ဒီနေ့တော့ ရာသီဥတုလေးကလဲ အေးလာပါပြီ ဒါကြောင့်မို့လို့ ထမင်းကြော်ကို အရသာ တစ်မျိုးပြောင်းပြီး စားချင်တာနဲ့ ယိုးဒယား ထမင်းကြော် မွှေးမွှေးလေး ကြော်ဖြစ်သွားပါတယ်။
ကြော်ပြီးပြီးချင်း ပူပူလူလူလေး စားလိုက်တာ အရသာ အရမ်းကောင်းတာနဲ့ မာမာပြင်ဆင်ပြီး ကြော်ဖြစ်တဲ့နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- Jasmine Rice - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
- ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး (ထမင်းချက်ရန်)
- ဘဲဥ (သို့မဟုတ်) ကြက်ဥ - တစ်လုံး
- ကြက်ရင်ပုံသား - ခပ်ပါးပါး လှီးပြီးသား ၁၅ခုခန့်
- ကြက်သွန်နီ - တစ်ခြမ်း
- ကြက်သွန်ဖြူ အမွှာကြီးကြီး တစ်မွှာ
- ပဲတောင့်ရှည် - ငါးတာင့်ခန့်
- မုံလာဥနီ - အနေတော် တစ်ဥ
- ကိုက်လန် - တစ်ပင်
- ပဲငံပြာရည်အကြည် - စားပွဲတင်ဇွန်း တစ်ဇွန်း
- ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တစ်ဝက်
- ခရုဆီ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဝက်
- ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ဆီ - ထမင်းစားဇွန်း သုံးဇွန်း
ပြင်ဆင်ပုံ
- ဆန်ကိုရေဆေးပြီး ရေနှင့်အတူ ထမင်းပေါင်းအိုးထဲမှာ ထည့်ပေးပြီး ခလုတ်နှိပ်ကာ ချက်ပေးပါ
- ထမင်းကျက်တာနဲ့ အအေးခံပြီး ထမင်းများကို ဖွထားပါ
- ကြက်ရင်ပုံသားကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထားပါ
- ကိုက်လံကို အပင်လိုက် ရေဆေးပြီး အနေတော် လှီးထားပါ
- ပဲသီးကို ရေဆေးပြီး ခပ်နုတ်နုတ်လေးတွေ လှီးထားပါ
- မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ မိမိနှစ်သက်သလို လှီးထားပါ
- ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
- ဇလုံတစ်လုံးထဲမှာ ဘဲဥ သို့မဟုတ် ကြက်ဥကို ဖောက်ထည့်ပြီး ခလောက်ထားပါ
- ပါဝင်ပစ္စည်းများကို ပြင်ထားပါ
- အားလုံးအဆင်သင့် ဖြစ်ပါက ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
- ဆီပူလာပါက ကြက်သွန်နှစ်မျိုးလုံးကို ထည့်ကြော်ပေးပါ
- ကြက်သွန်နံ့လေး သင်းလာတာနဲ့ ကြက်သားကို ထည့်ကြော်ပေးပါ
- ကြက်သားကျက်လာတာနဲ့ ခလောက်ထားသော ဘဲဥ သို့မဟုတ် ကြက်ဥကို ထည့်ပြီး မွှေပေးပါ
- ကြက်သားနှင့် ကြက်ဥကြော် ကျက်လာပါက ဒယ်အိုးဘေးမှာ ခနတွန်းထာပြီး မုံလာဥနီ ပဲသီးနှင့် ကိုက်လန်တို့ကို ထည့်မွှေပေးပါ
- သုံးမိနစ်လောက် မွှေပြီးတာနဲ့ ထမင်းနှင့် အရသာများကို ထည့်မွှေပေးပါ
- ပြီးတာနဲ့ ဆားနှင့် ငရုတ်ကောင်းမှုန့် ထည့်မွှေပေးကာ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ ယိုးဒယား ကြက်သားထမင်းကြော်ကို မိမိနှစ်သက်သလို ပုံဖော်ပေးပြီး ပန်းကန်ပြားထဲထည့်ကာ စားသုံးရန် ပြင်ပေးနိုင်ပါပြီ။
မှတ်ချက် ။။ အရသာမှုန့်ကို မိမိနှစ်သက်သော အချိုမှုန့် ကြက်သားမှုန့် အသီးအရွက် အရသာမှုန့် အစရှိသည်တို့ကို အစားထိုးပြီး သုံးပေးပါ။
No comments:
Post a Comment