အငံလေးပါမှ ထမင်းစားလို့ မြိန်သူတွေအတွက် ပုဇွန်ငါးပိကို မွှေးနေအောင်ကင်ပြီး သံပုရာရည် ဆမ်းထားတဲ့ ပုဇွန်ငါးပိထောင်း မွှေးမွှေးလေး ကင်ပြီးစားရအောင် ကင်နည်းလေး မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ပုဇွန်ငါးပိ - ထမင်းစားဇွန်း မောက်မောက် ၄ဇွန်းခွဲ
- ပုဇွန်ခြောက် - အကောင်ကြီးကြီး အကောင် ၂၀ခန့်
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ၇မွှာ
- ငရုတ်သီးစိမ်း - ၁၅တောင့်
- ငရုတ်သီးအလှော်မှုန့် - ထမင်းစားဇွန်းတစ်ဇွန်း
- သံပုရာသီး - အနေတော် တစ်လုံး
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ပြင်ဆင်ပုံ
- ပုဇွန်ငါးပိကို မိုက်ခရိုဝေ့ထဲမှာ စက္ကန့်၃၀ဆီ ၂ခါကင်ပေးပါ
- မိုက်ခရိုဝေ့ မရှိပါက မီးဖိုပေါ်မှာ ဒယ်အိုးခပ်သေးသေး တစ်လုံးထဲ ပုဇွန်ငါးပိကို ကပ်ကာ ကင်ပေးပါ
- ပုဇွန်ငပိ အပေါ်ယံ တင်းလာပါက နောက်တဖက်ကို လှန်ပြီး ဆက်ကင်ပေးပါ
- ငရုတ်သီးစိမ်းကို ရေဆေးပြီး အညှာဖြုတ်ကာ မွှေးနေအောင် လှော်ထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
- သံပုရာသီးကို ရေဆေးပြီး ထက်ဝက်ခြမ်းထားပါ
- ပုဇွန်ခြောက်ကို ရေဆေးထားပါ
- ငရုတ်ဆုံထဲမှာ အရင်ဆုံး ပုဇွန်ခြောက်ကိုထည့်ပြီး ညက်အောင် ထောင်းပေးပါ
- ပုဇွန်ခြောက် ညက်တာနဲ့ ငရုတ်သီးစိမ်းနဲ့ ကြက်သွန်ဖြူကို ထည့်ထောင်းပါ
- အားလုံး လေးစိတ်ကွဲ အနေအထား ရတာနဲ့အရသာမှုန့် ပုဇွန်ငါးပိကင်နှင့် ငရုတ်သီးအလှော်မှုန့်တို့ကို ထည့်ထောင်းပါ
- ပြီးတာနဲ့ ပုဇွန်ငါးပိထောင်းကို သံပုရာသီး အရည်ညှစ်ကာ စားသုံးရန် ပြင်ပေးနိုင်ပါပြီ။
No comments:
Post a Comment