အသားတွေကို ဆီပြန်ချက်လိုက် ကြော်လိုက် ပြုပ်လိုက်နဲ့ သံသရာ လည်နေတဲ့ ဟင်းပွဲတွေထဲက မထွက်နိုင်သေးလေတော့ ဒီတစ်ခါ အသားကိုကြိတ်ပြီး ပြင်ဆင်ကြော်ထားတဲ့ ဆိတ်သားလုံးကြော်နဲ့ မိတ်ဆက်ပေးပါမယ်။
ကိုက်လိုက်တာနဲ့ ငါးဖယ်ကြော်လို စေးထန်းထန်း မာထုတ်ထုတ်ကလေးနဲ့ အရသာ အင်မတန်ကောင်းတဲ့ ဆိတ်သားလုံးကြော်ကို ကိုယ်တိုင်လုပ်ကြည့်စေချင်ပါတယ် အပြင်မှာ ၀ယ်စားရင် ဈေးကြီးတဲ့အတွက် အိမ်မှာလုပ်စားနိုင်အောင် မာမာကြော်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ဆိတ်သား - 500 g
- ငရုတ်ကောင်းစေ့ - အစေ့၂၀ခန့်
- သကြား - ထမင်းစားဇွန်း တစ်ဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
- ဆီ - လိုသလောက် သုံးပေးပါ
- Corn Starch - ထမင်းစားဇွန်း နှစ်ဇွန်း
- Baking Powder - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ဆီ - ထမင်းစားဇွန်း တစ်ဇွန်း (အရသာစပ်ရန်)
- ရေ - 1/2 cup
ပြင်ဆင်ပုံ
- ဆိတ်သားကို ရေဆေးပြီး ရေစင်အောင် သုတ်ထားပါ
- ရေသုတ်ထားသော ဆိတ်သားကို ခပ်သေးသေး အတုံးလေးတွေရအောင် စင်းထားပါ
- ဇလုံတစ်လုံးထဲမှ ဆား သကြား ဆီ ရေ ငံပြာရည် ငရုတ်ကောင်းစေ့ corn starch ,baking powderတို့ကို ရောပြီး မွှေထားပါ
- ခပ်သေးသေး အတုံးလေးတွေ တုံးထားသော ဆိတ်သားကို ဘလင်ဒါထဲ ထည့်ကြိတ်ပါ
- တစ်မိနစ် တစ်ခါကြိတ်ပြီး တစ်ကြိမ်နားကာ ၉ခါလောက် ကြိတ်ပေးပါ
- ကြိတ်နေစဉ် အရသာ မွှေထားသော အရည်ကို လောင်းထည့်ပေးပါ
- အားလုံးသမသွားပြီ ဆိုတာနဲ့ အသားများကို ဇလုံတစ်လုံးထဲ ပြောင်းထည့်ပြီး အပေါ်မှ cling warp နှင့် အသားဇလုံကို လေလုံအောင်ပိတ်ပြီး ၁၅မိနစ်လောက် အခန်းအပူချိန်အတိုင်း ထားပေးပါ
- အချိန်ပြည့်တာနဲ့ လက်ကိုရေစွတ်ပြီး အသားများကို အနေတော် အလုံးလေးတွေ လုံးပေးပါ
- အားလုံးလုံးပြီးတာနဲ့ ဇောက်နက်သောအိုး ခပ်သေးသေးတစ်လုံးမှာ ရေထည့်ပြီး ဆူအောင်တည်ပါ
- ရေပွက်ပွက် ဆူလာပါက လုံးထားသော အသားလုံးများကို ရေနွေးဆူဆူထဲ ထည့်ပြုပ်ပေးပါ
- ရေအေးကို ဇလုံတစ်လုံးထဲ ထည့်ပြီးပြင်ထားပါ
- အသားများ ကျက်လာပါက ရေပေါ်ပေါ်လာပါလိမ့်မယ်
- ပေါ်လာသော အသားလုံးများကို နှစ်မိနစ်လောက် ဆက်တည်ပေးထားပါ
- ပြီးတာနဲ့ အဆင်သင့် ပြင်ထားသော ရေအေးပန်းကန်လုံးထဲသို့ ဆယ်ပြီးထည့်ပေးပါ
- ရေအေးထဲမှာ နှစ်မိနစ်လောက် စိမ်ပြီးတာနဲ့ ရေစစ်ပေးပါ
အသားလုံးကြော်ရန်
- ဒယ်အိုးတစ်လုံးကို အပူပေးပါ
- အိုးပူလာတာနဲ့ ဆီကိုထည့်ကာ အပူပေးပါ
- ဆီပူလာတာနဲ့ အသားလုံးများကို အိုးဆန့်သလောက် ထည့်ကြော်ပေးပါ
- တစ်ဖက်ကျက်လျှင် တစ်ဖက်ကို လှန်ပေးပြီး နှစ်ဖက်လုံးကျက်ပါက ဆယ်ပြီး ဆီစစ်ပေးပါ
- ဆီစစ်သွားတာနဲ့ နှစ်သက်သော အချဉ်တို့နှင့် တွဲဖက်ပြီး စားနိုင်ပါပြီ
- ပိုနေသော အသားလုံးများကို ရေခဲသေတ္တာ ခဲတဲ့အကန့်ထဲမှာ ထည့်ပြီးသိမ်းကာ လိုသလို ထုတ်သုံးနိုင်ပါတယ်။
ဆိတ်သားအစား အမဲသား ၀က်သား ကြက်သား သိုးသားများ အစားထိုးပြီး ပြုလုပ်နိုင်ပါတယ်။
No comments:
Post a Comment