ဒီတစ်ခါတော့ ဆိတ်သားတွေ ၀ယ်ထားတာနဲ့ ဆိတ်သားပြုပ်ကြော်ကို ထမင်းပူပူလေးနဲ့ စားရအောင် ချက်ထားပါတယ် ချက်နည်း အလွယ်လေးတွေမဲ့ စားကောင်းဖို့က အဓိက ကျတာမို့လို့ သုံးနေကျ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ဘဲ ပြုပ်ကြော်မွှေးမွှေး ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ဆိတ်သား - 500 g
- ကြက်သွန်နီ - အနေတော် တစ်လုံး
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ
- ချင်း - ခပ်ပါးပါး ငါးပြား
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ပဲငံပြာရည်အပျစ် - ထမင်းစားဇွန်း တစ်ဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- ဆီ - ထမင်းစားဇွန်း ဆယ်ဇွန်း
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
ပြင်ဆင်ပုံ
- ဆိတ်သားကို အတုံးလိုက် ရေဆေးပြီး အရှည်လိုက် ပုံပါအတိုင်း လက်တစ်လုံးခန့် အထူလှီးထားပါ
- ချင်းကို အခွံခွာပြီး အမြှောင်းလိုက် ခပ်ရှည်ရှည် လှီးထားပါ
- ကြက်သွန်နီကို အလုံးလိုက် အခွံခွာပြီး ရေဆေးကာ အကွင်းလိုက် ခပ်ထူထူ လှီးထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ နှစ်မွှာကို ဓါးပြားရိုက်ပြီး ခပ်နုတ်နုတ် လှီးထားပါ
- ကျန်သုံးမွှာကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
- ထောင်းထားသော ကြက်သွန်ဖြူထဲ ပဲငံပြာရည်အပျစ် ဆား အရသာမှုန့် တို့နှင့်ရောမွှေကာ ဆိတ်သားကိုပါ ရောနယ်ပေးပါ
- အရသာ နယ်ထားသော ဆိတ်သားကို အရင်ဆုံး ရေမြုပ်ရုံလေးထည့်ပြီး ရေခမ်းအောင် တည်ပေးပါ
- ပထမ လုံးရည်ခမ်းတာနဲ့ နောက်ထပ် ရေကို ဆိတ်သားမြုပ်အောင် ထပ်ထည့်ပြီး အသားနူးတဲ့အထိ ပြုပ်ပေးပါ
- ပြုပ်ထားသော အရည်များ ခမ်းတာနဲ့ မီးပိတ်ပေးပါ
- ဆီကို အပူပေးပြီး နနွင်းမှုန့်ထည့်ကာ ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းတို့ကို နွမ်းတယ်ဆိုရုံလေး ကြောပေးပါ
- ပြီးတာနဲ့ ရေခမ်းပြီး နူးအောင်ပြုပ်ထားသော ဆိတ်သားကို ထည့်ကြော်ပါ
- ဆိတ်သားက ပြုပ်နေစဉ် နူးပြီးသားဖြစ်တဲ့အတွက် ကြက်သွန်များ နွမ်းတာနဲ့ မီးပိတ်ပေးပြီး ဆိတ်သားပြုပ်ကြော်ကို စားသုံးရန် အသင့်ဖြစ်ပါပြီ။
No comments:
Post a Comment