Wednesday 17 November 2021

စားတော်ပဲပြုပ်

 


ဒီနေ့တော့ စားတော်ပဲကို နောက်ထပ်တစ်မျိုး စမ်းသပ်ပြီး ပြုပ်ပါတယ် ပဲပြုပ်ပြုပ်တဲ့ ပြုပ်နည်းလေးတွေ တစ်နည်းမဟုတ်ရင် တစ်နည်းနဲ့ အဆင်ပြေအောင် အမျိုးမျိုး စမ်းသပ်ပြီး ပြုပ်ဖြစ်နေတာက မာမာ့ရဲ့ ဝါသနာလို့တောင် ပြောလို့ရနေပါပြီ။
 မာမာပတော့ ဘယ်လိုနည်းလေးနဲ့ဘဲ ပြုပ်ပြုပ် ပဲပြုပ်တဲ့နည်းတိုင်းက အဆင်ပြေနေတော့ အဆင်မပြေလို့လာလာ မေးကြတဲ့သူတိုင်းအတွက် ဖြေစရာ အဖြေက ဘယ်လို ဖြေရမှန်း မသိအောင် ဖြစ်ခဲ့ရပါတယ်။

တစ်ချို့က ပြုပ်နေရင်း အခွံတွေ ကျွတ်ထွက်ကုန်တယ်တဲ့ အခွံကျွတ်တာအတွက် အဖြေက ပြုပ်မဲ့ပဲ ပမာဏနဲ့ ပဲထည့်ပြုပ်မဲ့အိုးက သိပ်ကြီးနေရင်လဲ ပဲတွေက အိုးထဲမှာ ချောင်ပြီး အခွံတွေ ကျွတ်ထွက်တတ်သလို ပြုပ်နေစဉ် ပဲအိုးကို ဖွင့်ပြီး ခနခန မွှေပေးရင်လဲ အခွံတွေ ကျွတ်ထွက်တတ်ပါတယ်။

ဒါကြောင့်မို့လို့ ပဲပြုပ်မယ်ဆိုရင် အိုးအသားထူပြီး ပြုပ်မဲ့ပဲ ပမာဏကို  အိုးထဲမှာ ထည့်ပြီးတာနဲ့ ပဲအပေါ်မှာ လက်လေးလုံးလောက်ဘဲ အမြင့်ရှိတဲ့ အိုးနဲ့ပြုပ်ပေးပါ။

တစ်ချို့ကကျတော့လဲ ပြုပ်ပြီးတာနဲ့ ပဲတွေပျော့ပျဲ သွားတတ်ပါတယ်တဲ့ အဲဒီအတွက် အဖြေကတော့ စဉ်းစားရ နည်းနည်း ခက်ပါတယ် စဉ်းစားမိတာလေးကတော့ ပြုပ်တဲ့ ပဲအမျိုးအစား မတူတာ ဖြစ်နိူင်သလို ပဲ ပြုပ်နေစဉ် ခနခန မွှေမိတာလဲ ဖြစ်နိူင်ပါတယ်။

တစ်ခါတလေ ပဲနဲ့ရေအချိန်အဆ ကွာသွားတာလဲ ဖြစ်နိူင်သလို အသုံးပြုသော မီးဖိုတွေရဲ့အပူရှိန် ပမာဏ မတူတာတွေလဲ ဖြစ်နိူင်ပါတယ် ဒါကြေင့်မို့လို့ မိမိအသုံးပြုသောပဲ မိမိအသုံးပြုသော မီးအပူချိန်တွေကို ချင့်ချိန်ပြီး အသုံးပြုကြ စေချင်ပါတယ်။

အရင့် အရင် ပဲပြုပ်တဲ့ နည်းတွေမှာ ပဲပြုပ်ဖို့ ပြင်လေတိုင်း ဆိုဒါကို ပဲရေစိမ်ချိန်မှာလဲ မသုံးသလို ပြုပ်စဉ်မှာလဲ မသုံးပါဘူး  ဆိုဒါသုံးခြင်းကြောင့် ပဲပြုပ်နည်းတွေ ပျက်ပျက်သွားတာ ကြုံဖူးသလို ပဲပြုပ်မှာ ဆိုဒါနံ့တွေ ကျန်နေတတ်လို့ပါဘဲ။

