Friday 26 March 2021

ကြက်သားကြော် မွမွရွရွလေး

 












ဒီနေ့တော့ ဘာချက်ရင် ကောင်းမလဲ စဉ်းစားပေမဲ့ အိမ်မှာစားတတ်တာဆိုလို့ ကြက်သားတစ်မျိုးဘဲ ရှိတာနဲ့ ကြက်ရင်ပုံသား တစ်တုံးထုတ်ပြီး ကြွတ်ကြွတ်မွမွလေး ကြော်ဖြစ်ပါတယ်။

အကြော်မှုန့်နဲ့ သုံးခါလောက် လူးပြီးမှ ကြော်တဲ့အတွက် အပြင်ခွံ ကြွတ်မွနေပြီး အတွင်းသား အိအိလေးနဲ့ စားလို့ကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ကြက်ရင်ပုံသား - 500 g
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. ငရုတ်ကောင်း - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ဟင်းချက်ဝိုင် - ထမင်းစားဇွန်း တစ်ဇွန်း
  6. ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း နစိဇွန်းသာသာ
  7. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. ယိုးဒယား အကြော်မှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး
  9. ဆီ - လိုသလောက် သုံးပေးပါ
ပြင်ဆင်ပုံ
  • ကြက်ရင်ပုံသားကို ရေဆေးပြီး လေးထောင့် အတုံးလေးတွေ တုံးပေးပါ
  • ပြီးတာနဲ့ ဇလုံတစ်လုံးထဲမှာ ကြက်သား ဆား အရသာမှုန့် ဟင်းချက်ဝိုင် ပဲငံပြာရည်အကြည် ငရုတ်ကောင်းမှုန့် ငရုတ်သီး အရောင်တင်မှုန့်တို့ထည့်ပြီး အရသာဝင်အောင် နယ်ပေးပြီး ဆယ့်ငါးမိနစ်ခန့် နှပ်ထားပေးပါ
  • ဇလုံတစ်လုံးထဲမှာ ရေထည့်ပြီး အဆင်သင့် ပြင်ထားပါ
  • ပန်းကန်ပြား တစ်ချပ်ထဲကို တန်ပူရာမှုန့် ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးစာ အရင်ဖုံး ထည့်ပေးကာ အရသာ နှပ်ထားတဲ့ ကြက်သားတုံးများကိုထည့်ပြီး ခပ်ဖွဖွလေး လူးပေးပါ
  • ပထမတစ်ကြိမ် လူးပြီးတာနဲ့ အပေါက်ခပ်စိတ်စိတ်ပါသော ဇကာထဲကို ထည့်ပေးပါ
  • ထိုဇကာကို အဆင်သင့် ထည့်ထားသော ရေဇလုံထဲမှာ ခပ်မြန်မြန်လေး ထည့်ပေးပြီး ဆယ်လိုက်ပါ
  • ပြီးတာနဲ့ တန်ပူရာမှုန့် နောက်ထပ်ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးစာကို ပန်းကန်ထဲမှာ ထပ်ထည့်ပေးပြီး ကြက်သားတုံးများကို ထပ်လူးပေးပါ
  • အထက်ပါ နည်းအတိုင်း ကြက်သားကို ရေထဲခနထည့်လိုက် တန်ပူရာမှုန့်နဲ့ လူးလိုက် နောက်တစ်ကြိမ် လုပ်ပေးပါ
  • ပြီးတာနဲ့ ဒယ်အိုးထဲမှာ ဆီခပ်များများလေးထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကိုအနေတော် လျှော့ပေးပြီးမှ ကြက်သားများကို တစ်တုံးချင်း အိုးဆန့်သလောက် ထည့်ကြော်ပေးပါ
  • ကြော်နေစဉ် အကျက်ညီစေရန် မကြာမကြာ မွှေပေးပါ
  • ကြက်သားတုံးများ ရွှေဝါရောင် သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားတာနဲ့ ကြက်သားကြော် ကြွတ်ကြွတ်ရွရွ မွှေးမွှေးလေးကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment