ဒီမုန့်လေးက မာမာတို့ ငယ်ငယ်က အိမ်မှာ ကြီးကြီး မကြာခန လုပ်ကျွေးတဲ့ မုန့်လေးပါ ကြက်သွန်ကြော်အနံ့ မြေပဲအနံ့နဲ့ နှမ်းလှော်ထောင်းတို့ရဲ့ အနံ့အရသာလေးတွေကြောင့် စားလို့အရမ်းကောင်းပါတယ်။
ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး လုပ်ထားကာ စားလို့ အရမ်းကောင်းတဲ့ ဆန်မုန့်လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ဆန်စိမ်းမှုန့် - 100 g
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- ဆီ - အနည်းငယ် ( မုန့်လုပ်ရာတွင် သုံးရန်)
- နှမ်းဖြူ - ထမင်းစားဇွန်း သုံးဇွန်းမောက်မောက်
- ဆား - ထမင်းစားဇွန်း တစ်ဇွန်း
- မြေပဲလှော် - ထမင်းစားဇွန်း ငါးဇွန်း
- ထန်းလျှက်ခဲ - နှစ်ခဲ (ပုံမှန်အရွယ်)
- ကြက်သွန်နီ - အနေတော် နှစ်လုံး
- ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး( ဆီချက် ချက်ရန်)
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် - ( ဆီချက်ချက်ရန် )
- ဆီသုတ်ရန် - brush တစ်ခု
- မကပ်သောဒယ်အိုး - တစ်အိုး
နှမ်းလှော်ဆားထောင်းလုပ်ရန်
- ဒယ်အိုးထဲမှာ နှမ်းကိုထည့်ပြီး မီးအနေတော်နဲ့ လှော်ပေးပါ
- နှမ်းလှော်နေစဉ် အကျက်ညီစေရန် မကြာမကြာ မွှေပေးပါ
- နှမ်းလှော်အားလုံး ရွှေညိုရောင်လေး သန်းလာတာနဲ့ မီးပိတ်ပြီး အအေးခံပေးပါ
- နှမ်းလှော်များ အေးသွားတာနဲ့ ဆားနှင့်ရောပြီး ထောင်းပေးပါ
- နှမ်းလှော်ထောင်းနဲ့ ဆား သမသွားနဲ့ နှမ်းလှော်ဆားထောင်းလေး ရပါပြီ။
မြေပဲလှော် ထန်းလျှက်ထောင်း ပြုလုပ်ရန်
- မြေပဲလှော်များကို အခွံချွတ်ပေးပါ
- ပြီးတာနဲ့ ငရုတ်ဆုံထဲမှာထည့်ပြီး မညက်တစ်ညက်လေး ထောင်းပေးပါ
- မြေပဲလှော် မညက်တစ်ညက် ရလာတာနဲ့ ထန်းလျှက်ခဲကိုထည့်ပြီး ထောင်းပေးပါ
- မိမိနှစ်သက်တဲ့ အနေအထားလေး ရလာပြီဆိုရင် မြေပဲလှော် ထန်းလျှက်ထောင်းလေး ရပါပြီ။
ကြက်သွန်နီ ဆီချက်ချက်ရန်
- ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
- ဒယ်အိုးထဲမှာ ဆီနှင့်နနွင်းမှုန့်ထည်ပြီး အပူပေးပါ
- ဆီပူလာတာနဲ့ လှီးထားသော ကြက်သွန်နီများကို ထည့်ကြော်ပေးပါ
- ကြက်သွန်နီများ ရွှေဝါရောင် သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ထားပါ
မုန့်လုပ်ရန်
- ဇလုံတစ်လုံးထဲမှာ ဆန်စိမ်းမှုန့် ဆားနှင့်ရေတို့ကိုထည့်ကာ အရည်ပျော်အောင် ဖျော်ပေးပါ
- ပြီးတာနဲ့ နာရီဝက်လောက် နှပ်ထားပေးပါ
- မုန့်လုပ်ရန် ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
- ဆီကိုပန်းပန်လုံး တစ်ခုထဲ ထည့်ပေးပြီး brush နှင့် အဆင်သင့် ပြင်ထားပေးပါ
- မုန့်ရည်နှပ်ထားချိန် ပြည့်တာနဲ့ မုန့်လုပ်မည့်အိုးကို မီးဖိုပေါ် တင်ပေးပါ
- မီးကို အနေတော် ဖွင့်ပေးပြီး အပူပေးပါ
- အိုးပူလာတာနဲ့ အိုးကို ဆီအနည်းငယ် သုတ်ပေးပါ
- ပြီးတာနဲ့ မုန့်နှစ်ရည်ကို ဇွန်းမှုတ်နဲ့ အားလုံးသမသွားအောင် ပြန်မွှေပေးမှ ဇွန်းမှုတ် တစ်ဝက်စာလောက်ကို ခပ်ယူကာ အိုးထဲကို ထည့်ပေးပါ
- မုန့်နှစ်ရည် ထည့်တဲ့နေရာမှာလဲ မိမိလုပ်တတ်တဲ့ ပုံစံလေး ရလာအောင် ဖြန့်ပြီးထည့်ပေးပါ
- မုန့်ရဲ့ အပေါ်ယံကျောလေး တင်းလာတာနဲ့ ဆီသုတ် brushလေးနဲ့ လိုက်သုတ်ပေးပါ
- တစ်ဖက်ကျက်ပါက တစ်ဖက်ကို လှန်ပေးပြီး အိုးရဲ့ဘေးဘက်ကို တွန်းထားပါ
- အိုးရဲ့ လွတ်နေတဲ့ နေရာမှာ အထက်ပါ နည်းအတိုင်း အိုးဆန့်သလောက် ထည့်ပေးလိုက် ကျက်သွားတဲ့ မုန့်များကို ဆယ်ပေးလိုက်နဲ့ မုန့်ရည်ကုန်တဲ့အထိ လုပ်ပေးပါ
- မုန့်လေးတွေ ကြွတ်ပြီး ရွှေဝါရောင်လေး သန်းလာပါက ဆယ်ထားပေးပါ
- မုန့်အားလုံး လုပ်ပြီးသွားပြီ ဆိုရင်တော့ ပန်းကန်ပြားထဲမှာ ထည့်ပေးပြီး မြေပဲလှော် ထန်းလျှက်ထောင်း နှမ်လှော်ဆားထောင်းနှင့် ကြက်သွန်နီကြော်တို့ကို မိမိနှစ်သက်သလောက် ထည့်ပေးပြီး စားသုံးရန် ပြင်ပေးနိူင်ပါပြီ။
No comments:
Post a Comment