ကြော်နည်းလေးတွေ ပါဝင်ပစ္စည်းလေးတွေ ထည့်ထားသော အချိုးအစားလေးတွေ တစ်ယောက်နဲ့တစ်ယောက် ကွာကောင်း ကွာပါလိမ့်မယ် ကိုယ်ခံတွင်းလိုက်သလို ပြင်ဆင်ပြီး ကြော်ထားသော မြိတ် (ဘိတ်)ကပ်ကြေးကိုက်ကြော်သာ ဖြစ်ပါတယ် ဆိုတာလေးလည်း အသိပေးရင်း မာမာ့ကြော်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ဆန်ပြားခေါက်ဆွဲ အခြောက်ထုတ် - 300 g
- ပုဇွန်ထုတ် - ဆယ့်ငါးကောင်ခန့်
- ၀က်အူချောင်း - ငါးလက်မခန့် သုံးချောင်း
- ပင်လယ်စာ ဂဏန်းချောင်း - သုံးချောင်း
- ပြည်ကြီးငါး - အနေတော် သုံးကောင်
- ပဲပင်ပေါက် - မိမိနှစ်သက်သလောက်
- စတော်ပဲပြုပ် - မိမိနှစ်သက်သလောက်
- ငရုတ်သီး အကြမ်းမှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ခွန်နှစ်မွှာ
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
- သကြား - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
- ပဲငံပြာရည်အပျစ် - ထမင်းစားဇွန်း နှစ်ဇွန်း
- ပဲငံပြာရည် အကြည် - ထမင်းစားဇွန်း တစ်ဇွန်း
- ဗီနီကာ - ထမင်းစားဇွန်း နှစ်ဇွန်း
- အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ဆီ - ထမင်းစားဇွန်း ဆယ်ဇွန်း
- ကြက်ဥ -နှစ်လုံး
ပြင်ဆင်ပုံ
- ဆန်ပြားခေါက်ဆွဲဖတ်ကို ရေတစ်နာရီခန့်စိမ်ထားပြီး ရေနွေးဆူဆူမှာ နှစ်မိနစ်ခန့် ပြုပ်ပေးပါ
- ခေါက်ဆွဲသား မတူနိုင်တဲ့အတွက် ပြုပ်နေချိန်မှာ ဆယ်ပြီး လက်နှင့် ဖိကြည့်ပါ
- ခေါက်ဆွဲဖတ်များ ပျော့လာပါက ဇကာထဲ သွန်ချကာ ရေဆေးပြီး ရေစစ်ထားပါ
- ရေစစ်ထားသော ခေါက်ဆွဲဖတ်များကို ဇလုံကျယ်ကျယ် တစ်လုံးထဲထည့်ပြီး ဗီနီကာ ဆား ပဲငံပြာရည်အပျစ် ပဲငံပြာရည်အကြည် သကြား အချိုမှုန့်တို့ထည့်ကာ ခပ်ဖွဖွ နယ်ထားပါ
- ပုဇွန်ထုတ်ကို ရေဆေးပြီး အခွံခွာ ခေါင်းနှင့်အမြှီးတို့ဖြုတ်ကာ ကြောဖက်မှ အမည်းကြောင်းကို ထုတ်ပြီး ရေစင်အောင်ဆေးကာ ရေစစ်ထားပါ
- ၀က်အူချောင်းကို ခပ်စောင်းစောင်းလေးတွေ လှီးထားပါ
- ဂဏန်းချောင်း အသားကို ခပ်စောင်းစောင်း လှီးထားပါ
- ပြည်ကြီးငါးကို သန့်စင်ပြီး လက်နှစ်လုံးလောက် အဖတ်လေးများ လှီးထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
- ငရုတ်သီး အကြမ်းမှုန့်ကို ရေနွေးဆူဆူနှင့် လောင်းပြီးစိမ်ထားပါ
- ဆီ ပဲပြုပ်နှင့် ပဲပင်ပေါက်တို့ကို အဆင်သင့် ပြင်ထားပါ
ကြော်ရန်ပြင်ဆင်ပုံ
- အရသာ နယ်ထားသော ဆန်ပြားခေါက်ဆွဲဖတ် ပဲပင်ပေါက်နှင့် လိုအပ်သော ပစ္စည်းများကို အဆင်သင့်ပြင်ထားပါ
- ဆီ ထမင်းစားဇွန်း ခွန်နှစ်ဇွန်းကို အပူပေးပြီး ဆီပူလာတာနဲ့ ကြက်သွန်ဖြူကို တစ်မိနစ်လောက် ကြော်ပေးပါ
- ပြီးတာနဲ့ ပြည်ကြီးငါး ၀က်အူချောင်း ပုဇွန် ဂဏန်းချောင်းတို့ကို နှစ်မိနစ် ထည့်ကြော်ပြီး အဖတ်များ ဆယ်ထားပါ
- ပြီးတာနဲ့အိုးထဲမှာ ကျန်နေသော အရည်များထဲသို့ ရေနွေးစိမ်ထားသော ငရုတ်သီးအကြမ်းဖတ်များ ထည့်မွှေပြီး ပဲပင်ပေါက်နှင့် အရသာ နယ်ထားသော ညှပ်ခေါက်ဆွဲဖတ်များကို နှစ်မိနစ်လောက် ထည့်ကြော်ပြီး ဇလုံတစ်လုံးထဲသို့ ပြောင်းထည့်ထားပါ
- ဒယ်အိုးထဲကို ဆီ ထမင်းစားဇွန်း သုံးဇွန်းထည့်ပေးပြီး အပူပေးပါ
- ဆီပူလာတာနဲ့ကြက်ဥကို ဖောက်ထည့်ပြီး အနှစ်နှင့်အကာကို ရောသွားအောင် ခေါက်ပြီး ဖြန့်ပေးပါ
- ကြက်ဥကျက်တာနဲ့ ကြော်ထားသော အသားများ ပဲပြုပ် ခေါက်ဆွဲများထည့်ပြီး သမအောင် မွှေကာ မီးပိတ်ပေးပါ
- ပူစပ်ပူလောင်လေးနဲ့ အရသာ ရှိလွန်းတဲ့ မြိတ် (ဘိတ်) ကပ်ကြေးကိုက်ကြော်ကို သုံးဆောင်နိုင်ပါပြီ။
No comments:
Post a Comment