဆူလာတာနဲ့ အထက်အောက် သမအောင်မွှေပေးပြီး အဖုံးအုပ်ကာ ပြန်တည်ထားပါ
  • ကန်စွန်းရွက်များ တော်တော်လေး နွမ်းလာတာနဲ့ ရေလိုသလောက်ထည့်ပြီး ပွက်ပွက်ဆူအောင် ပြန်တည်ပေးပါ
  • ရေပွက်ပွက်ဆူကာ ကန်စွန်းရွက်များ နူးလာပါက မန်ကျည်းသီးမှည့် အနှစ်ကိုထည့်ပြီး ရေပွက်ပွက်ဆူအောင် လေးမိနစ်လောက် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာပါက အရသာမြည်းပြီး လိုသလို ပြင်ပေး၍ ရှမ်းနံနံပင်အုပ်ကာ အရသာမြည်းပြီး မီးပိတ်ပေးပါ
  • ရှမ်းနံနံရွက် အနံ့လေး မွှေးနေတဲ့ ကန်စွန်းရွက် ချဉ်ရည်ဟင်း အရည်သောက်ဆမ်းလေး ရပါပြီ။

Saturday, 25 January 2025

ပိန်းရိုးဟင်းခါး

 












စိတ်ထဲမှာ ပိန်းရိုးဟင်းခါး ပူပူလေး သောက်ချင်တာနဲ့ ပုဇွန်အကောင်လေးတွေကို အခွံခွာကာ ဟင်းခါးတစ်မယ် ချက်ထားပါတယ်။

မာမာ အိမ်မှာစိုက်ထားတဲ့ ပိန်းပင်လေးတွေက ပိန်းရိုးလေးတွေခူးကာ ချက်ထားတဲ့အတွက် သောက်ရတာ ပိုပြီးချိုတယ်လို့ ထင်မိပါတယ်။

အခုချက်တဲ့ ဒီနည်းလေးကတော့ မာမာ့အမေ မာမာတို့မောင်နှစ်မတွေကို အမြဲတမ်း ချက်ကျွေးတဲ့ နည်းလေးပါ။

ဒါကြောင့်မို့လို့ ဒီတစ်ခါမှာလဲ အမေ့နည်းအတိုင်း မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ဟင်းခါးချက်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ပိန်းရိုး - ခပ်သေးသေး အချောင်းနှစ်ဆယ်ခန့်
  2. ပုဇွန်အကောင်သေး - ၁၅ ကောင်ခန့်
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ (ဟင်းအိုးထဲထည့်ရန်)
  4. ဆား - ထမင်းစားဇွန်း တစ်‌ဇွန်း (ပိန်းရိုးဆေးရန်)
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  7. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်မရှိတစ်ရှိ

ပြင်ဆင်ပုံ
  • ပိန်းရိုးများကို အရင်ဆုံး အကြောသင်ပေးပါ
  • အကြောသင်ပြီးတာနဲ့ လက်၂ဆစ်လောက် အတုံးလေးတွေ ပုံပါအတိုင်း လှီးပေးပါ
  • ပြီးတာနဲ့ ဇလုံထဲမှာ ဆားနှင့် ပိန်းရိုးများကို အိပြီးပျော့လာတဲ့အထိ နယ်ပေးပါ
  • ပိန်းရိုးထဲမှ အရည်များ ထွက်လာပါက ရေသန့်သန့်နှင့် ဆယ်ထပ်လောက် ဆေးပေးပါ
  • ရေဆေးပြီးတာနဲ့ ပိန်းရိုးအထဲမှ ရေများကုန်တဲ့အထိ ညှစ်ပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ငရုတ်ကောင်းနှင့်ရောပြီး မညက်တစ်ညက် ထောင်းထားပါ
  • ပုဇွန်များကို ရေဆေးပြီး အခွံခွာပြီး ခေါင်းများဖြုတ်ပေးထားပါ
  • ဇောက်နက်သော အိုးထဲမှာ ပုဇွန်နှင့် ရေအနည်းငယ်ထည့်ပြီး ရေခမ်းတဲ့အထိ တည်ပေးပါ
  • ရေခမ်းလာတော့မှ ပိန်းရိုးများ ဆား အရသာမှုန့်နှင့ရေထည့်ကာ တည်ပေးပါ
  • ရေပွက်ပွက်ဆူအောင် တည်ပေးပြီးတာနဲ့ ပိန်းရိုးများ နူးတဲ့အထိ ဆက်တည်ပေးပါ
  • ပိန်းရိုးများ နူးလာတာတဲ့ ဆား အရသာမှုန့်နှင့် ငရုတ်ကောင်း ကြက်သွန်ဖြူထောင်းတို့ကို ထည့်ပေးပါ
  • ဟင်းရည် အပျစ်အကျဲကို မိမိစိတ်ကြိုက် ထည့်ပေးကာ ဟင်းရည်အိုး ပွက်ပွက်ဆူပြီ ဆိုတာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် လိုသလို ပြင်ပေးပါအရသာ ပြင်ပြီးတာနဲ့ ငါးဖယ်ချဉ်သုပ်လေးနဲ့ လိုက်ဖက်လွန်းတဲ့ ပိန်းရိုးဟင်းခါး အရည်သောက်ဆမ်း ဟင်းခါး ပူပူလူလူလေးကို ပြင်ပေးနိူင်ပါပြီ။
မှတ်ချက်။ ။ တချို့က ပိန်းရိုးကိုင်လျှင် ယားတတ်ပါတယ် ဒါကြောင့်မို့လို့ လက်အိတ်နှင့် ကိုင်ပေးပါ။