Tuesday 2 November 2021

ဘဲကင် မွှေးမွှေးလေး

 


ဒီနေ့တော့ မာမာတို့မြို့လေးမှာ နေသာမိုးခြောက်တဲ့ ရာသီဥတုလေးကို ရနေပါတယ် ရာသီဥတုလေး ကောင်းနေတော့ စိတ်ပါလက်ပါနဲ့ ဟင်းတွေ ချက်ချင်တဲ့ နေ့လေးတစ်နေ့ဆိုရင်လဲ မမှားပါဘူး။

ဒါကြောင့်မိုလို့ ဘဲကင်လေး ကင်ဖြစ်ပါတယ် လုပ်ရတာလဲလွယ် ပြင်ဆင်ရတာလဲ လွယ်တဲ့အတွက် မာမာပြင်ဆင်ပြီး ကင်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ဘဲ - အနေတော် တစ်ကောင်
  2. ပျားရည် - ထမင်းစားဇွန်း ၇ဇွန်း (အရသာစပ်ရန်)
  3. ပျားရည် - ထမင်းစားဇွန်း နှစ်ဇွန်း (ဘဲကင်နေစဉ် သုတ်ပေးရန်)
  4. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း (ဘဲကင်နေစဉ် သုတ်ပေးရန်)
  5. Chinese cooking wine - ထမင်းစားဇွန်း နှစ်ဇွန်း
  6. တရုတ်မဆလာ - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  7. ဗနီကာ - ထမင်းစားဇွန်း နှစ်ဇွန်း
  8. ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်းခွဲ
  9. ဆီ - ထမင်းစားဇွန်း ဆယ်ဇွန်းခန့်
  10. ကြက်သွန်ဖြူ - အမွှာကြီးကြီး ဆယ့်ငါးမွှာ
  11. ချင်းတက် - လက်တစ်ဆစ်သာသာ
  12. ကြက်သွန်မိတ် - ဆယ်ပင်ခန့်
  13. နာနတ်ပွင့် - လေးပွင့်
  14. ပဲငပိ အချို - ထမင်းစားဇွန်း လေးဇွန်း
  15. Aluminum foil - လိုသလောက် သုံးပေးပါ
  16. ကင်ပျစ်ဇကာ - တစ်ခု
  17. ကင်မည့်ဗန်း - တစ်ချပ်
အရသာစပ်ရန်
  1. ဇလုံတစ်လုံးထဲမှာ ပျားရည် Chinese cooking wine ဗနီကာ တရုတ်ဆမလာ ဆီ နာနတ်ပွင့်တို့ကို ရောမွှေထားပါ
ဘဲဗိုက်ထဲထည့်ရန် ပြင်ဆင်ပုံ
  1. ချင်းကိုအခွံခွာပြီး ရေဆေးကာ မညက်တစ်ညက် ထောင်းပေးပါ
  2. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တစ်ညက် ထောင်းပေးပါ
  3. ကြက်သွန်မိတ်ကို ရေဆေးကာ ခပ်ရှည်ရှည် လှီးထားပါ
  4. ကျန်နေသော ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
ဘဲကင်ရန် ပြင်ဆင်ပုံ
  • ဘဲရဲ့ ဗိုက်ထဲမှ အူကလီစာများကို အကုန်ထုတ်ပေးပါ
  • ဘဲတစ်ကောင်လုံးကို အတွင်းအပြင် သန့်စင်နေအောင် ရေဆေးပေးပါ
  • ပြီးတာနဲ့ ဘဲတစ်ကောင်လုံးကို ခြောက်သွေ့နေအောင် သုတ်ပေးပါ
  • ရေသုတ်ပြီးတာနဲ့ ဘဲကိုဆားနှင့် အတွင်းအပြင် အကုန်လုံးကို လိုက်ပွတ်ပေးပါ
  • ပြီးတာနဲ့ ပျားရည်နှင့် အပြင်ဖက်ကို လိုက်သုတ်ပေးပါ
  • ဘဲရဲ့ ဗိုက်ထဲကို ချင်း ကြက်သွန်ဖြူနှင့် ကြက်သွန်မိတ်များကို ထည့်ပေးပါ
  • ပြီးတာနဲ့ အရသာ စပ်ထားသော အနှစ်ကို ထမင်းစားဇွန်း တစ်ဇွန်းစာယူပြီး ဗိုက်ထဲကို ထည့်ပေးပါ
  • ပဲငပိကိုလဲ ဘဲရဲ့ ဗိုက်ထဲကို ထည့်ပေးပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဘဲပေါင်နှစ်ချောင်းကို စုပြီးခြည်ပေးကာ ဗန်းထဲမှာ ပက်လက်အနေအထား ထည့်ပေးပါ
  • ပြီးတာတဲ့ အရသာ စပ်ထားလို့ ပိုတာတွေကို ဘဲတစ်ကောင်လုံးအပေါ် လောင်းချပေးကာ အဖုံးအုပ်ပေးပါ
  • ရေခဲသေတ္တာ မခဲတဲ့ အကန့်ထဲမှာ ငါးနာရီခန့် အနည်းဆုံး နှပ်ထားပေးပါ
ဘဲကင်နေစဉ် သုတ်ပေးရန်
  • ဆီနှင့်ပျားရည်ကို ပန်းကန်တစ်ခုထဲမှာ ရောမွှေထားပါ
ဘဲကင်ကင်နည်း
  • ဘဲကင် ကင်မည့် ဗန်းထဲကို ဘဲကင်တဲ့အခါ အရည်များ ကျလာပါက ဗန်းမညစ်ပါတ်စေရန် aluminum foil ခင်းပေးပါ
  • ထိုအပေါ်မှာ ကင်မည့်ကင်ပျစ် ဇကာလေးကို တင်ပေးပါ
  • ထိုအပေါ်မှာမှ အရသာ နှပ်ထားသော ဘဲကိုတင်ပေးပါ
  • Ovenကို 200 ဒီကရီနှင့် ဖွင့်ပေးကာ ဘဲကင်ကင်မည့် ဗန်းကို oven ထဲ ထည့်ပေးပါ
  • တစ်ဖက်ကို နာရီဝက်လောက် ကင်ပေးကာ နာရီဝက် ပြည့်တာနဲ့ အပြင်ကို ခနထုတ်ပေးပါ
  • နောက်တစ်ဖက် မလှည့်ခင် ဘဲတစ်ကောင်လုံးကို ပျားရည်နှင့်ဆီ စပ်ထားသော အရည်ကို သုတ်ပေးပါ
  • နာရီဝက်တစ်ခါ အပြင်ထုတ်ထုတ်ပေးပြီး ပျားရည်နှင့်ဆီ စပ်ထားသော အရည်ကို သုတ်ပေးလိုက် ပြန်ကင်လိုက်နှင့် တစ်နာရီခွဲမှ နှစ်နာရီလောက်အထိ ကင်ပေးပါ
  • ဘဲသား အရည်ခွံလေးတွေ မွှေးပြီးကြွတ်ရွလာပြီဆိုရင် ဘဲကင်မွှေးမွှေးလေး ရပါပြီ။

No comments:

Post a Comment