ချဉ်ငါးရည်ဟင်းက ငါးသေတ္တာ အနံ့ မွှေးမွှေးလေးနဲ့ မို့လို့ အရမ်းကြိုက်လွန်းတဲ့အတွက် ဒီနေ့တော့ ထမင်းစားလို့ မြိန်အုံးမှာပါ ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချဉ်ရည်ဟင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။။
ပါဝင်ပစ္စည်းများ
- မုံလာဥနီ - ဆယ်ပင်ခန့်
- မုန့်ညှင်းစိမ်း - သုံးပင်
- ဝါးဘိုးမျှစ်နု ပြုပ်ပြီးသား - ငါးပင်ခန့်
- ရှမ်းနံနံရွက် - ၇ ရွက်ခန့်
- ကြက်သွန်နီ - အနေတော် တစ်ခြမ်း
- ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
- ချင်း - လက်တဆစ်ခန့်
- ငရုတ်သီးမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
- ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
- ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
- မန်ကျည်းသီးမှည့်အနှစ် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ငါးသေတ္တာ - ဗူးအသေး တစ်ဗူး
ပြင်ဆင်ပုံ
- မုံလာဥ အပင်လေးများကို ထက်ဝက်ပိုင်းပြီး ရေဆေးပါ
- မုံလာဥလေးများကို ရေဆေးပြီး ထက်ဝက်ခြမ်းထားပါ
- မုန့်ညှင်းစိမ်းကို သင့်သလိုလှီးပြီး ရေဆေးကာ ရေစစ်ထားပါ
- မျှစ်နုပြုပ်ပြီးသားကို ရေဆေးပြီး အစိတ်လေးတွေ လှီးထားပါ
- ရှမ်းနံနံကို ရေဆေးပြီး ရေစစ်ထားပါ
- ငါးသေတ္တာဗူးကို အဖုံးဖွင့်ထားပါ
- ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီးမှုန့်ထည့်ပြီး ညက်နေအောင် ထောင်းထားပါ
- မန်ကျည်းသီးမှည့်ကို ရေတစ်ထပိဆေးပြီး ရေနွေးနှင့် စိမ်ထားပါ
- ဇောက်နက်သော အိုးထဲမှာ မုံလာရွက်များ မုံလာဥများ မုန့်ညှင်းစိမ်းရွက်များ လှီးထားသော မျှစ်များ နနွင်းမှုန့် ဆား ငါးငံပြာရည် အရသာမှုန့် ဆီနှင့် ငရုတ်သီးမှုန့် ကြက်သွန်ဖြူ ကြက်သွန်နီနှင့် ချင်းထောင်းတို့ကိုထည့်ပြီး နယ်ပေးပါ
- အရသာ နယ်ပြီးပါက ရေအနည်းငယ်ထည့်ပြီး အရင်ဆုံး လုံးရည် ရေဆူအောင် တည်ပေးပါ
- ရေဆူလာတာနဲ့ အထက်အောက် သမအောင်မွှေပေးပြီး အဖုံးအုပ်ကာ ပြန်တည်ထားပါ
- အရွက်များ တော်တော်လေး နွမ်းလာတာနဲ့ အဆင်သင့် ပြင်ထားသော ငါးသေတ္တာကိုထည့်ကာ ရေလိုသလောက်ထည့်ပြီး ပွက်ပွက်ဆူအောင် ပြန်တည်ပေးပါ
- ရေပွက်ပွက်ဆူကာ အရွက်များ နူးလာပါက မန်ကျည်းသီးမှည့် အနှစ်ထည့်ပြီး ရေကို တစ်မိနစ်လောက် ထပ်ဆူအောင်ထားလိုက်ပါ
- ပြီးတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ ရှမ်းနံနံရွက် အုပ်ပေးပြီး မီးပိတ်ပေးပါ
- ထမင်းမြိန်စေတဲ့ မျှစ်မုန့်ညှင်းစိမ်း ချဉ်ငံစပ် ငါးသေတ္တာ အရသာ မွှေးလွန်းတဲ့ ချဉ်ရည်ဟင်း ပူပူလေးကို ရပါပြီ။
No comments:
Post a Comment