အစပ်တွေ အရမ်းစားချင်တဲ့ ရာသီဥတုလေး ဖြစ်နေတော့ ဒီနေ့ အရမ်းပူစပ်နေတဲ့ ငရုတ်သီးစိမ်းနဲ့ ခရမ်းကြွတ်သီးကို ပုဇွန်လှော် ပုဇွန်ငါးပိကင်နဲ့ ထောင်းထားတဲ့ ထောင်းနည်းလေးကို မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ပုဇွန်ငါးပိ - ထမင်းစားဇွန်း ၄ဇွန်းမောက်မောက်
- ပုဇွန်ထုတ် - ၄ကောင်
- ငရုတ်သီးစိမ်း - စားနိုင်သလောက်
- ခရမ်းကြွတ်သီးအနု - ၅လုံး
ပြင်ဆင်ပုံ
- ပုဇွန်ငါးပိကို မွှေးသွားအောင် ကင်ပေးပါ
- ပုဇွန်ငါးပိ ကင်ရာတွင် ပန်းကန်တခုထဲထည့်ပြီး မိုက်ခရိုဝေ့ထဲမှာ တဖက်ကို စက္ကန့်၃၀စီ ၂ခါကင်ပေးနိုင်သလို အောက်ခြေမကပ်သော ဒယ်အိုးထဲမှာ ထည့်ပြီး အပေါ်ယံမာပြီး မွှေးတယ်ဆိုရုံလေး ကင်ပေးပါ
- ပုဇွန်ထုတ်ကို ရေအနည်းငယ်ထည့်ပြီး ၃မိနစ်လောက် လှော်ပေးပြီး အခွံခွာ ခေါင်းဖြုတ် ကြောမှခွဲကာ အမည်းကြောင်း ထုတ်ထားပါ
- ငရုတ်သီးစိမ်းကို ရေဆေးပြီး အညှာခြွေကာ မွှေးသွားအောင် လှော်ပေးပါ
- ခရမ်းကြွတ်သီးကို အလုံးလိုက် ခရင်းနှင့် လိုက်ပေါက်ပေးကာ မိုက်ကရိုဝေ့ထဲမှာ ၄မိနစ်လောက် ထည့်ပေးပါ
- ပြီးတာနဲ့ အညှာဖြုတ် ထက်ခြမ်းခွဲပြီး ရေ၁၀မိနစ်လောက် စိမ်ထားပါ
- ရေစိမ်ထားသော ခရမ်းကြွတ်သီးကို ရေစစ်ကာ ခပ်ထူထူလေးတွေ လှီးပေးထားပါ
ငါးပိထောင်းရန်
- ငရုတ်ဆုံထဲမှာ အခွံခွာသော ပုဇွန်ကို အရင်ဆုံး ညက်နေအောင် ထောင်းပေးပါ
- ပုဇွန်ထောင်းထဲသို့ ငရုတ်သီးစိမ်းကို ညက်နေအောင် ထည့်ထောင်းပါ
- ပုဇွန်ငါးပိကို ထည့်ထောင်းပြီး နောက်ဆုံးမှ လှီးထားသော ခရမ်းကြွတ်သီးကို ခပ်ဖွဖွလေး ထည့်ထောင်းပါ
- အားလုံး သမသွားပြီဆိုတာနဲ့ စားပွဲပြင်ရန် ပန်းကန်ထဲသို့ ပြောင်းထည့်ပေးပြီး ခရမ်းကြွတ်သီးထောင်း စပ်စပ်လေးကို မိမိနှစ်သက်သလို စားသုံးနိုင်ပါပြီ။
No comments:
Post a Comment