ဒီနေ့တော့ မှိုအရည်သောက်ဆမ်းလေးနဲ့ လိုက်ဖက်တဲ့ ငါးပိချက် တစ်မယ်ချက်လိုက်ပြီး ထမင်းမိန်စေတဲ့ ပုဇွန်ခြောက်ထောင်း ငါးပိချက် တမယ်ချက်ဖြစ်လို့ မာမာချက်တဲ့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ပုဇွန်ခြောက် - အကောင်ကြီးကြီး လက်ဖက်ရည်အကြမ်း ပန်းကန်တစ်လုံး
- ကြက်သွန်နီ - ခပ်ကြီးကြီး ၅လုံး
- ငရုတ်သီးလုံးခြမ်းကွဲ - လက်ဖက်ရည် ပန်းကန်အသေး တစ်လုံး
- ဆီ - လက်ဖက်ရည် အကြမ်းပန်းကန် တစ်လုံး
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
- ပုဇွန်ငါးပိ - ထမင်းစားဇွန်း တစ်ဇွန်း
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ပြင်ဆင်ပုံ
- ပုဇွန်ခြောက်ကို ရေနာရီဝက်လောက် စိမ်ထားပြီးမှ ညက်နေအောင်ထောင်းပါ။
- ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက်ရေဆေးကာ ပါးပါးလှီးထားပါ။
- အားလုံးအဆင်သင့်ဖြစ်ပါက ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ။
- ဆီပူလာပါက နနွင်းမှုန့်ထည့်ကာ ကြက်သွန်နီကို ထည့်ကြော်ပေးပါ။
- ကြက်သွန်နီများ နွမ်းလာပြီး အရောင်မပြောင်းခင်မှာ ငရုတ်သီးမှုန့်ကို ထည့်ပြီး ၂မိနစ်လောက် ကြော်လိုက်ပါ။
- ငရုတ်သီးနံ့မွှေးလာပါက ပုဇွန်ခြောက်ထောင်း ပုဇွန်ငါးပိ ငံပြာရည်နှင့် အရသာမှုန့်တို့ထည့်ပြီး မွှေပေးပါ။
- မကြာမကြာ မွှေပေးပြီး ဆီခြောက်လာတဲ့အထိ ကြော်ပေးပြီး အရသာမြည်းပြီး လိုသလို ပြင်ပေးပါ။
- ပုဇွန်ခြောက် ငါးပိချက် မွှေးမွှေးလေး ရလာတာနဲ့ နှစ်သက်ရာ တို့စရာတို့ဖြင့် တွဲဖက်ပြီး စားသုံးနိုင်ပါပြီ။
No comments:
Post a Comment