ဒီနေ့တော့ ၀က်သားကို ဝက်သားနီချက်လေး ချက်ဖြစ်ပါတယ် ချက်ရတာ လွယ်ကူပြီး စားလို့ကောင်းတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
၀က်သားအရသာနယ်ရန်
- ၀က်သား - တစ်ကီလိုကို ရေဆေးပြီး အနေတော် အတုံးလေးတွေ တုံးထားပါ
- ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် အားလုံးတို့ကို ၀က်သားထဲထည့်ပြီး အရသာ၀င်အောင် နယ်ထားပါ
ဟင်းချက်ရန် လိုသောပစ္စည်းများ
- ဆီ - ထမင်းစားဇွန်း သုံးဇွန်း
- သကြား - ထမင်းစားဇွန်း နှစ်ဇွန်း
- ကြက်သွန်ဖြူထောင်းရန် - အမွှာကြီးကြီး လေးမွှာ
- ကြက်သွန်နီ မညက်တစ်ညက်ထောင်းရန် - ခပ်ကြီးကြီး တစ်ဥ
- နာနတ်ပွင့် - တစ်ပွင့်
- ချင်းထောင်းရန် - လက်တစ်ဆစ်ခန့်
- ကြက်သွန်နီ - ခပ်သေးသေး ငါးလုံးကို အခွံခွာကာ အလုံးလိုက် ရေဆေးထားပါ
- ကြက်သွန်ဖြူ - ၇မွှာခန့်ကို အခွံခွာပြီး ရေဆေးထားပါ
ဟင်းချက်ရန် ပြင်ဆင်ပုံ
- အရသာ နယ်ထားသော ၀က်သားနှင့် ဟင်းချက်ရန် လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
- အောက်ချေမကပ်သော ဒယ်အိုးတစ်လုံးကို အပူပေးပြီး ဆီထည့်ပါ
- ဆီပူလာတာနဲ့ သကြားကို ညိုရောင်သန်းတဲ့အထိ ကြော်ပေးပါ
- သကြားညိုလာတာနဲ့ ကြက်သွန်ဖြူ/ နီ ချင်း နာနတ်ပွင့်တို့ကို မွှေးလာတဲ့ထိ ဆီသတ်ပေးပါ
- ဆီသတ်နံ့ မွှေးလာတာနဲ့ အရသာ နယ်ထားသော ၀က်သားကိုထဲ့ပြီး ဆီသတ်ပေးပါ
- ၀က်သားအသားများ မာလာတဲ့ထိ သုံးမိနစ်လောက် ဆီသတ်ပေးပါ
- အသားများ မာလာမှ ရေကိုမြုပ်အောင်ထည့်ပြီး ဆက်တည်ပေးပါ
- ၀က်သားများ နူးပြီးအိလာအောင် ရေထပ်ထဲ့ပြီး တည်ပေးပါ
- ၀က်သားနူးလာပါက ရေမခမ်းခင် အရသာ မြည်းကာ မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
- အရသာ ပြင်ပြီးတာနဲ့ အခွံခွာထားသော ကြက်သွန်နီ ကြက်သွန်ဖြူကိုထည့်ကာ မီးအနေတော် လျှော့ပေးပြီး ရေခမ်းအောင် တည်ပေးပါ
- ရေခမ်းပြီး ကြက်သွန်နီများ နူးအိလာပြီး ဆီပြန်လာပါက ၀က်သားနီချက် ချိုချိုအိအိလေးကို စားသုံးနိူင်ပါပြီ။
No comments:
Post a Comment