Monday 31 August 2020

နှစ်ရောင်ချယ် ကောက်ညှင်းပေါင်း









ဒီနေ့တော့ ကောက်ညှင်းအဖြူ နဲ့ ကောက်ညှင်းငချိတ်တို့ကို နှစ်မျိုးရောပြီး ပဲလွန်းပြုပ်ပြီးသားလေးနဲ့  ပေါင်းထားတဲ့ ကောက်ညှင်းပေါင်း မွှေမွှေးစိမ့်စိမ့်လေးကို ပေါင်းဖြစ်ပါတယ်။

ကောက်ညှင်းပေါင်း မွှေးမွှေးစိမ့်စိမ့်လေးကို စိတ်ကူးရသလို ပေါင်းလိုက်ပြီး နှမ်းလှော်ထောင်းလေးဖြူးကာ စားဖို့ပြင်ဆင်ခဲ့အတွက် မာမာပေါင်းထားတဲ့ ကောက်ညှင်းပေါင်း နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကောက်ညှင်းဆန် အဖြူ  - နှစ်ဗူး (ထမင်းပေါင်းအိုး ဆန်ချင်ဗူး)
  2. ကောက်ညှင်းငချိတ် - နှစ်ဗူး (ထမင်းပေါင်းအိုး ဆန်ချင်ဗူး)
  3. ရေ - 1200 ml (ကောက်ညှင်းပေါင်းအိုး အောက်ခံအိုးတွင် ထည့်ပေးရန် )
  4. အုန်းသီး ခြစ်ပြီးသား - 1/2 cup ( မုန့်လုပ်ရာတွင် ချင်တွယ်သောခွက်) 
  5. ပြုပ်ပြီးသားပဲလွန်း - မိမိနှစ်သက်သလောက်ထည့်ပါ
  6. နှမ်းလှော်ထောင်း - မိမိနှစ်သက်သလောက်
  7. ပေါင်းအိုး - တစ်လုံး
  8. Baking paper - လိုသလောက် ပိုင်းဖြတ်ပေးပါ
ပြင်ဆင်ပုံ
  • ကောက်ညှင်းဆန် တစ်မျိုးစီကို ဇလုံတစ်လုံးစီထဲမှာ ရေမြုပ်အောင်ထည့်ကာ ၆နာရီခန့် ရေစိမ်ထားပေးပါ
  • ရေစိမ်ထားချိန် ပြည့်တာနဲ့ ကောက်ညှင်းဆန်ကို ခပ်ဖွဖွလေး ရေဆေးပေးကာ ရေစစ်ပေးပါ
  • ရေစစ်သွားတာနဲ့ အုန်းသီးမှုန့်နှင့် ကောက်ညှင်းဆန် နှစ်မျိုးစလုံးကို ရောထားပေးပါ
  • မာမာ အသုံးပြုတဲ့ ပေါင်းခံဇကာက အပေါက်ကြီးတဲ့အတွက် ပေါင်းခံဇကာထဲမှာ baking paper ခံပေးပါ
  • ပေါင်းအိုးအောက်ခံအိုးထဲမှာ ရေထည့်ပြီး ပေါင်းခံဇကာကို တင်ပေးပါ
  • ထိုပေါင်းခံဇကာ အပေါ်မှာ ပြုပ်ပြီးသား ပဲလွန်းကို ဖြန့်ခင်းပေးပါ
  • ပဲအပေါ်မှ ကောက်ညှင်းဆန်များကို ဖြန့်တင်ပေးပါ
  • ပြီးတာနဲ့ ပေါင်းအိုးမှ ပေါင်းမည့်ခလုတ်နှိပ်ပြီး မိနစ်၂၀ ချိန်ပေးကာ ပေါင်းပေးပါ
  • ကောက်ညှင်ပေါင်းချိန် ပြည့်တာနဲ့ ပေါင်းအိုးထဲမှ လေကို ကုန်အောင်ထုတ်ပြီးမှ အဖုံးဖွင့်ပေးပါ
  • အိုးအဖုံး ဖွင့်ပြီးတာနဲ့ ကောက်ညှင်းပေါင်းကို အထက်အောက် သမသွားအောင် မွှေပေးပြီး အိုးအဖုံး ပြန်ဖုံးပေးကာ ဆယ်မိနစ်လောက် လက်ကျန်အပူရှိန်နဲ့ နှပ်ပေးထားပါ
  • ပြီးတာနဲ့ အုန်းသီးနံ့ မွှေးမွှေးလေးနဲ့ ပဲလွန်းစိမ့်စိမ့်လေးပေါ်မှာ နှမ်းလှော်ထောင်း ဖြူးပေးကာ ကောက်ညှင်းပေါင်း ပူပူလေးကို သုံးဆောင်နိူင်ပါပြီ။

No comments:

Post a Comment