ဒီနေ့တော့ ရုန်းပတေသီးလေးတွေ ဝယ်လာပြီး အရန်ဟင်း တစ်မယ်အတွက် ပြင်ဆင်ဖြစ်ခဲ့ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ရုန်းပတေသီး - အတောင့်နှစ်ဆယ်ခန့်
- ပဲငံပြာရည်အပျစ် - ထမင်းစားဇွန်း နှစ်ဇွန်း
- ခရုဆီ - ထမင်းစားဇွန်း တစ်ဇွန်း
- ပဲငံပြာရည်အကြည် - ထမက်းစားဇွန်း နှစ်ဇွန်း
- နှမ်းဆီ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- ရေ - ထမင်းစားဇွန်း ဆယ်ဇွန်း (အရသာစပ်ရန်)
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ရှစ်မွှာ
- ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း (ကြက်သွန်ဖြူ ဆီသတ်ရန်)
- ရေ - ရုန်းပတေသီးပြုပ်ရန် လိုသလောက် သုံးပေးပါ
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ (ရုန်းပတေသီးပြုပ်ရန်)
- ဆီ - ထမင်းစားဇွန်း တစ်ဇွန်း (ရုန်းပတေသီးပြုပ်ရန်)
ပြင်ဆင်ချက်ပြုပ်ပုံ
- ရုန်းပတေသီးကို ရေဆေးပြီး ရေစစ်ကာ ထိပ်ဖက်နှင့် အမြှီးပိုင်းကို ဖြတ်ပေးပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးပြီး ဓါးပြားရိုက်ပြီး ခပ်နုတ်နုတ်လေးတွေ လှီးထားပါ
- ဇလုံတစ်လုံးထဲမှာ ပဲငံပြာရည်အပျစ် ပဲငံပြာရည်အကြည် ခရုဆီ နှမ်းဆီ အရသာမှုန့်နှင့် ရေတို့ကိုထည့်ပြီး သမအောင် မွှေထားပါ
- အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇောက်နက်သော အနေတော် အိုးထဲမှာ ရေ ဆားနှင့်ဆီတို့ထည့်ကာ ပွက်ပွက်ဆူအောက် တည်ပေးပါ
- ရေပွက်ပွက် ဆူလာတာနဲ့ ရုန်းပတေသီးကို တစ်မိနစ်ခွဲလောက် ပြုပ်ပေးပါ
- ပြီးတာနဲ့ ပြုပ်ထားတဲ့ ရေများကို သွန်ပေးပြီး ရေအေးနှင့် သုံထပ်လောက် ဆေးပေးကာ ရေစစ်ထားပါ
- ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
- ဆီပူလာတာနဲ့ နုတ်နုတ်စင်းထားသော ကြက်သွန်ဖြူကို ထည့်မွှေပေးပါ
- ကြက်သွန်ဖြူ အနည်းငယ် နူးလာတာနဲ့ အရသာ စပ်ထားသော အရည်များကို ထည့်မွှေပေးပါ
- အရသာ အရည်များ ပွက်ပွက်ဆူလာတာနဲ့ မီးပိတ်ပေးကာ ရေစစ်ထားသော ရုန်းပတေသီးကို ထည့်မွှေပေးပါ
- ပြီးတာနဲ့ ချက်ချင်းဘဲ ဟင်းပွဲပြင်ရန် ပန်းကန်ထဲကို ပြောင်းထည့်ပေပြီးပါက ရုန်းပတေသီးနှပ် ပူပူလေးကို စားသုံးနိူင်ပါပြီ။
No comments:
Post a Comment