မြန်မာအစာမဟုတ်ရင် စားသာစားတာ သိပ်အာသီသ မရှိတတ်သလို စားနေရင်းက ပါးစပ်ထဲမှာ အရသာက ပေါ့ရှန်ရှန်နေသလိုလို အရသာက ဘာလိုနေမှန်း မသိသလိုလိုနဲ့ ဖြစ်တတ်လွန်းတာမို့လို့ ဒီနေ့တော့ ပါစတာကို မြန်မာမှုပြုပြီး ချက်ပလိုက်ပါတယ်။
ထမင်းမစားချင်တဲ့ နေ့လေးတွေမှာ စိတ်အပြောင်းအလဲလေး ဖြစ်ရအောင် မာမာ့လက်ရာ အိမ်ချက် ပါစတာကို ဆိတ်သားနဲ့ ချက်စားဖြစ်လို့ ချက်နည်းလေး မျှဝေလိုက်ပါတယ်
ပါဝင်ပစ္စည်းများ
- PASTA အခြောက် - 400g
- ဆိတ်သား - 500g
- ကြက်သွန်ဖြူ - ၃မွှာ
- ကြက်သွန်နီ - အလုံးကြီးကြီး ၂လုံး
- ငရုတ်သီးစိမ်း - အစပ်တောင့် ၃တောင့်
- ငရုတ်အပွတောင့် အစိမ်းရောင် - တခြမ်း
- ငရုတ်သီး အပွတောင့် အနီရောင် - တခြမ်း
- သံလွင်ဆီ - စားပွဲတင်ဇွန်းကြီး တဇွန်း
- ခရမ်းချဉ်သီးအနှစ် - ထမင်းစားဇွန်း ၇ဇွန်း
- ခရမ်းချဉ်သီး - အလုံးကြီးကြီး ၂လုံး
- ဆား - လက်ဖက်ရည်ဇွန်း တဇွန်း
- ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
ပြင်ဆင်ပုံ
- PASTA ကို ရေနွေးဆူဆူ မြုပ်အောင်ထည့်ပြီး နူးလာအောင် ပြုပ်ပေးပါ
- နူးလာတာနဲ့ ရေနွေးကိုသွန်ပြီး ရေအေးနှင့် ဆေးပြီး ရေစစ်ထားပါ
- ဆိတ်သားကို နုတ်နုတ်စဉ်းပြီး ဆား အရသာမှုန့် နနွင်းမှုန့်တို့နဲ့ နယ်ထားပါ
- ကြက်သွန်နီ ကြက်သွန်ဖြူ ငရုတ်သီးများကို ပုံပါအတိုင်း လှီးပေးထားပါ
- ဆီကိုအပူပေးပြီး ကြက်သွန်ဖြူ နီ ငရုတ်သီးစိမ်းအစပ်တို့ကို အရင်ဆီသတ်ပေးပါ
- နည်းနည်းနွမ်းလာတာနဲ့ ခရမ်းချဉ်သီးကို ထည့်ပြီး တမိနစ်လောက် ထားပါ
- ပြီးတာနဲ့ ခရမ်းချဉ်သီးအနှစ်ကိုထည့်ပြီး တမိနစ်လောက် ထည့်မွှေပါ
- ဆိတ်သားကို ထည့်မွှေပြီး ထွက်လာသော အရည်များ ခမ်းအောင် တည်ပေးပါ
- ပထမတရည်ခမ်းတာနဲ့ နောက်တခါ အသားများ ရေမြုပ်အောင် ထည့်ပြီး တည်ပေးပါ
- နောက်တရည် မခမ်းခင် ငရုတ်သီးအပွ ၂မျိုးကို ထည့်မွှေကာ မိနစ်ဝက်လောက် ပြည့်တာနဲ့ ငရုတ်ကောင်းမှုန့် ထည့်မွှေကာ အရသာမြည်း၍ ဆီကျန်ရေကျန် ချက်ပေးပါ
- ပြုပ်ထားသော PASTA ဖတ်ကို ပွဲပြင်မည့် ပန်းကန်ထဲထည့်ပြီး ဆိတ်သားဟင်းကို အသားအရည် မျှအောင်ဆမ်း၍ စားသုံးနိုင်ပါပြီ။
No comments:
Post a Comment