ဒါပေမဲ့ အခုတစ်ခါမှာတော့ ပဲပြုပ်တဲ့နည်းက အရင်နည်းကိုဘဲ အခြေခံပြီး ပြုပ်ပေမဲ့ ပဲပြုပ်ချိန် အချိန်ကုန် သက်သာအောင် ရေအနည်းငယ် လျှော့ထည့်ပြီး ဆိုဒါအနည်းငယ် ထည့်ပြုပ်ပါတယ်။

ဆိုဒါ ထည့်ပြီးပြုပ်တဲ့အတွက် ပဲပြုပ်ချိန်မှာ သတိတော့ထားရပါတယ် ပဲပြုပ်ရည်များ ဝေကျတတ်တဲ့အတွက် အိုးအဖုံးကို ခပ်ဟဟလေး ဖုန်းထားရပါတယ်။

ရေလျှော့ထည့်ထားတဲ့အတွက် ပဲအိုးမကပ်အောင်တော့ သတိထားပြီး ကြည့်ကြည့်ပေးရပါတယ် ပဲအိုးရေခမ်းတာနဲ့ မီးပိတ်ပေးပြီး လက်ကျန်မီးအပူရှိန်လေးနဲ့ ပဲအိုးကို နှပ်ပေးလိုက်ရင် အိအိထွေးထွေးလေးနဲ့ ပဲပြုပ်ကို ရလာပါလိမ့်မယ်။

ပဲကိုအပင်ဖောက်ပြီး ပြုပ်တဲ့အခါ ပဲပြုပ်ကပိုပြီးချိုပါတယ် ဒါကြောင့်မို့လို့ ဒီတခါတော့ စားတော်ပဲ စစ်စစ်လေး ရလာတာနဲ့ အပင်ဖောက်ပြီး ပြုပ်ထားပါတယ်။

