Wednesday 13 October 2021

ကြာဇံချက်


ရာသီဥတုက အရမ်းအေးခဲနေတဲ့အတွက် ပူပူစပ်စပ်လေးတွေဘဲ စားချင်နေမိတော့တယ် ဒါကြောင့်မို့လို့ ဒီနေ့တော့ ကြာဇံချက်လေး ချက်ဖြစ်ပါတယ်။

ကြာဇံချက် ချက်နည်းလေး မကြာမကြာ တင်ဖြစ်တဲ့အတွက် ကြာဇံချက်ထဲ ထည့်ရမဲ့ ပါဝင်ပစ္စည်းတွေက အရင်ချက်နေကျအတိုင်း ပါဝင်ပစ္စည်းတွေက အတူတူပါဘဲ။

ဒါကြောင့်မို့လို့ ဒီနေ့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ကြာဇံချက် ချက်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကြက်ရင်ပုံသား - နှစ်ဆယ်သား
  2. ဆား -လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ကြက်သားပြုပ်ရန်)
  3. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း (ကြက်သားပြုပ်ရန်)
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (ကြက်သားပြုပ်ရန်)
  5. ကြက်ရိုး - သုံးဆယ်သားခန့်
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ကြက်ရိုးပြုပ်ရန်)
  7. ပဲကြာဇံ အခြောက် – 200 g
  8. ကြက်သွန်နီ - ခပ်သေးသေး ၅လုံး (ဟင်းရည်ထဲထည့်ရန်)
  9. ကြက်သွန်နီ - အလုံးကြီးကြီး တစ်လုံး (အချဉ်တည်ရန်)
  10. ကြက်သွန်နီ အနေတော် တစ်လုံး (ကြက်သားဆီသတ်ရန်)
  11. ကြက်သွန်ဖြူ - သုံးမွှာ (ကြက်သားဆီသတ်ရန်)
  12. ငရုတ်သီးစိမ်း - စားနိူင်သလောက် (အချဉ်တည်ရန်)
  13. သံပုရာသီး - သုံးလုံးခန့် (အချဉ်တည်ရန်)
  14. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (အချဉ်တည်ရန်)
  15. ဂေါ်ဖီ - တစ်စိတ်ခန့် (အချဉ်တည်ရန်)
  16. နံနံပင် - စားနိူင်သလောက်
  17. မှိုခြောက် – 30 gခန့်
  18. ပဲလိပ်ခြောက် – 30 g
  19. ပန်းခြောက် – 30 gခန့်
  20. နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း တစ်၀က် (ဆီသတ်ရန်)
  21. ငရုတ်သီး အရောင်တင်မှုန့် – လက်ဖက်ရည်ဇွန်း တစ်ဇွန်း (ဆီသတ်ရန်)
  22. ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်း
  23. ငါးငံပြာရည် – ထမင်းစားဇွန်း ၄ဇွန်း
  24. အချိုမှုန့် – လက်ဖက်ရည်ဇွန်း ၂ဇွန်း
  25. ဆီ – ထမင်းစားဇွန်း ၄ဇွန်း
  26. ကြက်သွန်ဖြူ  - လေးမွှာ (ဟင်းရည်အနံ့ အရသာအတွက် သုံးရန်)
  27. ငရုတ်ကောင်း - ၁၀စေ့ခန့် (ဟင်းရည်အနံ့ အရသာအတွက် သုံးရန်)

အချဉ်နှင့် တွဲဖက်စားရန်အတွက် ပြင်ဆင်ရန် 
ပါ၀င်ပစ္စည်းများ
  1. ကြက်သွန်နီကို အခွံခွာ၍ အလုံးလိုက် ရေဆေးပြီး ပါးပါးလှီးကာ ရေဆေးတစ်ထပ် ဆေးထားပါ
  2. ငရုတ်သီးစိမ်းကို ရေဆေးပြီး ပါးပါးလှီးထားပါ
  3. ဂေါ်ဖီကို ခပ်ပါးပါးလှီးပြီး ရေဆေးထားကာ အားလုံးကို ဆားနှင့် သံပုရာသီး တခြမ်းညှစ်၍ နယ်ထားပါ
  4. နံနံပင်ကို ရေဆေးပြီး အနေတော် လှီးထားပါ
  5. သံပုရာသီးကို အစိတ်လေးတွေ စိတ်ထားပါ
  6. ငရုတ်သီးအလှော်မှုန့်ကို  ပြင်ထားပါ
  7. ငါးငံပြာရည်ကို ပြင်ထားပါ

