Friday 30 June 2017

ကြက်အသည်းအမြစ် အစိမ်းကြော်


အိမ်အပြောင်း အရွှေ့တွေနဲ့ အလုပ်များနေချိန် ဟင်းချက်ချိန်လဲ သိပ်မရလေတော့ ဟင်းချက်ချိန်သိပ်မကြာဘဲ ထမင်းစားလို့ မြိန်စေမဲ့ အစိမ်းကြော်လေး တစ်မယ်ဘဲ ကြော်ဖြစ်ပါတယ်။

ထမင်းပူပူ ဟင်းပူပူလေးနဲ့ ထမင်းစားလို့ မြိန်မြိန်စားနိုင်အောင် ကြက်အသည်းအမြစ် အစိမ်းကြော် ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကြက်အသည်း - ငါးခု
  2. ကြက်အမြစ် - ငါးခု
  3. ကြက်သွန်နီ - အနေတော် တစ်ဥ
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  5. မုံလာဥနီ - အနေတော် တစ်ဥ
  6. ဂေါ်ဖီ - အရွက်ကြီး လေးရွက်
  7. ပန်းဂေါ်ဖီ - အနေတော် သုံးခက်
  8. ဆယ်လ်ရီ အရိုး - တထွာခန့် 
  9. ဘရိုကိုလီ - အနေတော် လေးခက်ခန့်
  10. ကော်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  11. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  12. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  13. ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တစ်ဇွန်း
  14. ရွှေပဲသီး - ဆယ်တောင့်
  15. ဆီ - ထမင်းစားဇွန်း ငါးဇွန်း 

ကော်ရည်ဖျော်နည်း
  • ကော်မှုန့်
  • သကြား 
  • ဆား 
  • ပဲငံပြာရည် 
  • ရေ - လက်ဖက်ရည်ပန်းကန်လုံး ၂လုံးစာ
  • (အားလုံးကို ပျော်သွားအောင် ရောဖျော်ထားပါ)
ပြင်ဆင်ပုံ
  • ကြက်အသည်း အမြစ်တို့ကို ရေစင်အောင်ဆေးပြီး အနေတော် အတုံးလေးတွေတုံးပြီး ဆားအနည်းငယ် အချိုမှုန့်အနည်းငယ်တို့နှင့် အရသာဝင်အောင် အနည်းငယ် နယ်ထားပေးပါ
  • ကြက်သွန်နီကို လေးစိတ်ခွဲပြီး အလွှာတွေရအောင် ခွာထုတ်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ဓါးပြားရိုက်ထားပါ
  • အခြားအသီးအနှံတွေကိုလည်း ရေဆေးကာ အနေတော်လှီးထားပါ
  • အရသာနယ်ထားသော အသည်းအမြစ်များကို ရေမြုပ်အောင်ထည့်ပြီး ရေခမ်းအောင် ပြုပ်ထားပါ
  • ဒယ်အိုးတစ်လုံးကို ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာလျှင် ကြက်သွန်ဖြူကို မွှေးရုံလေး ကြော်ပေးကာ ဆယ်လ်ရီ ပန်းဂေါ်ဖီ ဂေါ်ဖီ မုံလာဥနီ ဘရိုကိုလီ စသည့်အသီးအရွက်များကို ထည့်ကြော်ပါ
  • အသီးအရွက်များ အနည်းငယ် နွမ်းသွားပါက ပြုပ်ထားသော ကြက်သားကြော်များ ထည့်ပေးပါ
  • အကြာကြီး ကြော်စရာမလိုဘဲ အနည်းငယ် နွမ်းရုံကြော်ပြီးတာနဲ့ ကြက်သွန်နီ အဖတ်လေးများ ထည့်မွှေပါ
  • ပြီးတာနဲ့ ဖျော်ထားသော ကော်ရည် လောင်းထည့်ပြီး မွှေပေးပါ
  • ကော်ရည် အနည်းငယ် ပြစ်လာတာနဲ့ အရသာမြည်းပြီး လိုသလိုပြင်ကာ ရွှေပဲသီးကိုထည့်ပြီး မွှေပေးပါ
  • အားလုံးသမသွားပြီဆိုတာနဲ့ အလွန်စားကောင်းလို့ကောင်းတဲ့ ကြက်အသည်းအမြစ် အစိမ်းကြော်လေး ရပါပြီ။

No comments:

Post a Comment