အလျှင်စလို အမြန်စားချင်တယ် ဆိုရင်တော့ ၁၀နာရီလောက် ရေစိမ်ပြီး အပင်မဖောက်ဘဲ တစ်ခါထဲ ပြုပ်ပေးနိူင်ပါတယ် မာမာကတော့ ပဲပြုပ်ကို ပြုပ်ပြီးတာနဲ့ အအေးခံပြီး ခဲထားချင်တာနဲ့ ပဲကို အညှောင့်လေးတွေ ဖောက်လိုက်ပါသေးတယ် ဒါကြောင့်မို့လို့ အရမ်းလွယ်ပြီး ရိုးရိုးရှင်းရှင်း ပဲပြုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. စားတော်ပဲ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး
  2. ထန်းလျှက်ခဲ ကွမ်းသီးလုံးလောက် - နှစ်ခဲ
  3. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ဆိုဒါ - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  6. ပဲပြုပ်ရန်အိုး - အိုး (အိုးအသားထူပြီး ပြုပ်မည့်ပဲနှင့် ပမာဏ သိပ်မကွာတဲ့ အိုးအနေတော် တစ်လုံး)
ပြင်ဆင်ပုံ
  • ဇလုံတစ်လုံးထဲမှာ ပဲများကိုထည့်ပြီး နှစ်ထပ်လောက် ဆေးပေးပါ
  • ပြီးတာနဲ့ ပဲများရေမြုပ်အောင် ခပ်များများလေး ထည့်ပေးကာ ၁၀နာရီလောက် ရေဝအောင် စိမ်ထားပေးပါ 
  • ပဲများရေဝလာကာ ပဲများပွလာပြီ ဆိုတာနဲ့ အပေါက်ခပ်စိတ်စိတ်ပါသော ဇကာတစ်ခုထဲကို သွန်ချပေးပြီး အစို့ဖောက်ဖို့ ပြင်ပါမယ်
  • အစို့ဖောက်ရာမှာ ပဲတွေကို အဝတ်စနဲ့ ထုတ်ပြီး အစို့မဖောက်မိစေဖို့ သတိထားပေးပါ
  • အဝတ်စနဲ့ထုတ်ပြီး အစို့ဖောက်တဲ့ ပဲကိုပြုပ်တဲ့အခါ ရေစော်နံတတ်သလို ရာသီဥတု ပူလွန်းရင်လဲ ပဲများအချဉ်ဖောက်ကုန်တတ်ပါတယ်ပဲ
  • ဇကာထဲမှာထည့်ပြီး ပဲများ အစို့ဖောက်ထားစဉ် အ၀က်စ သန့်သန့်တစ်ခုကို ရေစွတ်ပြီး ပဲအပေါ်မှာ အုပ်ထားပေးပါ
  • အစို့လေးတွေ မြန်မြန်ထွက်လာအောင် အ၀တ်စကို တစ်နေ့ရေ၃ခါလောက် စွတ်ပြီးမှ ပြန်ပြန်အုပ်ပေးပါ
  • ဒုတိယရက်မှာဘဲ ပဲအစို့လေးများ စပြီးထွက်လာပါလိမ့်မယ်အ
  • တတိယရက်မှာလဲ အ၀တ်စကို ရေစွတ်ပြီး တစ်နေ့၃ခါ အရင် ရက်ကလိုဘဲ အုပ်ပေးပါ
  • တတိယရက်မှာ ပဲအစို့လေးတွေ တော်တော်လေး ရှည်လာပါပြီ
  • ပဲအစို့ ဖောက်ထားစဉ် ပဲများကို မဖွမိဖို့ သတိထားပေးရသလို ပဲထည့်ထားသော ဇကာရဲ့ အောက်ချေမှာလဲ ရေများအိုင်မနေအောင် သတိထားပါ
  • တတိယနေ့ ညနေပိုင်း ၃နာရီလောက်ဆို ပဲပြုပ်ဖို့ ပြင်နိူင်ပါပြီ​
  • အစို့ဖောက်ထားသော ပဲများကို ရေတစ်ထပ် ဆေးပေးပါ
  •  ပြီးတာနဲ့ အိုးအသား ထူသော အိုးထဲသို့ ပဲများကို ပြောင်းပြီး ထည့်ပေးပါ
  • ပဲအိုးထဲကို ထန်းလျက်ခဲ ရေ ဆားနှင့် ဆိုဒါတို့ထည့်ပြီး အိုးအဖုံးအုပ်ကာ ပြုပ်ပေးပါ
  • ဆိုဒါပါတဲ့အတွက် ပဲအိုး ရေပွက်ပွက် ဆူလာပြီ ဆိုတာနဲ့ အိုးအဖုံးကို ဟပေးပါ
  • ထိုပုံစံ အတိုင်းလေးဘဲ ပဲအိုးရေခမ်းတဲ့အထိ ဆက်ပြုပ်ပါ
  • ရေခမ်းကာနီးပါက မီးကိုပိတ်လိုက်ပြီး ပဲအိုးကို လက်ကျန်မီးအပူရှိန်နှင့်နှပ်ပေးပါ
  • နှပ်ထားသော ပဲများနပ်လောက်ချိန်မှာ အိုးကိုအဖုံး ဖုံးထားပြီး လက်နှစ်ဖက်နှင့် အ၀တ်ခံပြီးကိုင်ကာ အထက်အောက် သမအောင် ၂ချက်လောက် ခလောက်ပြီး ပဲကိုအထက်အောက် လှန်ပေးပါ
  • ပြီးတာနဲ့ မီးပိတ်ပြီး မီးဖိုပေါ်မှာ လက်ကျန်မီးအပူရှိန်နဲ့ ဆက်နှပ်ထားပေးပါ
  • ပဲနပ်သွားပြီ ဆိုပါက ချိုပြီးအိနေသော ပဲပြုပ်အိအိ မွှေးမွှေးလေးကို မိမိနှစ်သက်သလို စားသုံးနိုင်ရန် ပြင်ပေးနိူင်ပါပြီ။ 

No comments:

Post a Comment