အေးရှန်းဆိုင်မှာ ဈေးသွားဝယ်တော့ ဆိတ်သားလေးတွေ့တာနဲ့ ဝယ်လာပြီး ဒီနေ့တော့ ဆိတ်သားကို မဆလာလေးနဲ့ ခပ်စပ်စပ်လေး ချက်ဖြစ်လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ဆိတ်သား - 500 g
- မဆလာ - လက်ဖက်ရည်ဇွန်း မောက်မောက်တစ်ဇွန်း
- ကြက်သွန်နီ - အနေတော် တစ်ဥ
- ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- အရသာမှုန့်- လက်ဖက်ရည်ဇွန်း တစ်ဝက်
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ငရုတ်သီး စိမ်း - စားနိုင်သလောက်
- ဆီ - ထမင်းစားဇွန်း ၁၀ဇွန်း
ပြင်ဆင်ပုံ
- ဆိတ်သား အတုံးလိုက်ကို သံပုရည်ညှစ်ပြီး နယ်ကာ ၅မိနစ်လောက်ထား၍ ရေဆေးပြီး ရေစစ်ထားပါ
- ရေစစ်တာနဲ့ စဥ့်နီတုံးပေါ်တင်ပြီး အသားများကို လက်တလုံးအရွယ် ၂လက်မလောက်အရှည် အနေတော်လေးတွေ တုံးပေးပါ
- လှီးထားသော အသားကို ဆား အရသာမှုန့် မဆလာနနွင်းမှုန့်တို့နှင့်နယ်ပြီး ၁၀မိနစ်ေလောက် နှပ်ထားပါ
- ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ပြီး ခပ်နုတ်နုတ် လှီးထားပါ
- ငရုတ်သီးစိမ်းကိုရေဆေးပြီး ခပ်သေးသေးလေးတွေ လှီးထားပါ
ဟင်းချက်ရန်
- ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
- ဆီပူပြီး ဆီအငွေ့ တက်လာတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီ ငရုတ်သီးစိမ်းတို့ကို ထည့်ပြီး ဆီသတ်ပေးပါ
- ဆီသတ်နံ့ မွှေးလာတာနဲ့ အရသာ နယ်ထားသော အသားကို ထည့်မွှေပါ
- အသားများ လုံးထွေးမနေစေရန် ဇွန်းဖြင့်မွှေကာ အရောင်ပြောင်းလာပြီး မာလာတဲ့ထိ မွှေပေးပါ
- ပြီးတာနဲ့ ရေမြုပ်အောင်ထည့်ပြီး အဖုံးဖုံးကာ တည်ပေးပါ
- ရေခမ်းကာနီး အိုးမကပ်စေရန် အထက်အောက် မွှေပေးပြီး ဆီပြန်လာတာနဲ့ အရသာမြည်းကာ လိုသလိုပြင်ပေးပြီး နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။
No comments:
Post a Comment