ဒီနေ့တော့ မာမာတစ်ယောက် ဈေးသွားရင်းက ဇလားဗီးယားငါးလေးတွေ ဝယ်လာခဲ့တာနဲ့ ငါးကြော်ကြွတ်ကြွတ်လေးတွေ ကြော်ဖြစ်ပါတယ်။
တစ်ကောင်ကိုတော့ ကြက်သွန်နီကြော်လေးဖြူးပြီး တစ်ကောင်ကိုတော့ ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းတို့နဲ့ ကြော်ပြီးနှပ်ပါတယ်။
ဒါကြောင့်မို့လို့ ငါးကြော်ကို ဒီအတိုင်း စားမဲ့အစား ကြက်သွန်နီကြော် မွှေးမွှေးလေးနဲ့ စားရတာ အရသာ ပိုကောင်းစေတဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ဇလားဗီးယား - တစ်ကောင်
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် (ငါးအရသာနယ်ရန်)
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (ကြက်သွန်နီကြော်ရန်)
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (ငါးကြော်မည့်ဆီထဲထည့်ရန်)
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ချင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ကြက်သွန်ဖြူမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ကြက်သွန်နီ - ခပ်ကြီးကြီး တစ်လုံး
- ဆီ - လိုသလောက် သုံးပေးပါ
ကြက်သွန်နီကြော်ပုံ
- ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးပါ
- ပြီးတာနဲ့ ကြက်သန်နီကို ထက်ဝက်ခြမ်းပြီး ခပ်ပါးပါးလေးတွေ လှီးပေးပါ
- ဒယ်အိုးထဲမှာ ဆီနှင့်နနွင်းမှုန့်ထည့်ပြီး အပူပေးပါ
- ဆီပူလာတာနဲ့ လှီးထားသော ကြက်သွန်နီကို ထည့်ကြော်ပေးပါ
- ကြက်သွန်များ ကြော်နေစဉ် အကျက်ညီစေရန် မကြာမကြာ မွှေပေးပါ
- ကြက်သွန်များ နီရောင်လေး သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ထားပါ
ပြင်ဆင်ချက်ပြုပ်ပုံ
- အရင်ဆုံး ငါးကိုမလိုတာတွေဖယ်ပြီး သန့်ရှင်းပေးကာ ရေစင်အောင် ဆေးပေးပါ
- ငါးကိုရေဆေးပြီးတာနဲ့ ငါးတစ်ကောင်လုံးကို အရသာ ဝင်စေရန်နှင့် ကြော်တဲ့အခါ ငါးအသားအထဲထိ ကျက်စေရန် ပုံပါအတိုင်း ခပ်စောင်းစောင်းလေးတွေ မွှန်းပေးပါ
- ဇလုံထဲမှာ ငါး နနွင်းမှုန့် ဆား အရသာမှုန့် ချင်းမှုန့် ကြက်သွန်ဖြူမှုန့်တို့ထည့်ကာ အရသာဝင်အောင် နယ်ပေးပါ
- ငါးကို အကောင်လိုက် ကြော်မှာဖြစ်တဲ့အတွက် ဒယ်အိုးကြီးကြီးထဲမှာ ဆီခပ်များများလေး ထည့်ပြီး အပူပေးပါ
- ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ပေးကာ အရသာ နယ်ထားသောငါးကို ထည့်ပေးပါ
- ငါးထည့်ပြီးတာနဲ့ မီးကိုအနေတေ ာ် လျှော့ပေးပြီးမှ ကြော်ပေးပါ
- ကြော်ထားသောငါး တစ်ဖက်ကျက်မှ တစ်ဖက်ကို လှန်ပေးပြီး ကြော်ပေးပါ
- ငါးတစ်ကောင်လုံး ကျက်ပါက ဆယ်ပြီးဆီစစ်ပေးထားပါ
- ဆီစသ်ထားသော ငါးကြော်ကို ပန်းကန်ပြားထဲမှာ ထည့်ပေးပါ
- ထိုငါးကြော်အပေါ်မှ ကြော်ထားသော ကြက်သွန်နီကြော်များကို ဖြူးပေးပြီးပါက စားသုံးရန် အဆင်သင့် ရပါပြီ။
No comments:
Post a Comment