ဟင်းရံစဉ်းစားရတာ တစ်ခါတစ်ေလ ခေါင်းတော့ တော်တော်လေး နောက်မိတယ် အသားမစားတဲ့သူအတွက် တစ်မျိုးစဉ်းစားရသလို အသားစားပြန်တော့ အသားပေါင်းစုံ မစားသူအတွက် တစ်မျိုးစီစဉ်ရပြန်တယ် ဒီနေ့တော့ ကိုယ်စားချင်တာလေးဘဲ ဦးစားပေးပြီး ၀ယ်ချက်လိုက်တဲ့ ဆိတ်သားနှပ် အိအိမွှေးမွှေး ချက်နည်းလေးကို မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ(ဆိတ်သားအရသာနယ်ရန်)
- ဆိတ်သား - 500 g (အနေတော်တုံးထားပါ)
- ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ချင်း - ခပ်ပါးပါး နှစ်ပြားကို ညက်နေအောင်ထောင်းထားပါ
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
အရသာနယ်ရန်
- ဆိတ်သားကို ရေဆေးပြီး အနေတော် အတုံးလေးတွေ တုံးထားပါ
- ချင်းကိုအခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
- အိုးတစ်လုံးထဲမှာ ဆိတ်သား ဟင်းချိုမှုန့် နနွင်းမှုန့် ဆားနှင့်ချင်းထောင်းတို့ကို တို့ရောနယ်ကာ အရသာ ၀င်အောင် နာရီဝက်လောက် ထားပါ
- အရသာ နှပ်ပြီးတာနဲ့ ဆိတ်သားကို ရေမြုပ်ရုံလေး အရင်ထည့်ကာ ပြုပ်ပေးပါ
- ပထမတစ်ရည် ခမ်းကာနီး နောက်တစ်ရည် အသားမြုပ်အောင် ထည့်ပြီး ပြုပ်ပေးပါ
- ဆိတ်သားကို နူးတဲ့အထိ ပြုပ်ပေးထားပါ
ဟင်းချက်ရန်လိုအပ်သော ပစ္စည်း
- ဆီ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်း
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ကြက်သွန်ဖြူထောင်းရန် - အမွှာကြီးကြီး ငါးမွှာ
- ကြက်သွန်နီ မညက်တညက်ထောင်းရန် - ခပ်ကြီးကြီး နှစ်ဥ
- ချင်းထောင်းရန် - တစ်လက်မခန့်
- စပါးလင်ထောင်းပြီးသား - ထမင်းစားဇွန်း တစ်ဇွန်း
- ငရုတ်သီးမှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
- ကရဝေးရွက် - သုံးရွက်
- လေးညှင်း -နှစ်ပွင့်
- ဖာလာ - နှစ်စေ့
- သစ်ဂျပိုးခေါက် -နှစ်လက်မခန့်
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
- အိုးထဲမှာ ဆီထည့်ပြီး ဆီကိုအပူပေးပါ
- ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ကာ ကြက်သွန်ဖြူ ကြက်သွန်နီ ချင်း စပါးလင်ထောင်း ဖာလာစေ့ လေးညှင်းပွင့် ကရဝေးရွက်နှင့် ငရုတ်သီးမှုန့်တို့ကို မွှေးလာာတဲ့ထိ ဆီသတ်ပေးပါ
- ဆြီသတ်နံ့ မွှေးလာတာနဲ့ နူးနေအောင် ပြုပ်ထားသော ဆိတ်သားနှင့် ဆားကိုထဲ့ပြီး ဆီသတ်ပေးပါ
- အသားများနှင့် ငရုတ်သီးဆီသတ် သမသွားပါက ရေမြုပ်အောင်ထည့်ပြီး ရေမခမ်းစေဘဲ ဆီကျန်ရေကျန်တဲ့ထိ တည်ပေးပါ
- ရေမခမ်းခင် အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
- ရေခမ်းပြီး ဆီပြန်လာပါက ဟင်းအနှစ်များများနှင့် ဆိတ်သားနှပ် အိအိလေးကို စားသုံးနိုင်ပါပြီ။
- ဤနည်းအတိုင်း အမဲသား သိုးသားတို့ကိုလဲ နှပ်နိုင်ပါတယ်။
No comments:
Post a Comment