 ကြက်သားဆီသတ်ရန် ပြင်ဆင်ပုံ
  • ကြက်သားကို ရေဆေးပြီး ငါးငံပြာရည် ဆားနှင့် နနွင်းမှုန့်တို့ထည့်ကာ အရသာဝင်အောင် နယ်ပေးပါ
  • ပြီးတာနဲ့ ဇောက်နက်သော အနေတော်အိုးထဲမှာ ကြက်သားကို ရေမြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ
  • ပြုပ်ထားသော ရေခမ်းတာနဲ့ မိမိနှစ်သက်သလို အတုံးလေးတွေ တုံးထားပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီတို့ကို အခွံခွာပြီး ငရုတ်သီး အရောင်တင်မှုန့်နှင့် ညက်နေအောင် ထောင်းပေးပါ
  • ပြီးတာနဲ့ ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ငရုတ်သီးထောင်းပြီးသားကို ထည့်ပြီးဆီသတ်ပေးပါ
  • ဆီသတ်နေစဉ် မကြာမကြာ မွှေပေးပြီး ငရုတ်သီးထောင်းများ မွလာပါက ကြက်သားပြုပ်ကို ထည့်ပေးပါ
  • ဆီသတ်နံ့လေး သင်းလာပါက မီးပိတ်ထားပါ
ကြက်ရိုးပြုပ်ရန်
  • ကြက်ရိုးများကို အနေတော် ခုတ်ပိုင်းပြီး ရေဆေးပြီး ဇောက်နက်သော အိုးထဲမှာ ထည့်ပေးပါ
  • အရင်ဆုံး ကြက်ရိုးများမြုပ်အောင် ရေထည့်ပြီး ပြုပ်ပေးပါ
  • ကြက်ရိုး ပြုပ်နေစဉ် အပေါ်မှာ တက်လာသော အမြှုပ်များပို ခပ်ပြီးသွန်သွန်ပေးပါ
  • အရိုးမှ အချိုရည်များ ထွက်လောက်ပါက မီးပိတ်ထားပေးပါ
ဟင်းရည်ချက်ရန် ပြင်ဆင်ပုံ
  • ပဲကြာဇံ မှိုခြောက် ပန်းခြောက် ပဲလိပ်တို့ကို သတ်သတ်ဇလုံ တစ်လုံးစီမှာ ရေမြုပ်အောင်ထည့်ပြီး တစ်နာရီလောက် စိမ်ထားပါ
  • ရေစိမ်ချိန် ပြည့်ပါက ပဲကြာဇံ ပဲလိပ်နှင့် ပန်းခြောက်တို့ကို ရေဆေးပြီ ရေစစ်ထားပါ
  • မှိုခြောက်မှာ ကပ်နေသော သဲနှင့်ခဲများ စင်သွားအောင် ရေ ငါးထပ်လောက် ဆေးပြီးရေစစ်ထားပါ
  • ကြက်သွန်နီ အလုံးသေးများကို အခွံခွာပြီး ရေဆေးထားပါ
  • ကြက်သွန်ဖြူ သုံးမွှာကို အခွံခွာပြီး ရေဆေးကာ ငရုတ်ကောင်းနှင့် ရောထောင်းထားပါ
  • အားလုံး အဆင်သင့် ဖြစ်ပါက ကြက်ရိုးပြုပ်ရည် အိုးထဲကို ဆီသတ်ထားသော ကြက်သားများ ထည့်ပေးပါ
  • ရေကိုအနေတော် ချင့်ချိန်ထည့်ပြီး ဟင်းရည်အိုးကို ပွက်ဆူပွက်အောင် တည်ပေးပါ
  • ဟင်းရည်အိုး ပွက်ပွက်ဆူလာတာနဲ့ ကြက်သွန်နီ ပဲလိပ် မှိုခြောက် ပန်းခြောက်တို့ကို ထည့်ပေးကာ ပွက်ပွက် ဆူလာအောင် ထပ်ပြီး တည်ပေးပါ
  • ပြီးတာနဲ့ ပဲကြာဇံ ငါးငံပြာရည် ဆားနှင့် အရသာမှုန့်တို့ကို ထည့်ပြီးမွှေပေးကာ အရသာ မြည်းပေးပါ
  • အရသာကို မိမိစိတ်ကြိုက် ရလာအောင် ပြင်ပေးပြီး ထောင်းထားသော ငရုတ်ကောင်း ကြက်သွန်ဖြူထောင်းကို ခပ်ပေးပါ
  • ပြီးတာနဲ့ မီးပိတ်ပြီး ဟင်းရည်အိုးကို မီးဖိုပေါ်မှ ဖယ်ထားပေးပါ
  •  သံပုရာသီး ကြက်သွန်ချဉ် ငရုတ်သီးစိမ်း ငရုတ်သီးအလှော်မှုန့် နံနံပင်တို့နှင့် သုံးဆောင်နိူင်မည့် ကြာဇံချက် ပူပူလေး ရပါပြီ။

No comments:

Post a Comment