ကြက်သားကို အမျိုးမျိုး ချက်စားဖြစ်တဲ့ အထဲက ဒီတစ်ခါတော့ ကြက်သားကို ခပ်ကြမ်းကြမ်းစင်းပြီး ကြက်သွန်ဖြူမိတ်နဲ့ကြော်ဖြစ်လို့ စားကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ ကြော်နည်းလေးကိုမျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ကြက်ရင်ပုံသား - 250 g
- ကြက်သွန်ဖြူမိတ် - အပင် နှစ်ဆယ်ခန့်
- ကြက်သွန်နီ - အနေတော် တစ်လုံး
- ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
- ချင်း - လက်တဆစ်ခန့် တစ်ပြား
- ဆီ - ထမင်းစားဇွန်း ငါးဇွန်း
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- ပဲငံပြာရည်အပြစ် - ထမင်းစားဇွန်း တစ်ဇွန်း
ပြင်ဆင်ပုံ
- ကြက်သားကို ရေဆေးပြီး အရမ်းမညက်စေဘဲ ခပ်ကြမ်းကြမ်း နုတ်နုတ်စင်းပေးပါ
- စင်းထားသော ကြက်သားကို ဇလုံတစ်လုံးထဲထည့်ကာ ဆား အချိုမှုန့် နနွင်းမှုန့်တို့နဲ့ အရသာဝင်အောင် နယ်ထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ပေးထားပါ
- ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ အကွင်းလိုက် လှီးထားပါ
- ချင်းကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး သေးသေး ရှည်ရှည်လေးတွေ လှီးထားပေးပါ
- ကြက်သွန်ဖြူမိတ်ကို အပင်လိုက် ရေဆေးပြီး တစ်လက်မလောက် အရှည်လေးတွေ လှီးထားပါ
ချက်ပြုပ်ပုံ
- အားလုံးလုံး အဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲ ဆီထည့်ပြီး အပူပေးပါ
- ဆီပူလာတာနဲ့ အရသာ နယ်ထားသော ကြက်သားကို ထည့်မွှေပါ
- ကြက်သား အသားများ မာလာတာနဲ့ ရေအနည်းငယ်ထည့်ကာ ရေခမ်းတဲ့အထိ တည်ပေးပါ
- ရေခမ်းတာနဲ့ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းတို့ကို နွမ်းတဲ့အထိ ရောပြီးကြော်ပေးပါ
- ကြက်သွန်များ နွမ်းပြီဆိုတာနဲ့ ပဲငံပြာရည်ထည့်မွှေပြီး ကြက်သွန်ုဖြူမိတ် ထည့်မွှေကာ မိနစ်ဝက်လောက် မွှေပြီးတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ သုံးဆောင်နိုင်ပါပြီ။
No comments:
Post a Comment