ဆင်ခေါင်းပဲ ပြုပ်ပြီးသားကို ကြက်သွန်စိမ်းနဲ့ သုပ်စားရတာ ကြိုက်သလို ဆီစိမ်းလေးဆမ်းပြီး စားရတာကိုလဲ နှစ်သက်ပါတယ်။
ဒီတခါတော့ ချဉ်ငံစပ် ဟင်းလေးချက်ပြီး ပလာတာနဲ့တွဲပြီးစားဖို့ ပြင်ထားပါတယ် စားလို့ကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်ထားတဲ့ ပဲအစပ်ချက်နည်းလေးကို မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ပြုပ်ပြီးသား ဆင်ခေါင်းပဲ - တရုတ်ဟင်းပြင်ပန်းကန်အသေး တစ်လုံးစာ
- အခွံခွာပြီး ရေဆေးကာ အနေတော်တုံးထားသောအာလူး - အနေတော် ၂လုံး
- ပျဉ်းတော်သိမ်းရွက် - အနေတော် ၂ခက်
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
- ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
- ခပ်နုတ်နုတ်လှီးထားသော ကြက်သွန်နီ - အနေတော် တစ်လုံး
- ခပ်နုတ်နုတ်လှီးထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ဆီ - ထမင်းစားဇွှန်း လေးဇွန်း
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- ရေ လက်ဖက်ရည် အကြမ်းပန်းကန် တလုံးခွဲလောက်နှင့် စိမ်ထားသော မကျည်းသီးမှည့် - ကွမ်းသီးဆံလုံးလောက်
ပြင်ဆင်ပုံ
- ဆီကိုအပူပေးပါ ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ပါ
- ကြက်သွန်နီ ကြက်သွန်ဖြူ ငရုတ်သီးမှုန့်တို့ကို ထည့်မွှေပြီး မွှေးလာအောင်ဆီသတ်ပေးပါ
- ဆီသတ်နံ့ မွှေးလာတာနဲ့အာလူးကို ထည့်မွှေပြီး ရေမြုပ်အောင်ထည့်ကာ အာလူးနူးအောင် ချက်ပေးပါ
- အာလူးနူးတာနဲ့ ပြုပ်ပြီးသားပဲ ဆား အရသာမှုန့်တို့ ထည့်ပြီးမွှေပေးပါ
- ပြီးတာနဲ့ မကျည်းမှည့်ရည် ထည့်ပေးကာ ရေခမ်းတဲ့အထိ ချက်ပေးပါ
- ရေမခမ်းခင် အရသာမြည်းပြီး လိုသလိုပြင်ကာ ပျဉ်းတော်သိမ်းရွက်အုပ်ပြီး မီးပိတ်ပေးနိုင်ပါပြီ။
တွဲဘက်စားရန်
- မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ အနေတော် စိပ်ထားပါ
- သခွားသီးကို ရေဆေးပြီး အနေတော် လှီးထားပါ။
မမမာ
ReplyDeleteစားချင်စရာလေး