ဒီနေ့တော့ စားလို့ကောင်းပြီး ထမင်းပူပူလေးနဲ့ လိုက်ဖက်သလို သူ့ချည်းသက်သက် စားရင်လဲ စားလို့ကောင်းလွန်းတဲ့ ပုဇွန်ကင်ပေါင်းကြော် ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ပုဇွန်အကောင်သေး - 300 ml (လက်သန်းအရွယ်)
- ချင်းတက် - လက်တစ်ဆစ်သာသာ
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ
- ကြက်သွန်မိတ်အပင် - လေးပင် (အပင်ကြီးကြီး)
- ကြက်သွန်နီ - အနေတော် တစ်လုံး
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ရေ - 200 ml
- ကောက်ညှင်းမှုန့် - 250 ml
- ဆန်မှုန့် - 45 ml
- ဆီ - လိုသလောက် သုံးပေးပါ
ပြင်ဆင်ပုံ
- ပုဇွန်ကို ရေစင်အောင်ဆေးပြီး အခွံမခွာဘဲ ခေါင်းနှင့်အမြှီးကို ဖြုတ်ပေးကာ ရေစစ်ထားပါ
- ချင်းကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းပေးပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းပေးပါ
- ကြက်သွန်မိတ်ပင်ကို ရေဆေးပြီး ခပ်ထူထူ လှီးပေးထားပါ
- ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ မထူမပါးလေးတွေ လှီးပေးထားပါ
- အားလုံး အဆင်သင့် ဖြစ်တာနဲ့ ဇလုံထဲမှာ ကြက်သွန်ဖြူထောင်း ချင်းထောင်း ပုဇွန် ကြက်သွန်နီ လှီးပြီးသား ကြက်သွန်မိတ်ပင် လှီးပြီးသား ဆန်မှုန့် ကောက်ညှင်းမှုန့် ဆားနှင့် အရသာမှုန့်တို့ထည့်ပြီ သမအောင် မွှေပေးပါ
- ပါဝင်ပစ္စည်းများ သမသွားတော့မှ ရေကိုနည်းနည်းချင်း ထည့်မွှေပေးပါ
- မုန့်နှစ်ရည်က ခပ်ပျစ်ပျစ်လေး ဖြစ်နေရမှာမို့လို့ ရေကိုနည်းနည်းချင်း ထည့်လိုက် မွှေလိုက် လုပ်ပေးပါ
- မုန့်နှစ်စပ်ရာမှာ ရေကို လိုတိုးပိုလျှော့ လုပ်ပေးကာ ခပ်ပျစ်ပျစ်လေး ရတာနဲ့ အဖုံးအုပ်ကာ တစ်နာရီလောက် နှပ်ထားပေးပါ။
အကြော်ကြော်ပုံ
- ဒယ်အိုးထဲမှာ ဆီထည့်ပြီး မီးအနေတော်နှင့် အပူပေးပါ
- ဆီပူလာတာနဲ့ မုန့်နှစ်ရည်ကို အထက်အောက် သမအောင် ပြန်မွှေပေးကာ မိမိနှစ်သက်တဲ့ အကြော်ပုံစံလေးတွေ ရလာအောင် ဇွန်းနှင့်ခပ်ထည့်ပြီး အိုးဆန့်သလောက် ထည့်ပေးကာ ကြော်ပေးပါ
- မာမာကတော့ အချပ်ကြီးကြီးလေး လိုချင်တဲ့အတွက် ကော်ဖီပန်းကန်ပြားလေးထဲမှာ ပုဇွန်နှင့် အစာပလာများကို မျှတအောင် ထည့်ပေးပြီး ကြော်ပေးပါတယ်
- အကြော်ရဲ့ အောက်ဘက်အခြမ်းက ရွှေဝါရောင်လေး သန်းလာပါက နောက်တစ်ဖက်ကို လှန်ပေးကာ ဆက်ကြော်ပေးပါ
- အကြော် တစ်ချပ်လုံး ရွှေအိုရောင်လေး သန်းလာရင်တော့ ဆယ်ပြီးဆီစစ်ပေးထားပါ။
အချဉ်အတွက် ပါဝင်ပစ္စည်းများ
- မန်ကျည်းသီးမှည့် - ထမင်းစားဇွန်း တစ်ဇွန်းစာခန့်
- သကြား - ထမင်းစားဇွန်း တစ်ဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ငါးငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
- ကြက်သွန်ဖြူ - အမွှာကြီးပြီး ငါးမွှာ
- ငရုတ်သီးစိမ်း - ၇တောင့်
- ငရုတ်သီး အကျက်မှုန့် - ထမင်းစားဇွန်း တစ်ဝက်
- ရေနွေးပူပူ - ထမင်းစားဇွန်း သုံးဇွန်း (မန်ကျည်းသီး မှည့်ဖျော်ရန်)
- ရေ - ထမင်းစားဇွန်း တစ်ဇွန်း (အချဉ်ဖျော်ရန်)
ပြင်ဆင်ပုံ
- မန်ကျည်းသီးမှည့်ကို ရေနှစ်ခါလောက် ဆေးပေးပြီး ရေနွေးပူပူနှင့် စိမ်ပေးကာ မန်ကျည်းမှည့်ဘအနှစ်ကို ယူထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ညက်နေအောင် ထောင်းထားပါ
- ငရုတ်သီးစိမ်းကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထားပါ
- ပါဝင်ပစ္စည်း အားလုံးကို အဆင်သင့် ဖြစ်တာနဲ့ ဇလုံခပ်သေးသေး တစ်လုံးထဲမှာ အရသာ သမအောင် ရောမွှေပေးပါ
- အချဉ်ရပြီ ဆိုတာနဲ့ ပုဇွန်ကင်ပေါင်းကြော်နဲ့ တွဲဖက်ပြီး စားသုံးနိူင်ပါပြီ။
No comments:
Post a Comment